အဒိုနီရမ်ဂျပ်ဆင် (Adoniram Judson)

(Adoniram Judson) ၏ဘဝအသက်တာမှသင်ယူမှတ်သားအတုယူဖွယ်များ မြန်မာနိုင်ငံအတွက် ကြီးမြတ်လှစွာသော ကောင်းချီးမင်္ဂလာတစ်ပါးဖြစ်သော ကနဦးနှစ်ခြင်းခရစ...

(Adoniram Judson) ၏ဘဝအသက်တာမှသင်ယူမှတ်သားအတုယူဖွယ်များ

မြန်မာနိုင်ငံအတွက် ကြီးမြတ်လှစွာသော ကောင်းချီးမင်္ဂလာတစ်ပါးဖြစ်သော ကနဦးနှစ်ခြင်းခရစ်ယာန် သာသနာပြုဆရာကြီး အဒိုနီရမ်ဂျပ်ဆင် (ခေါ်) ဆရာကြီးယုဒဿန်၏ အသက်တာသည် မြန်မာနိုင်ငံရှိ နှစ်ခြင်းအသင်းသားများသာမက လူများစွာလေ့လာသင်ယူမှတ်သား အတူယူဖွယ်ကောင်းလှပါသည်။ "

လွန်လေပြီးသော အနှစ်နှစ်ရာနီးပါးခန့်က မြန်မာ့ရေမြေကို နားလည်မှုအပြည့်အဝဖြင့် ရေခံမြေခံသဘောတရားကို ထပ်တူထပ်မျှ ရင်းနှီး ကျွမ်းဝင်ပြီး လုံးမေ့မပစ်နိုင်၊ မခွာရက်ဘဲ အသက်ပေး၍ ခရစ်ယာန်သာသနာပြုခဲ့သော

ဆရာကြီး၏ဘဝအသက်တာသည် ရသစုံလင်လှ၍ စိတ်ဝင်စားဖွယ်ရာလည်း ကောင်းလှပါသည်။

ထိုစဉ်အခါက ဆရာကြီးသည် မွေးရပ်ဌာနေဖြစ်သော ကမ္ဘာ့ အနောက်ခြမ်းမှ အရှေ့ဘက်ဆီသို့ စွန့်စားမှုအပြည့်အဝဖြင့်လည်းကောင်း၊ ဘုရားသခင်၏အမှုတော်မြတ်ကို နာခံထမ်းရွက်လိုသည့် ဆန္ဒအပြည့်အဝဖြင့်လည်းကောင်း၊ အကြွင်းမဲ့ပေးဆပ်ရန် အဆင်သင့်ရှိခဲ့သည်။ မမြင်ရ သေးဘဲ မှန်းဆမရနိုင်သော အနာဂတ်အတွက် ပျိုမြစ်လှပသန်စွမ်းသော ဇနီးမောင်နှံ၏ ရင်းနှီးမြုပ်နှံမှုများသည် ရှာဖွေသိရှိလာရလေလေ အံ့မခန်း ဖြစ်ရလေလေဖြစ်သည်။

ဆရာကြီးယုဒဿန်၏ ခရစ်ယာန်သာသနာခြေရာများသည် သနားစဖွယ်၊ လွမ်းမောစရာ၊ ရင်နင့်စရာများနှင့် ပြည့်နှက်နေသလိုလိုနှင့် တစ်ဘက်ကကြည့်ပါကလည်းအားတက်စရာ၊ ဂုဏ်ယူဝမ်းမြောက်စရာ၊ အားကျအတူယူစရာ၊နှစ်ထောင်းအားရလျက် ဖန်ဆင်းရှင်အတွက် ကယ်တင်ရှင်ဘုရားသခင်အတွက် ဆရာကြီး၏ပေးဆပ်မှုအသက်တာဘဝသည် ရှုထောင့်အမျိုးမျိုးမှ လေ့လာသိရှိစရာ များလှပါသည်။

ဆရာကြီး၏အသက်တာကို လေ့လာပြီးဂုဏ်ယူလျက်ရေးသားမှတ်တမ်းတင်သူအများ ရှိသကဲ့သို့ ဆရာကြီးကိုယ်တိုင်မှစ၍ မိသားစုဝင်များ ၏ အသေးစိတ်၊ အတွင်းကျကျ မှတ်တမ်းများလည်း ရှိသဖြင့် အချိန်ယူဖတ်ရှုမှတ်သားခွန်အားယူသင့်လှပါသည်။

ဆရာကြီးကိုယ်တိုင်ကလည်း သူ၏ဘဝအသက်တာ၌ အရေးပါသော ဘဝမှတ်တိုင်များကို နေ့စွဲနှင့်တကွအဖြစ်အပျက်များကို တိကျစွာ မှတ်တမ်းပြုထားမှုများသည်လည်း အထူးမှတ်သားစရာ ကောင်းလှပါသည်။ ဆရာကြီးကိုယ်ပိုင်မှတ်တမ်းကို အခြေခံလျက် သားငယ်ကလည်း ဆရာကြီး၏ အသက်တာကို စာအုပ်တစ်အုပ်ရေးသားပြုစုခဲ့သည်။

ဆရာကြီးသည် သြဂုတ်လ (၉)ရက်၊ ၁၇၈၈ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်၊ မော်လဒန်မြို့တွင်မွေးဖွားခဲ့ပြီး ၁၈၁၃ ခုနှစ်၊ ဇူလိုင် (၁၃)ရက်နေ့ တွင် မြန်မာပြည်သို့ ရောက်ရှိလာခဲ့ပါသည်။ ၁၈၁၃ ခုနှစ်မှ ၁၈၅၀ အထိ (၃၇) နှစ်တာကလ၊ ဘဝအသက်တာ ကုန်ဆုံးလူ နီးသည် အထိ မြန်မာနိုင်ငံ၏ နှစ်ခြင်းခရစ်ယာန်သာသနာအတွက် အသက်တာတစ်ခုလုံးကို ရင်းနှီးပေးဆပ် အပ်နှံခဲ့ပါသည်။

မြန်မာပြည်အတွက် ရှေးဦးနှစ်ခြင်းခရစ်ယာန်သာသာနာပြုကြီးတစ်ဦးဖြစ်သည်သာမက ဘုရားသခင်ပေးသနား၊ အပ်နှံထားသည့် ဝိညာဉ် ဆုကျေးဇူးများစွာ ခံရသည်နှင့်အညီ ဉာဏ်ပညာလည်းထက်မြက်လှသည့်အတွက် မြန်မာသဒ္ဒါကျမ်းကိုပြုစုခြင်း၊ ကျမ်းစာတော်မြတ်ကို မြန်မာ ဘာသာဖြင့် တစ်အုပ်လုံးပြီးစီးသည်အထိ ဘာသာပြန်ဆိုခြင်း၊ အင်္ဂလိပ်-မြန်မာ အဘိဓါန်ကို စုံလင်စွာပြုစုခြင်း၊ ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲမဖြစ်မီ နှစ်နိုင်ငံအကြားစကားပြန်အဖြစ် ဆောင်ရွက်ပေးခြင်း၊ နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးရရန် အထူးကြိုးပမ်းဆောင်ရွက်ပေးခြင်း၊ မြန်မာနိုင်ငံအတွက် နှစ်ခြင်းအသင်းတော်များတည်ထောင်ပေးခြင်း စသည်ဖြင့် များပြားလှစွာသော ကျေးဇူးကို မြန်မာပြည်အတွက်ပြုခဲ့ပါသည်။

ဆရာကြီး၏ကလေးဘဝ

ဉာဏ်ရည်ထူးချွန်ထက်မြက်လှသော ကလေးဖြစ်ခဲ့သည်။ နူးညံ့သိမ်မွေ့သော မိခင်နှင့် တည်ကြည်သော ဖခင်မှ မွေးဖွားလာပါသည်။ သားဦးဖြစ်ပြီးထူးခြားတောက်ပသော အမှတ်လက္ခဏာများ ရှိသည်ကို မြင်၍ ဖခင်ဖြစ်သူက အထူးဝမ်းမြောက်ခဲ့ရပါသည်။ ဘုရားသခင်နှင့်ရင်းနှီး ကျွမ်းဝင်မှုကို ဖခင်ထံမှ အမွေခံရပါသည်။ နွေးထွေးမှု၊ လုံခြုံမှု၊ မေတ္တာ၊ သန့်ရှင်းစင်ကြယ်မှုများကို မိခင်ထံမှ များစွာခံယူရရှိခဲ့ပြီး သင်ယူ တတ်မြောက်ခဲ့ပါသည်။ သုံးနှစ်အရွယ်ကတည်းက ကျမ်းစာတစ်ခန်းလုံးကို ဖခင်အားဖတ်ပြခဲ့သဖြင့် ဖခင်ကြီးကို အံ့သြစေခဲ့ပါသည်။

" တစ်နေ့မှာ မင်းလူကြီးလူကောင်း ဖြစ်လာလိမ့်မယ်”ဟူသော ဖခင်ကြီး၏ နှစ်ထောင်းအားရဖွယ် မှတ်ချက်သည် သားအတွက် ခိုင်ခံ့သောအာမခံချက်တစ်ရပ်၊ သန္နိဌါန်တစ်ခုလို စွဲမြဲစေခဲ့ပါသည်။ လေးနှစ်သားအရွယ်တွင် အိမ်နီးချင်းကလေးများနှင့် ဆော့ကစားရာ၌လည်း အမြဲတမ်း သင်းအုပ်ဆရာနေရာ၌ တရားဟောခဲ့ပါသည်။ သူအနှစ်သက်ဆုံးဓမ္မသီချင်းမှာလည်း ဧဝံဂေလိသတင်းကောင်း၊ မဟာအမှုတော်မြတ် အကြောင်း ဖြစ်ပါသည်။ ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်သူ၊ ဂရိနှင့်လက်တင်ဘာသာနှစ်မျိုးစလုံးကိုကျွမ်းကျင်ပိုင်နိုင်သူ၊ သင်္ချာအလွန်ထူးချွန်သူ၊ စာပေ၊ သမိုင်း၊ ယုတ္တိဗေဒများ၌လည်း အထူးထက်မြက်သူ ဖြစ်ပါသည်။ လက်လှမ်းမီသမျှစာများအားလုံးကို ဖတ်ရှူပြီး ပြဇာတ်များကိုလည်း လေ့လာ ဖတ်ရှူပါသည်။

ဆယ်နှစ်သားအရွယ်ကပင် ပင်လယ်ရေကြောင်း ခရီးသွားသင်ခန်းစာကို တက်ရောက်သင်ကြားသူဖြစ်ပါသည်။ ငယ်စဉ်ကတည်းကစ၍ ဆုံးဖြတ်ချက်ခိုင်မာပြီး သေသည်အထိ တည်ကြည်သောသူဖြစ်သည်။ ညီမဖြစ်သူက သူ့ကိုအလွန်လေးစားသည်။

သို့ သော် ဘဝတစ်ကွေ့တွင် စုံစမ်းခြင်းခံခဲ့ဖူးပါသည်။ တက္ကသိုလ်သိကျွမ်းရပြီး အလွန်ရင်းနှီးသော မိတ်ဆွေ Jacob Eames ကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်းတစ်မျိုးတစ်မည် ဖြစ်ခဲ့ရဖူးသည်။ဘုရားသခင်ကို ဖန်ဆင်းရှင်အဖြစ် ယုံကြည်သော်လည်း အကန့် အသတ်နှင့်သာ ယုံကြည်ခြင်းမျိုးဖြစ်သည်။ အကြွင်းမဲ့ယုံကြည်ခြင်းမဟုတ်ခဲ့ပေ။

အသက်(၁၉)နှစ်တွင် ဘရောင်းတက္ကသိုလ်မှ ဘွဲ့ရပြီး ကျောင်းဆင်းပွဲ၌ စကားပြောဆိုခွင့်ရရှိသူ ဖြစ်ခဲ့သည်။ ထို့နောက် ကျောင်းတစ် ကျောင်းဖွင့်လှစ်ခဲ့ပြီး ကျောင်းသုံးအင်္ဂလိပ်သဒ္ဒါနှင့် သင်္ချာစာအုပ်တို့ ကိုရေးသားပြုစုခဲ့သည်။ ထို့နောက် ကျောင်းကိုပိတ်လိုက်ပြီး မိုင်(၁၅၀)ကွာဝေး သည့် ခရီးကိုထွက်ခဲ့သည်။ သူ၏အတွေးအခေါ် အကြံဉာဏ်များနှင့်ခံစားချက်များကို မိဘများရိပ်စားမိခဲ့ပြီး နာကျင်ခံစားခဲ့ကြရသည်။ သူသည်လမ်းလွဲခဲ့ပြီး ရှဖီးလ်မှ နယူးယော့မြို့ကြီးသို့ ခြေချကာ တည်းခိုးခန်းမပေးဘဲ တစ်နေရာပြီးတစ်နေရာ ဝင်ထွက်သွားလာသည်။

တစ်ဖန် ရှဖီးသို့ ပြန်လာသောအခါ၌လည်း ဦးလေးဖြစ်သူက အဝေးသို့ ရောက်ရှိနေသောကြောင့် ဦးလေးနေရာ၌ အစားဝင်နေသော လူငယ်ဓမ္မဆရာသည် ယုဒဿန်၏ စိတ်နှလုံးကို တို့ထိခဲ့သည်။ ထို့ ဓမ္မဆရာ၏ နွေးထွေးမှု၊ စိတ်အားထက်သန်မှုတို့မှ အေးဆေးငြိမ်သက်မှု၊ တည်ငြိမ်မှုတို့ ကို တွေ့နေရပြီး ယုဒဿကိုယ်၌ တည်ငြိမ်မှု မရှိကြောင်း သူ့ကိုယ်သူတွေ့ခဲ့ရသည်။

အံ့ဩဖွယ်ရာ ဘုရားသခင်၏ ပြင်ဆင်မှုမှာ သူ၏ယုံကြည်ခြင်းကို တိမ်းစောင်းစေခဲ့သူကော့အိမ်းစ်၏ ဘဝဆုံးခန်းသည်ပင်လျှင် သူ၏ ယုံကြည်ခြင်းကို လမ်းမှန်သို့ တစ်ဖန်ပြန်ပို့ဆောင်ခဲ့ပါသည်။ ဈေးကော့အိမ်းစ်၏ သေခါနီးငြိမ်သက်ခြင်းအလျဉ်းမရှိ၊ ညည်းတွားအော်ဟစ်နေရခြင်း၊ သေလုမျောပါးအခြေနေတွင် ဘုရားသခင်ကို တမ်းတနေရခြင်းသည် သူ၏ စိတ်ကို ရှုပ်ထွေးစေခဲ့သည်။ ဘုရားသခင်မဲ့ဝါဒီတစ်ဦး၏ နေဝင်ချိန်သည် အကျည်းတန် ခံစားနာကျင်ရလွန်းသည်ကို သူအသေချာတွေ့လိုက်ရသောကြောင့်ဖြစ်ပါသည်။

ဘဝသစ်

အင်ဒိုဗာကျမ်းစာကျောင်းတွင် တက်ရောက်ခွင့်ရခဲ့သည်။ ထိုအချိန်ကသူသည် ယုံကြည်သူမဖြစ်သေးကြောင်းဝန်ခံခဲ့သည်။စိတ်ဝင်စားမှုနှင့် ဝန်လေးတွန့် ဆုတ်မှု နှစ်ခုကြားဝေခွဲမရနိုင်ဖြစ်ခဲ့သည်။ အင်ဒိုဗာကျမ်းစာကျောင်းတွင် ဝင်ခွင့်ရခဲ့ပြီးနောက် ခရစ်တော်ထံသို့ အသက်တာကို အပ်နှံခဲ့သည်။ အသက်တာပြောင်းလဲခြင်းနှင့်အမှုတော်မြတ်အတွက် အပ်နှံခြင်းတို့ သည် တပြိုက်နက်နီးပါးဖြစ်ခဲ့သည်။ အမှုတော်ဆောင်ဖြစ်ရန် အတွက် ခရစ်ယာန်ဖြစ်ခဲ့ပြီး မကြာမီ ခရစ်ယာန်သာသနာပြုဖြစ်လာရန်အထိ ဖြည့်စွက်ခဲ့သည်။ Dr. Buchanan ၏ တရားဟောချက် "အရှေ့ တိုင်းမှ ကြယ်”၊ ရှဝပ်၏ ခရစ်ယာန်သာသနာပြုလုပ်ငန်းများသည် သူ၏စိတ်ဝိညာဉ်ကို မီးတောက်စေခဲ့သည်။ ယုဒဿန်နှင့် အခြားအဖော် လေးယောက်တို့ သည် ခရစ်ယာန်သာသနာပြုအသင်းတစ်ခုဖွဲ့စည်းခဲ့သည်။ ကောလိပ်ကျောင်းအနီး၊ ကောက်ရိုးပုံတစ်ခုအနားတွင် နိုင်ငံခြား ခရစ်ယာန်သာသနာများ အတွက် မိမိတို့ ကိုယ်ကိုအပ်နှံလိုက်ကြသည်။

ယုဒဿန်သည် အတားအဆီး၊ အတိုက်ခံများစွာကို ရင်ဆိုင်ကျော်လွှားခဲ့ရပါသည်။ ဘရောင်းတက္ကသိုလ်မှ ရာထူးကြီးကို ကမ်းလှမ်းခံရပါ သည်။ ပလိုင်းမောက်အသင်းတော်တွင် လုပ်ဖော်ဆောင်ဖက်ဖြစ်ရန် ကမ်းလှမ်းမှုရခဲ့ပါသည်။ ဤအရာများကို ကြားရသောအခါ မိခင်ဖြစ်သူက “ ဒါဆို ရင် မင်းအိမ်နဲ့ အရမ်းနီးနီးလေးမှာနေရမှာ” ဟုပြောခဲ့သည်။ သို့ သော် သူပြန်လည်တုံ့ပြန်ခဲ့သည်မှာ " ကျွန်တော်ဘော်စတွန်မှာ ဘယ်တော့မှနေမှာမဟုတ်ဘူး၊ ကျွန်တော်ဒါထက် ဝေးတဲ့နေရာကိုသွားဖို့ ရှိတယ်” ဟုပြောခဲ့သည်။ သူ့ ဖခင်၏ အစီစဉ်များမှာလည်း ပျက်ခဲ့ရသည်။ အမေနှင့်ညီမများက နိုင်ငံရပ်ခြားခရစ်ယာန်သာသနာပြု မသွားဖြစ်ရန် တားဆီးခဲ့ကြသည်။ သူ၏ဘဝခရီးရော ခရစ်ယာန်သာသနာပြုခရီးအတွက်ပါ အဖော်အဖြစ် ပြင်ဆင်ပေးသူမှာ အင်းန်ဟက်စယ်တိုင်း ဖြစ်သည်။

သူမသည် သူမ၏ ခေတ်အခါတွင် စွမ်းစွမ်းတမံလုပ်ဆောင်မှုများကြောင့် မှတ်သားဖွယ်ရာအကောင်းဆုံး အမျိုးသမီးထဲက တစ်ယောက်ဖြစ် ခဲ့ပါသည်။ ၁၇၈၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်နေ့တွင် မွေးဖွားခဲ့ပြီး အသက် (၁၆)နှစ်တွင် ခရစ်တော်ကို ယုံကြည်သက်ဝင်ခဲ့သည်။ ထိုအချိန်တွင်း အများသူငါ့ကို ဆန့်ကျင်၍ နိုင်ငံရပ်ခြားခရစ်ယာန်သာသနာပြုတစ်ယောက်ဖြစ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။

၁၈၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် Judson ကမိဘများကိုခွင့်ပန်ကာ ဖေဖော်ဝါရီလ (၅)ရက်နေ့၌ Ann နှင့် မင်္ဂလာဆောင် နှင်းပြီး နောက်တစ်နေ့တွင် ဆက်လမ်မြို့၌ သိက္ခာတင်ခြင်းခံယူကာ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ တွင် သူ၏ သတို့ သမီးနှင့်အတူ ကာလကတ္တား သို့ ထွက်ခွာမည့် ကာရဗန်သင်္ဘောကြီးပေါ်သို့ တက်ရောက် စီးနင်းလိုက်ပါသွားခဲ့သည်။

အိန္ဒိယသို့ ထွက်ခွာမည့် ရေကြောင်းခရီးလမ်းမှာ လေးလကြာမြင့်ခဲ့ပြီး ထိုခရီးစဉ် ကာလအတွင်း ကျမ်းစာကိုလေ့လာကြရာမှ နှစ်ခြင်း အသင်းသားများ၏ ယုံကြည်ခြင်းကို လက်ခံရန် ဆုံးဖြတ်လိုက်ကြသည်။ နှစ်ခြင်းမင်္ဂလာခံယူခြင်းမတိုင်မီ ယုံကြည်ခြင်းက အလျင် လာရမည်ဖြစ်ပြီး နှစ်ခြင်းမင်္ဂလာသည် လေးနက်စွာ နစ်မြုပ်မှုဖြစ်သည်။ ဤကဲ့သို့ ဆုံးဖြတ်ခြင်းသည် အလွန်းကြီးလေးစား ရုန်းကန်ရပြီး ယခင်က သင်ယူ လေ့ကျင့် ထားခြင်းများကို အကုန်လုံးခွာချခြင်းဖြစ်ပြီး၊ ၎င်းတို့ ကိုစေလွှတ်လိုက်သော ဘုတ်အဖွဲ့ များကို စွန့်လွှတ်လိုက်ရခြင်းကဲ့သို့ ပြောင်းလဲပစ်လိုက်ရခြင်း ဖြစ်သည်။ ထိုအချိန်အခါက နှစ်ခြင်းဘုတ်အဖွဲ့ မရှိသေးပေ။ ၎င်း၏ ခြေလှမ်းမှာ ကြီးစွာသော ယုံကြည်ချက်၏ ခြေတစ်လှမ်းဖြစ်ပြီး လေးနက်ခိုင်မာ ခြင်း ဖြစ်ပါသည်။

စက်တင်ဘာလ (၆)ရက် ၁၈၁၂ ခုနှစ်တွင် ယုဒဿန် ဇနီးမောင်နှံသည် ကာလကတ္တားတွင် သိက္ခာတော်ရဝီလီယံဝပ်ဒ် အားဖြင့် နှစ်ခြင်းမင်္ဂလာခံယူခဲ့ကြပါသည်။ ဤပြောင်းလဲမှုသတင်းသည် အမေရိကသို့ ရောက်ရှိသွားသောအခါ နှစ်ခြင်းအသင်းသားများကို နိုးထသက်ဝင် လှုပ်ရှားစေခဲ့ပြီး အမေရိကန်နှစ်ခြင်း ခရစ်ယာန်သာသနာသမဂ္ဂကို ဖွဲ့စည်းလိုက်ကြသည်။ *

အိန္ဒိယတွင် အရှေ့ အိန္ဒိယကုမ္ပဏီကလည်း သူတို့ ၏ ပိုင်နက်အတွင်းနေရာအနှံ့အပြားတွင် အခြေချရန်ကြိုးစားသည်နှင့် သူတို့ ကို အတင်းကျပ် ထွက်ခွာသွားစေခဲ့သည်။ နောက်ဆုံးတွင် တစ်ခုတည်း ဖွင့်နေသောတံခါးမှာ မြန်မာပြည်၊ ရန်ကုန်မြို့ သို့ ၁၈၁၃ ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့ တွင် ဆိုက်ရောက်လာခြင်းပင်ဖြစ်ပါသည်။ ။

ခရစ်ယာန်သာသနာပြုခရီးစဉ်၏ ပထမ (၁၀)နှစ်တာကာလမှာ ရန်ကုန်တွင် မြန်မာဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်ရန် အပတ်တကုတ် ကြိုးစားရခြင်းပင်ဖြစ်ပါသည်။ သဒ္ဒါစာအုပ်မရှိ၊ အဘိဓါန်ကျမ်းမရှိ၊ အင်္ဂလိပ်စကားပြောတတ်သော ဆရာမရှိပါလျက် တတ်မြောက်အောင် ကြိုးပမ်း အားထုတ်ခဲ့ကြရပြီး ထူးချွန်လှစွာဖြင့် နောက်ထပ် (၃)နှစ်တိတိတွင် ယုဒဿန်ကိုယ်တိုင်ပြုစုသော မြန်မာသဒ္ဒါကို ပြုစုပြီးစီးခဲ့ပါသည်။ ၁၈၁၇ ခုနှစ်၊ မေလ (၂၀) ရက်နေ့ တွင် ရှင်မဿဲခရစ်ဝင်ကျမ်းကို ဘာသာပြန်ပြီးစီးခဲ့ပါသည်။ လက်ကမ်းဝေစာများကို ရေသားခဲ့သည်။ ကျမ်းစာတော်မြတ်၌ တရားမှန်ကန်မှုများကို ရှင်းလင်းပြတ်သားစွာ ရေးသားခဲ့ပါသည်။ ထို့ နောက် သူ၏ ပထမဦးဆုံး လေးနက်သော စုံစမ်းမေးမြန်သူများကို ရရှိလာ စေသည်။ သူ၏တရားဟောချက်ကိုကြားနာရသောသူများ၏ ချီးကျူးခြင်းများကို ခံယူရရှိသည်။ ၁၈၁၉ ခုနှစ်၊ ဧပြီ (၄)ရက်နေ့တွင် ပထမဦးဆုံး ပြောင်းလဲလာသော မြန်မာနိုင်ငံသားဖြစ်သူ ဦးနောကို နှစ်ခြင်းမင်္ဂလာပေးခဲ့ရသည်။ကာလကြာစွာ သင်ယူကြားနာရသူများသည် ဆရာကြီး၏ နောက်သို့ လိုက်လာပြီး ယုံကြည်သက်ဝင်လာကြကာ ယုံကြည်သူများနှင့်ဖွဲ့စည်းထားသော ဝမ်းမြောက်ဖွယ်ရာ အစုအဝေး ခရစ်ယာန်သာသနာ ဖြစ်လာပါသည်။ ။

သို့သော် အမြဲတမ်း စိုပြေသာယာ မျက်နှာသာရနေသည်တော့မဟုတ်ပါ။ ရန်ကုန်မြို့တော်ဝန်က ယုဒဿန်ကို အင်းဝရှိ ပြည့်ရှင်မင်းကြီးထံ သို့ သွားရောက်မဖူးမြော်သရွေ့ အမြဲတမ်း အနှောင့်ယှက်ပေးနေသည်။ ထို့ ကြောင့် ခရစ်ယာန် သာသနာပြုခွင့်ကို အသနားခံတောင်းလျှောက်သော အခါ၌လည်း အချည်းနှီးသာဖြစ်သည်။ စိတ်ပျက်လှစွာဖြင့် အိမ်ပြန်လာခဲ့သည်။ အင်္ဂလိပ်နယ်မြေအတွင်းသို့ ရွှေ့ပြောင်းရန်ကြံစည်သော်လည်း ဒေသခံအသင်းတော်ကလေးကလည်း အတိုက်အခံပြုပြီး မပြောင်းရွှေ့ရန် တောင်းပန်ကြသည်။ ၁၈၂၂ ခုနှစ်တွင် အင်းဝရှိ ပြည့်ရှင်မင်းမြတ်ကို နောက်ထပ်သွားရောက် ဖူးမြော်တောင်းလျှောက်ရာ၌ မျက်နှာသာခံစားရရှိခဲ့ပြီး မြို့တော်တွင်နေရာရရှိခဲ့သည်။ ။

၎င်းအချိန်တွင် တိုင်းရင်းသာ ယုံကြည်သူအသင်းသား(၁၈)ယောက်၊ ဝတ်ပြုကိုးကွယ်ရာကျောင်းတစ်ခု၊ ပုံနှိပ်စက်၊ ကျောင်းများနှင့် အမေရိကန်ခရစ်ယာန်သာသနာပြုဇနီးမောင်နှံစုံတွဲ(၂)တွဲတို့သည် ရန်ကုန်ရှိ နုနယ်သော အသင်းတော်ကို ကြည့်ရှုပြုစုရန် ရောက်ရှိလာကြသည်။ ၁၈၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့တွင် အင်းဝ၌ စတင်အခြေချခြင်းဖြင့် မူလနေရာမှ အဝေးဒေသသို့ သွားရောက်လိုသော စိတ်နှလုံး တမ်းတခြင်းကို တုံ့ပြန်ခဲ့သည်။

အင်းဝပြည့်ရှင်မင်းကြီးက ယုဒဿန်ကို ခရစ်ယာန်သာသနာအတွက် မြေတစ်ကွက်နှင့် မင်းအာဏာ၏ အကာအကွယ်အရိပ်ကိုပေးခဲ့သည်။ ဆရာကြီးကလည်း ဒေသခံအမျိုးသမီး ကလေးများအတွက် စာသင်ကြားခြင်းသည် အလားအလာကောင်းများ ရှိနေသည်။ သို့သော် မြန်မာနှင့် အိန္ဒိယရှိ အင်္ဂလိပ်အစိုးရအကြား စစ်မက်ဖြစ်ပွားသဖြင့် ယုဒဿန်တို့သည် သူလျှို သဖွယ်ထင်မှားခံခဲ့ရသည်။ ၁၈၂၃ခုနှစ်၊ ဇွန်လ (၈)ရက်နေ့တွင် လက်မရွံ့ထောင်အတွင်း ယုဒဿန်သက်ဆင်းရတော့သည်။ ပေ၄၀ x ပေ ၃၀ အကျယ်ရှိပြီး အမြင့်မှာ ၅ပလျက်ရှိလျက် လေဝင်လေထွက် မကောင်းဘဲ လူအယောက်တစ်ရာကို အကျဉ်းချထားပြီး ယောကျာ်း၊ မိန်းမ လူမျိုးမရွေးတစ်ပေါင်းတည်း စုထားပေသည်။ ထောင်မှာမည်သည့်အခါမျှ ဆေးကြောလိုကျင်းထားခြင်းမရှိပါ။ အလွန်တစ်ရာညစ်ပေနံစော်လျက်ရှိပါသည်။ ။

အကျဉ်းချထားခံရစဉ် ဆရာယုဒဿန်ကို ခြေကျင်းသို့မဟုတ် ထိပ်တုံး (၅)ထပ်ခတ်ထပ်ပြီး (၁၄)ပေါင်ခန့် လေးသော ထိပ်တုံးဖြစ်ပါသည်။ ဒဏ်ရာဒဏ်ချက်၊ အမာရွတ်များသည် သေရာပါများ ဖြစ်သွားပါသည်။ ညအခါတွင် အကျဉ်းသားများ လွတ်မြောက်မသွားစိမ့်သောငှါ၊ ဝါးလုံးတစ်လုံး ကို ခြေထောက်များမှာလည်း ခြေကျင်းများဖြင့် ချည်နှောင်ထားခြင်းခံရပါသည်။ ထောင်(၂)ခုထဲတွင် စုစုပေါင်း (၂၁)လခန့် ကြာမြင့်ခဲ့ပါသည်။

ပြဿနာပေါင်းစုံကို မသေရုံတမယ်ခံစားခဲ့ရပါသည်။ ထောင်ပြင်၌ ဆရာကတော်သည်လည်း အလားတူ အခက်ခဲများစွာကို ရင်ဆိုင်ကျော်လွှား နေရပါသည်။ ဆရာကလည်း ထောင်ထဲတွင် အသည်းသန်မကျန်းမမာလည်းဖြစ်၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ စိတ်သောကပူပန်ခြင်းများစွာနှင့် ခက်ခဲစွာ အသက်ရှင်ရပါသည်။ ထိုအချိန်တွင်မှ ဆရာကတော်ကလည်း ကိုယ်ဝန်အရင့်အမာနှင့် ဖြစ်ပြီး နေပူကျဲကျဲ၊ ဖုန်တော်ထဲတွင် ထောင်ထဲ၌ နေရသော ဆရာကြီးအတွက် အနည်းငယ်ကလေး အနေအထိုင် သက်သာရာကြောင်း အမျိုးမျိုးလာဘ်ထိုးရသည်။ အစာအာဟာရများ၊ စားကောင်းသောက် ဖွယ်များ စားရရန် အမျိုးမျိုးကြံဖန်ရသည်။

ထောင်ကလည်း တစ်ထောင်ပြီးနောက်တစ်ထောင်သို့ နေပူစပ်ခါးတွင် ခြေဖဝါးဗလာ ထိပ်တုံးများနှင့် ဆယ်မိုင်ခရီးကိုပြောင်းရွှေ့ရပါသည်။ မျက်နှာဖြူ အကျဉ်းသားများအနက်မှ တစ်ယောက်မှာ နေပူထဲတွင် လဲကျသေဆုံးခဲ့ရပါသည်။ ။

ဆရာကတော်မှာ စိတ်ရောကိုယ်ပါ အားအင်ချိနဲ့ လာပြီး ကျောက်ရောဂါပါစွဲကပ်ကာ သမီးလေ မာရီယာကို ဖွားမြင်ခဲ့ပါသည်။ မွေးလာသော ကလေးကိုနို့ချို မတိုက်ကျွေးနိုင်သောကြောင့် အောင်ပင်လယ်ရွာထဲရှိ မိခင်များထံ မာရီယာကလေး နို့စို့ နိုင်ရေးအတွက် အကူအညီတောင်းရသည်။

လက်မရွံ့ ထောင်မှ လွတ်ရာလမ်းမရှိဟု ထင်ရပါသောလည်း ပထမ-မြန်မာစစ်ပွဲ စစ်ရိပ်သမ်းလာချိန် နှစ်နိုင်ငံအကြားစကားပြန်အဖြစ် ဆောင်ရွက်ပေးရန် ထောင်မှလာပြီး တစ်လခွဲအကြာတွင် အင်္ဂလိပ်များ ထိုးစစ်ဆင်လာ၍ ထောင်ထဲပြန်ဝင်ရသည်။ ထို့နောက် ကက်ပတိန်ကင်းဘဲ က သူ့ အားထောင်မှ ပြန်လွှတ်ပေးပြီး သူ့ အရိပ်၊ သူ့ကျေးဇူးအားဖြင့် ပြန်လည်ကျေးဇူးပြုခံရပါသည်။ ။

မတ်လ(၂၁)ရက်နေ့၊ ၁၈၂၆ ခုနှစ်တွင် ရန်ကုန်ပြန်ရောက်ပြီး အင်္ဂလိပ်အစိုးရက တစ်နှစ်ကို ဒေါ်လာသုံးထောင်ဖြင့် ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပြီး မလျော့သော သတ္တိဖြင့် အမှုတော်မြတ်ကို ဆက်လက်ထမ်းရွက်သော်လည်း လုပ်ဖော်ဆောင်ဖက်များမှာ ထွက်ပြေးသွားပြီး ရန်ကုန်ရှိ အသင်းတော်မှာလည်း ကွဲပြားလွင့်စင်သွားပါသည်။ ခရစ်ယာန်သာသနာပိုင်ပစ္စည်းများလည်းအဖျက်အဆီးခံလိုက်ရသည်။ အစာရေစာခေါင်းပါးခြင်း၊ မင်းဘေးနှင့် သားရဲတိရစ္ဆာန်ဘေးမှ ကင်းလွတ်ရန်အတွက် ဒေသခံခရစ်ယာန်လေးဦးနှင့်အတူများစွာ သာ၍လုံခြုံမှုရှိသော ယခုကျိုက္ခမီဟု ခေါ်တွင်သော အရပ်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်သည်။ ၁၈၂၆ ခုနှစ်၊ ဇူလိုင် (၂)ရက်နေ့ တွင် မိသားစုလိုက်သံလွင်မြစ်ဝရှိ ကျိုက္ခမီ သို့ ရောက် ရှိခဲ့ကြသည်။ သူတို့ ရောက်ရှိသွားချိန်တွင် အိမ်ခြေ (၅၀)ခန့် သာရှိသည့် စတည်ခါစမြို့ ကလေးဖြစ်သည်။ အဲန်းသည် ကျောင်းဖွင့်ခဲ့ပြီး ဖွင့်ခါစကျောင်းတွင် ကျောင်းသားဆယ်ယောက်ရှိသည်ကို ကြည့်လျက် ကြည်နူးနေသည်။ မောင်အင်အား အတန်းကိုကြီးကြပ်စေခဲ့သည်။ သူတို့နှင့်အတူ နယ်မြေသစ်သို့ ပြောင်းရွှေ့ လာကြသူ ယုံကြည်သူအဖွဲ့ ကလေးဖြင့် တနင်္ဂနွေနေ့ဝတ်ပြုစည်းဝေးကို အဲန်းဦးဆောင်ခဲ့သည်။ အိမ်အသစ်ကလေးလည်း ဆောက်လုပ်ပြီးစီးခဲ့သည်။ ကျိုက္ခမီသည် အဲန်းအတွက် အစစအရာရာပြည့်စုံနေသည်။ အထူးသဖြင့် ကျန်းမာရေးအတွက် သင့်လျောကောင်းမွန်သည်။ သန့်ရှင်းသောလတ်ဆတ်သောလေနှင့် ပင်လယ်ရှုခင်းများကလည်း သာယာလှပသည်။

နာမကျန်းဖြစ်သူ သမီးငယ်ကလေးကို ကြည့်ရှုပြုစုရာမှ အဲန်း၏ ကျန်းမာရေးထိခိုက်ခဲ့ပြီး ဦးနှောက်အမြှေးပါးရောင်ရောဂါဟု သတ်မှတ်ကြပါ သည်။ နှစ်နှစ်နီးပါးခန့် အာဟာရမပြည့်ဝမှု၊ စိတ်ဖိစီးမှု၊ ကျောက်ရောဂါ၊ ထပ်ခါတလဲလဲဖြစ်နေသည့် ဝမ်းကိုက်ပိုး၊ အူရောင်ငန်းဖျားရောဂါပေါင်းစုံ၏ ဒဏ်ဖြင့် ဆိုးသွားလိုက်၊ ပြန်ကောင်းလိုက်ဖြင့် နောက်ဆုံးခင်ပွန်းသည်အတွက် ခင်ပွန်းသည်အတွက် အမှာစကားများ အစုံအလင်ထားခဲ့ပြီး သမီးလေးကိုလည်း စောက်ရှောက်ပေးရန် အပ်နှံခဲ့ပြီး ၁၈၂၆ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့ ည(၈း၀၀)နာရီအချိန်တွင် ဘုန်းတော်ဝင်စား သွားခဲ့ပါသည်။ ။

အင်းဝသို့ ကုန်သွယ်ရေးစာချုပ်တစ်ခုအတွက် မဖြစ်မနေသွားနေရသော (၂)လခွဲ ကာလအတွင်းတွင် ဇနီးသည် ကွန်လွန်ခဲ့သည်။ ခရီးရောက်မဆိုက်တွင် ဝမ်းနည်းပူဆွေးမှုများနှင့် သူ့စိတ်နှလုံးမှာ ကြေကွဲမှု အတိဖြစ်သော်လည်း သူထမ်းရွက်ရသော အမှုတော်မြတ်ကို စိတ်အား ထက်သန်မှု အပြည့်ဖြင့် တစ်ဖန်ပြန်လည် ကိုင်တွယ်ရပြီး ကျမ်းစာကို ဆက်လက်ဘာသာပြန်ခဲ့သည်။ လာရောက်မေးမြန်သူများကို စကားပြောခြင်း နှင့် တနင်္ဂနွေနေ့တိုင်းတရားဟောပါသည်။ ဧပြီ (၂၄) ရက်၊ ၁၈၂၇ ခုနှစ်တွင် သူ့ အတွက် နှစ်သိမ့်မှုကို အထူးဖြစ်စေသောကလေးငယ်မှာလည်း သူ့ထံပြန်လည်ရုပ်သိမ်းခြင်းခံရပြန်ပါသည်။ ထိုအချိန်တွင် မော်လမြိုင်မြို့မှာလည်း ရုတ်ခြည်းစည်းကားလာပြီး ဝမ်းနည်းကြေကွဲခြင်းပုံရိပ်မှ ကင်းဝေးရန်အတွက် မော်လမြိုင်သို့ ပြောင်းရွှေ့ရန် သူဆုံးဖြတ်ခဲ့သည်။

မော်လမြိုင်မြို့တွင် ဆရာကြီးယုဒဿန်မျိုးကြဲပြီး ပြုစုစောင့်ရှောက်ခဲ့သော နှစ်ခြင်းခရစ်ယာန်သာသနာ၏ အမွေအနှစ်အများပြားကို ယနေ့ တွေ့မြင်နိုင်ပါသည်။ ပထမနှစ်ခြင်းအသင်းတော်၊ အင်္ဂလိပ်နှစ်ခြင်းအသင်းတော် စသည်ဖြင့်ပထမဦးဆုံးပြောင်းလဲမှုကို နှစ်ခြင်းမင်္ဂလာ ပေးပြီးသည့်နောက် အခြားသူများ လျင်မြန်စွာ လိုက်လာပါသည်။ ခရစ်ယာန်သာသနာတာဝန်များ များမြောင်လှလင့်စကား ကျမ်းဟောင်းကို စတင် ဘာသာပြန်ပါသည်။ မြန်မာဒေသခံတစ်ဦး၏ အကူအညီဖြင့် ရန်ကုန်ရှိ အသင်းတော်ကို ပြန်လည် အစပြုပြီး ထိုအသင်းတော်သည် လျင်မြန်စွာ ကြီးပွားလာပါသည်။

၁၈၇၂ ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်တွင် ကျိုက္ခမီသို့ ဆရာယုဒဿန်ပြန်လည်ရောက်ရှိသောအခါ အဲန်းလဲလျောင်းရာ သင်္ချိုင်းဂူကလေးကို သာ တွေ့ရတော့သည်။ အဲန်းဘုန်းတော်ဝင်စားပြီးနောက် (၆)လအကြာတွင် သမီးငယ်ကလေး မာရီယာကလေး ဘုန်းတော်ဝင်စားသွားပြန်ပါသည်။ (၂)နှစ် (၃)လအရွယ်ကလေးဖြစ်ပါသည်။မြန်မာဘာသာဖြင့် ဝတ်ပြုစည်းဝေးကိုကျိုက္ခမီတွင် ပြန်လည်စတင်ခဲ့ပါသည်။ ကျိုက္ခမီ၏ မြောက်ဘက် (၂၅)မိုင်ကွာရှိ မော်လမြိုင်တွင်ဗြိတိသျှဌါနချုပ် အခြေစိုက်ရန် ဗိုလ်ချုပ်ကင်းဘဲလ် ရွေးချယ်ဆုံးဖြတ်ခဲ့သည်။

၁၈၂၆ ခုနှစ်၊ နိုဝင်ဘာလအတွင်းယုဒဿန်၏ဖခင်လည်းသေဆုံးခဲ့ရပါသည်။ မော်လမြိုင်သို့ ၁၈၂၇ ခုနှစ်၊ အောက်တိုဘာလတွင် ပြောင်းရွှေ့ခဲ့ပြီး မော်လမြိုင် ပထမနှစ်ခြင်းအသင်းတော်ကို ထူထောင်ခဲ့ပါသည်။ ဘာသာပြန်ထားသည့် ကျမ်းသစ်ကို ပြန်လည်မွမ်းမံရန် အချိန်များစွာ ပေးလျက် ကြိုးပမ်းလုပ်ဆောင်ပါသည်။

ထိုတန်ဖိုးမဖြတ်နိုင်သည့် ဘာသာပြန်ကျမ်းမူသည် သေမင်းတမန်အကျဉ်းထောင်ကို အံ့မခန်းဖွယ်ရာ ဖြတ်သန်းကျော်လွှားနိုင်ခဲ့သည်။ ကျမ်းဟောင်းကိုလည်း စတင်ပြန်ဆိုခဲ့သည်။ ဓမ္မအမေးဖြေစာအုပ်ကို ပြုစုခဲ့သည်။တနင်္ဂနွေနေ့ တွင် ဝတ်ပြုစည်းဝေးများကို ဦးဆောင်ခဲ့သည်။ ကျန်ရက်များတွင်လည်း အိမ်ရှေ့၌ ဆောက်လုပ်ထားသော ဇရပ်၌ ဝတ်ပြုစည်းဝေးများ ပြုလုပ်ခဲ့ပါသည်။

အလွန်တရာ ဝမ်းနည်းပူဆွေးနေရပြီး သောကလွှမ်းမိုးဖိစီးမှုကို နေ့ညမပြတ်ကာလကြာစွာ ခံစားခဲ့ရသော်ငြားလည်း မိမိကိုယ်ကို စည်းကမ်း ကြပ်မတ်ကာ အားတင်းလျက် ဦးစားပေးလုပ်ဆောင်ရမည့် အရာများကို လုပ်ဆောင်ပြီးစီးအောင်မြင်ခဲ့ပါသည်။ ဘာသာပြန်ခြင်း၊ ဟောပြောခြင်းနှင့် ရေးသားပြုစုခြင်းတို့ ကို အစဉ်မပြတ်ပြုလုပ်နေရသည်။

ဤကဲ့သို့ ကြီးလေးလှသော အဖိုးအခများကို ပေးဆပ်ရမည်ကိုလည်း ရှေးနှစ်ပေါင်းများစွာကတည်းကလည်း ကြိုတင်ခန့်မှန်းချက် မိခဲ့ပြီးသားဖြစ်သကဲ့သို့ အမှန်တကယ်လည်း ရင်ဆိုင်ကျော်လွှား ဖြတ်သန်းခဲ့ရပါသည်။

၁၈၃၀ ခုနှစ်တွင် ဆရာကြီးယုဒဿန်သည် ပြည်မြို့ သို့ ခရစ်ယာန်သာသနာခရီးဆန့်ခဲ့သည်။ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်သွား ပြီး မောင်အင်းနှင့် အခြားတပည့်တော်များစွာ အတူလိုက်ပါသွားကြသည်။ နေရာတိုင်း၌ ဝေစာများကို ဝေသည်။ ရွာသားများနှင့် အပြန်အလှန် ဆွေးနွေးသည်။ ဝေစာများကို လူအများဖတ်သည်။ စိတ်ဝင်စားကြသည်။ ဆရာကြီးပြည်မြို့သို့ ရောက်နေသည့်သတင်းအင်းဝရွှေမြို့တော်မှ ဘကြီးတော်ဘုရား၏ နားတော်သို့ ပေါက်ကြားသွားပြီး ပြည်မှ ထွက်ခွာသွားရန် အမိန့် ပေးသောကြောင့် ရန်ကုန်သို့ တွန့် ဆုတ်လျက် ပြန်လာခဲ့ရ သည်။ ရန်ကုန်တွင်တစ်နှစ်ခန့် ကြာခဲ့ပြီး မော်လမြိုင်သို့ ပြန်သွားသောအခါ ဆရာကြီးသိရှိရသော အရာများကြောင့် အတိုင်းထက်အလွန် ဝမ်းမြောက်ရသည်။ များပြားသည့် အရေအတွက်ရှိသော မြန်မာ၊ ကရင်၊ တလိုင်း(မွန်) များအသင်းတော်၌ ညီညွတ်လျက်တစ်လုံးတစ်ဝတည်း ရှိကြောင်း သိရသည်။ စာမျက်နှာပေါင်း(၂)သန်းရှိသော ဝေစာများနှင့်နှုတ်ထွက်စကားတော်များ တောထဲမှ အသင်းတော်တစ်ပါး၌ ပုံနှိပ်လျက်ရှိသည်။ ဒေသခံခရစ်ယာန်များကို နှစ်ယောက်တစ်တွဲစီစေလွှတ်လျက် ရက်အနည်းငယ်တိုင်းပြန်လာ၍ ဆရာကြီးကို အစီရင်ခံကြသည်။ တောနက်များထဲတွင် စနစ်ကျလှသော ခရီးစဉ်များကိုလုပ်ဆောင်အောင်မြင်လျက် ရှိခဲ့သည်။

ဆရာကြီးယုဒဿန်သည် ရှစ်နှစ်တာကာလအထိ တစ်ကိုယ်တည်း ပင်ပန်းစွာလုပ်ဆောင်ခဲ့ပြီး ၎င်း၏ ခရစ်ယာန်သာသနာပြု လုပ်ဖော်ဆောင်ဖက်တစ်ဦးဖြစ်သော ဂျော့ဒါနာဘုတ်မန်း၏ ကျန်ရစ်သော ဇနီးသည်မုဆိုးမ စာရာဟာဘုတ်မန်းနှင့် ၁၈၃၄ ခုနှစ်၊ ဧပြီလ (၁၀)ရက် နေ့တွင် အိမ်ထောင်သစ်ထူခဲ့သည်။ စာရာကလည်း မုဆိုးမအဖြစ် ခုနစ်နှစ်တာ အမှုတော်မြတ်၌ ဆက်လက်ထမ်းဆောင်နေသူ တစ်ဦးဖြစ်သည်။ ။

ဧဝံဂလိ သတင်းကောင်းကို ဆောင်ယူရန်အတွက် ကျိုက္ခမီမှ တောင်ဘက်မိုင်တစ်ရာကျော်ဝေးသည့် ထားဝယ်ဒေသတောတွင်းပိုင်းတွင် တောင်များ၊ ချောင်းများ သစ်တော အထပ်ထပ်ကိုနင်းလျက် ၊ သူမ၏ ကလေးကို ဒေသခံတစ်ဦးက ချီပိုးလျက် အမှုတော်ထမ်းလျက်ရှိနေသူ ဖြစ်သည်။ သူမ၏ကျောင်းများသည် အောင်မြင်လျက်ရှိသောကြောင့်အစိုးရ၏ အထောက်အပံ့များကိုရရှိလျက်နေသည်။

(၂၁)နှစ်ကြာ သည်းခံစိတ်ရှည်ခဲ့သော ပင်ပန်းကြီးစွာ ခံရပြီးနောက် ၁၈၃၄ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့ တွင် ကျမ်းစာတော်မြတ်ကို မြန်မာဘာသာပြန်ဆိုမှုပြီးမြောက်ခဲ့ပါသည်။ နောက်ထပ် (၇)နှစ်ကြာသူ၏ အလုပ်ကိုပြန်လည်သုံးသပ်ပြီး နောက်ဆုံး၌ ၁၈၄၀ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့ တွင် တစ်အုပ်လုံးသည် စာပုံနှိပ်ရန် အဆင်သင့်ဖြစ်ခဲ့ပါသည်။ ယုဒဿန်၏ ဘာသာပြန်ကျမ်းစာသည် လူသာကျမ်းစာကဲ့သို့

လာမည့်ရာစုနှစ်(၃)စုအထိတိုင်အောင်ဖြစ်ကောင်းဖြစ်မည်ဟု အကဲဖြတ်များက ထုတ်ဖော်ပြောဆိုခဲ့သည်။ စာပေအားဖြင့် အပြစ်ဆိုစရာမရှိအောင် ပြီးပြည့်စုံသည်ဟု အပြောခံရသည်။

ဆရာယုဒသန်သည် အသက်(၅၀)နှစ်ရှိလာသောအခါ ကျန်းမာရေးအားလည်းလာသောလက္ခဏာများပေါ်လာသည်။ အဆုတ်တွင် အခက်အခဲတွေ့ ရသည်။ စကားပြောသောအခါအသံပျောက်သွားပြီး အလွန်တရာ နာကျင်မှုရှိခြင်းများကြောင့် ကာလကတ္တားသို့ ရေကြောင်းဖြင့် သွားခဲ့ရတော့သည်။ သက်သာပြီးပြန်လာခဲ့သော်လည်း ဇနီးသည်ကလည်း မကျန်းမာပြန်သောကြောင့် ကာလကတ္တားသို့ သွားခဲ့ပြီး မော်လမြိုင် သို့ ပြန်ခဲ့ကြသည်။ ဤခရီးစဉ်တွင် သူတို့ ၏ ကလေးတစ်ဦးဆုံးပါးခဲ့ရသည်။ ဇနီးသည်မှာလည်း ဝေဒနာမသက်သာပြန်ပါ။ ခရစ်ယာန်သာသနာ အလုပ်များ အကုန်ရပ်နားရတော့မည်ဖြစ်ပြီး အမေရိကသို့ ပြန်ရန် စိတ်ပိုင်းဖြတ်ခဲ့ကြသည်။ ၁၈၄၅ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့တွင် ဝိန့် ဟယ်လီနာကျွန်းတွင် ဇနီးသည် စာရာကွယ်လွန်ခဲ့ပြီး ထိုကျွန်း၌ပင် မြုပ်နှံခဲ့ရသည်။

၁၈၄၅ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့တွင် ဘော့စတွန်သို့ ပြန်ရောက်ခဲ့ပြီးကျန်းမာရေးသည် ယုံယ့်မျှသာရှိပြီး အဆုတ်ဝေဒနာ ကြောင့် လေသံထက် စကားပိုမပြောနိုင်ဘဲ ပရိသတ်ကို စကားပြောအခါ သူပြောသမျှကို နောက်တစ်ယောက်က ထပ်တူထပ်မျှ လိုက်ပြောပေးရ သည်။ အခါများစွာ သူ၏ လုပ်ဆောင်မှုများကို ပြောရမည့်အစား ဘုရားသခင်၏ ရွေးနှုတ်ကယ်တင်ခြင်း မေတ္တာတော်၏ အံ့ဖွယ်ရာပုံဝတ္ထုများကိုသာ ကြွေးကြော်နေခြင်းကြောင့် ပရိသတ်များကို စိတ်ကသိကအောက်ဖြစ်စေသည်။ ဘာသာစကားကိုသာ စဉ်းစားပြောဆိုခဲ့ရသည်မှ အလွန် ကြာမြင်ခဲ့သည့် နောက်ပိုင်း အင်္ဂလိပ်လို ဝါကျစီရသည်မှာ သူအခက်တွေ့နေသည်။ သို့ သော်လည်း တစ်အိမ်မှတစ်အိမ် ၊ တစ်မြို့မှတစ်မြို့သို့ ခရီးရှည်သွားနေရသည်မှာ အောင်ပွဲချီနေရသကဲ့သို့ ဖြစ်ပါသည်။ လောကီဆိုင်ရာ ဘာသာရေးဆိုင်ရာ သတင်းစာများက သူ၏ သွားလာ လှုပ်ရှားမှု များကို ဖော်ပြအစီရင်ခံပေးပြီး သူ့ ကိုကြီးစွာသောလေးစားမှုများကို ပြုပေးနေပါသည်။

ကွန်လွန်သွားသော ဇနီးသည် စာရာအကြောင်းကို အတ္ထုပ္ပတိရေးရန် အင်မလီဂူဘတ်နဲ့ စီစဉ်ရာမှ ဤခရီးစဉ်တွင် စာရေးဆရာမနှင့် စေ့စပ်ကြောင်းလမ်းဖြစ်ခဲ့ပါသည်။ ၁၈၄၆ ခုနှစ်၊ ဇွန်လ (၂)ရက်နေ့တွင် ထိမ်းမြားခဲ့ပါသည်။ အများက စိုးရိမ်ကြောင့်ကြမိသည်မှာ ဤထိမ်းမြားခြင်း သည် ဇနီးသည်၏ စာပေဆိုင်ရာ အသက်မွေးဝမ်းကြောင်းနှင့်သူ၏ အမှုတော်မြတ်လုပ်ငန်းကို ပျက်ပြားစေလိမ့်မည်ဟူ၍ ဖြစ်သည်။ သို့ သော်လည်း ဤသို့ မဟုတ်ခဲ့ပါ။ ကလေးများကို ပညာရေးအတွက်အမေရိကတွင် ချန်ထားရစ်ခဲ့ပြီး ဇနီးသည်အသစ်ကျပ်ချွတ်ကလေး အခြားခရစ်ယာန် သာသနာပြုအသစ်အချို့ တို့နှင့်အတူမြန်မာနိုင်ငံသို့ ၁၈၄၆ ခုနှစ်၊ ဇူလိုင်လ (၁၁)ရက်နေ့ တွင် ရေကြောင်းဖြင့် ပြန်လည်ထွက်ခွာခဲ့ကြပါသည်။

သူမြန်မာပြည်တွင် မရှိခိုက် (၁၈)လကာလအတွင်းကျန်ရစ်ခဲ့သော ကလေး (၃)ဦးအနက် (၁)ဦးမှာ ကွယ်လွန်ခဲ့ပြီး ကျန်နှစ်ဦးမှာ သူ့ကို ခရီးဦးကြိုရန် ရှိနေကြပါသည်။ ရန်ကုန်တွင် မော်လမြိုင်၌ မရရှိနိုင်သော လိုအပ်သော အသုံးအဆောင်များရှိသောကြောင့် အဘိဓါန်ကိုပြုစုရန် အတွက် ရန်ကုန်တွင် ထပ်မံအခြေချပြန်သည်။ နေ့ အချိန်တွင် အဘိဓါန်ကိုပြုစုလျက်၊ ညအချိန်တွင် သူ့အိမ်၌ သူ့ ကိုတွေ့ ဆုံမေးမြန်း ဆွေးနွေးရန် အတွက် သက်စွန့်ဆံဖျားလာတွေ့ သူ ဒေသခံများကိုတွေ့ရသည်။ ဤသို့ ဖိစီးမှုများ၊ မသင့်တော်သော အစားသောက်များ ၊မိသားစုအတွင်း နာမကျန်းမှုများ များပြားလာခြင်း၊ ဘုရင်မင်းမြတ်ကို ကြောက်ရွံ့ရမှုများသည် သူ့ကိုနောက်ကြောင်းသို့ ပြန်လှည့်ရန် ဖန်လာခြင်းများဖြစ်တော့သည်။

ကြေကွဲရင်နာလှစွာနှင့်ပင်ပြန်ဆုတ်ရတော့သည်။ အမေရိကမှ ခရစ်ယာန်သာသနာဘုတ်အဖွဲ့ သည် ကြောက်မက်ဖွယ်ရာ ဘုရင်မင်းမြတ်ကို သွားရောက်ဖူးမြော်ရန် ကိုယ်တိုင် အင်းဝသို့ သွားရန်အထိ သူ့ကို ခွင့်ပြုရန် မျှော်လင့်ခဲ့သည်။ သို့သော် ကြောက်ရွံ့တွန့် ထုတ်ပြီး ကျဉ်းမြောင်းသောဝါဒ သဘောထားများရှိသော အမေရိကမှ ဘုတ်အဖွဲ့ က တားဆီးခဲ့သည်မှာ နှစ်နှစ်ခန့် ရှိပြီး ခွင့်ပြုပြန်သောအခါ၌လည်း အလွန်တစ်ရာမှ နောက်ကျသွားပေပြီ။

ဇနီးသည် စာရာ၏ ကျန်းမာရေးအခြေနေကသူ့ကျန်းမာရေးအတွက် အချက်ပေးနှိုးဆော်ခဲ့ပါသည်။ သို့ သော်လည်း ၁၈၅၀ ခုနှစ်၊ ဧပြီ (၁၂)ရက်နေ့ တွင် သူကိုယ်တိုင်လည်း ရောဂါပြန်လည် ကုစားရန်အတွက် ပင်လယ်ရေကြောင်းခရီးဖြင့် ထွက်ခွာလာရာ လမ်းခရီး ပင်လယ်ပြင်၌ပင် ဘုန်းတော်ဝင်စားသွားရပါသည်။ ထိုကွန်လွန်ခဲ့သော ညနေခင်းတွင် အတိတ်ဆိတ်ဆုံးကာလ၌ သင်္ဘောကပ္ပတိန်၏ အသံတစ်ခုတည်းကိုသာ ကြားရလျက်အိန္ဒိယသမုဒ္ဒရာထဲသို့ သူ၏ ရုပ်ခန္ဓာကို နစ်မြုပ်ခဲ့ရပါသည်။ ဆုတောင်းသံ တစ်ခုမျှပင် မပါခဲ့ပါ။

မူလက မြန်မာပြည်ကို ခရစ်ယာန်သာသနာပြုသောအခါ သူ၏စိတ်ထဲတွင် ပုံဖော်မိခဲ့သည်မှာ သူမသေခင် ပြောင်းလဲလာသူ အယောက် တစ်ရာရှိသော အသင်းတော်တစ်ခုကို ထူထောင်ရန် မျှော်လင့်ခဲ့သည်။ တကယ်တမ်းသူ ကွန်လွန်သောအခါ ထင်ထင်ရှားရှား ဗတ္တိဇံခံပြီးသူ အသင်းသား၊ မြန်မာ၊ ကရင်၊ခရစ်ယာန်အရေးအတွက် ၇၀၀၀ ကျော်ရှိခဲ့ပြီး၊ သူ၏ အမှုတော်မြတ် သက်တမ်း ၃၅နှစ်တာကာလအတွင်း၌ ယုံကြည်ခြင်း၌ ပျော်ပိုက်စွာ ကွန်လွန်သွားသူ အများအပြားလည်းရှိခဲ့သည်။ ခရစ်ယာန်သာသနာပြုများ၊ ဒေသခံသင်းအုပ်ဆရာများ၊ လက်ထောက် များ စုစုပေါင်း ၁၆၃ ဦး၏ လမ်းညွှန်မှုအောက်၌ အသင်းတော် ၆၃ ပါး တည်ထောင်ခဲ့သည်။

ယနေ့ မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ် ၂၀၁၁ ခုနှစ်သင်းလုံးကျွတ် အစည်းအဝေးကြီး၏ မှတ်တမ်းအရ ယနေ့ ၂၀၁၁ ခုနှစ်၊ နှစ်ခြင်းခရစ်ယာန်သာသနာသက်တမ်းမြန်မာပြည်တွင် ၁၉၈ ကာလအတွင်း အသင်းချုပ်၏ လက်အောက်တွင် အဖွဲ့ချုပ် (၁၈)ဖွဲ့ နှင့်တိုက်ရိုက်ဆက်သွယ်သော အသင်းတော် (၂)ပါး၊ စုစုပေါင်း နှစ်ခြင်းအသင်းတော်ပေါင်း (၄၇၂)ပါးရှိပြီးဖြစ်သည်။ လက်တင်ရပြီး သူ ဓမ္မအမှုတော်ဆောင် ၂၈၈၅ယောက်၊ လက်တင်မခံယူရသေးသူ ၆၉၉၂ ယောက်နှင့် သာသနာနယ် ၁၀၇ ခု၊ အသင်းသားပေါင်း (၁.၇)သန်းနှင့် ကျမ်းစာကျောင်း ၃၆ကျောင်းရှိပြီဖြစ်သည်။

ယနေ့တိုင် ဆရာကြီးယုဒဿန်နှင့်ဇနီးသည်များ ၊ မိသားစုများက ဤကျမ်းချက်နှင့်အညီ ကျွန်ုပ်တို့ ကိုတရားဟောနေဆဲဖြစ်ပါသည်။ လွန်ခဲ့သော အနှစ်နှစ်ရာနီးပါးကတည်းက ကျခဲ့ရသော မျက်ရည်များ၊ ပေးဆပ်ခဲ့ရသော အသက်များ၊ ကြဲခဲ့သော မျိုးစေ့များအားလုံး အလဟသ မဖြစ်ခဲ့ပါ။ ယနေ့တိုင် ရွှင်လန်းစွာ ရိတ်သိမ်းရန် များစွာရှိနေဆဲဖြစ်ပါ သည်။ဆက်လက်လည်း ကြဲဖြန့် နေရဦးမည်လည်းဖြစ်ပါသည်။ ။

ဘုရားသခင်၏ နာမတော်သည် ကမ္ဘာ့အဆက်ဆက် ဘုန်းကြီးနေရဦးမည်ဖြစ်ပါသည်။ နှစ်ခြင်း ဓမ္မအမှုတော်ဆောင်များအားလုံးကို လေးစားလျက်။

မျက်ရည်ကျလျက် မျိုးစေ့ကြဲသောသူတို့ သည် ရွှင်လန်းလျက် ́ စပါးရိတ်ကြလိမ့်မည်။ မျက်ရည်ကျလျက် ကြံရန်မျိုးစေ့ကိုဆောင်၍ ထွက်သွားသောသူသည် ကောက်လှိုင်းများကိုဆောင်လျက် ရွှင်လန်းသောစိတ်နှင့် အမှန်ပြန်လာလိမ့်မည်။ ဆာလံ ၁၂၆၅-၆

မှတ်ချက် - အင်တာနက်မှကးယူဖေါ်ပြပါသည်...

COMMENTS

BLOGGER
Name

ကယ်တင်ခြင်း,38,ကျမ်းစာလေ့လာနည်း,1,ချီးမွမ်းသီချင်း,2,ခရစ်တော်၌လူသစ်,1,ခရစ်တော် အစေခံများ,1,ခရစ်တော်၌လူသစ်,16,ခေတ်ကာလ,17,ဆရာစောကေ,3,ဆောင်းပါး,50,တရားဒေသနာ,15,ဒေသနာ,31,ဓမ္မဆောင်းပါး,37,ပင်တေကော့စ်တဲလ်၏သမိုင်း (HISTORY OF PENTECOST),1,ပေါလ်ခေကျိုင်း,5,မင်းလွင်,1,ရုပ်သံ,1,သီချင်း,2,သုတ,4,အစေတော်ခံများ,14,အထွေထွေ,20,အမေးအဖြေ,42,
ltr
item
Shwe Canaan TV: အဒိုနီရမ်ဂျပ်ဆင် (Adoniram Judson)
အဒိုနီရမ်ဂျပ်ဆင် (Adoniram Judson)
https://1.bp.blogspot.com/-iEwSfoztDcE/YUqL6w7_wqI/AAAAAAAADbA/fQuNkEQ71HQ0E47PTMTtdo122AfgfezjQCLcBGAsYHQ/w140-h105/images.jpg
https://1.bp.blogspot.com/-iEwSfoztDcE/YUqL6w7_wqI/AAAAAAAADbA/fQuNkEQ71HQ0E47PTMTtdo122AfgfezjQCLcBGAsYHQ/s72-w140-c-h105/images.jpg
Shwe Canaan TV
https://www.shwecanaan.com/2021/09/adoniram-judson.html
https://www.shwecanaan.com/
https://www.shwecanaan.com/
https://www.shwecanaan.com/2021/09/adoniram-judson.html
true
8333082059588887113
UTF-8
Loaded All Posts Not found any posts VIEW ALL အပြည့်အစုံဆက်ဖတ်ပါ... Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Content