Thursday, 17 October 2013

ကယ်တင်ခြင်းသင်ခန်းစာ(၄)

သင်ခန်းစာ(၃)၌ ဘုရားနှင့်လူ အဆက်ပြတ်စေသော အရာသည် အပြစ်ဖြစ်ကြောင်းသိရကြပြီ။ ထိုအပြစ် ကို ဖယ်ရှားနိုင် မှသာ ဘုရားသခင်ကို ဝိညာဉ်နှင့်လည်းကောင်း၊ သမ္မာတရားအားဖြင့် လည်းကောင်း၊ ကိုးကွယ်နိုင် မည်ဖြစ်ကြောင်းလည်း သိရပြီ။ ထိုအပြစ်ကို ဖယ်ရှားဘို့ရန် အပြစ်ကြောင်းကို ပဋ္ဌမဦးစွာသိဘို့လိုပါသည်။ လူနာ၏ ရောဂါကုဘို့ရန် ရောဂါကို အရင်ရှာရသကဲ့သို့ လူ၏အပြစ်အကြောင်းကို ဘုရားအမြင်အတိုင်း အရင်မြင်ဘို့ သိဘို့လိုပါသည်။


အပြစ်နှစ်မျိုး
    ဘုရားအမြင်၌ အပြစ်နှစ်မျိုးရှိသည်။ ၎င်းတို့မှာ-
၁။    SIN မူလအပြစ် (သို့) မွေးရာပါအပြစ်နှင့်
၂။    SINS ဒုစရိုက်အပြစ် (သို့) လူကကျူးလွန်သောအပြစ်တို့ ဖြစ်သည်။
၁။ မူလအပြစ် (သို့) မွေးရာပါအပြစ်    
     (မူလအပြစ်ကို မွေးရာပါအပြစ်ဟူ၍သာ သုံးစွဲသွားပါမည်။) မွေးရာပါ အပြစ်သည် ကိုယ်တိုင်ကျူးလွန် သောကြောင့်ဖြစ်လာ သည်မဟုတ်။ မွေးဘွားကတည်းက ပါလာသောအပြစ်ဖြစ်သည်။ ဒါဝိဒ်မင်းကြီးက အကျွနု်ပ်သက်မွေးစကပင် အပြစ်ပါလျက်ရှိ သည်။ အမိဝမ်းထဲမှ ပဋိသန္ဓေ ယူစဉ်ပင် အပြစ်စွဲပါ၏ ဟုဆို ထားသည် (ဆာ၊ ၅၁ း ၅)

ဖြစ်ပေါ်လာပုံ
    မွေးရာပါအပြစ်သည် လူသားအားလုံး၏ တစ်ဦးတည်းသော သခင်ဖြစ်သည့်အာဒံအားဖြင့် ဖြစ်သည်။ အာဒံသည် ဘုရား သခင်၊ ဖန် ဆင်းစ၌ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အကောင်းပကတိရှိသည် (က၊ ၁ း  ၃၀)။ အာဒံကို သူ၏မိန်းမဧဝနှင့်အတူ ဧဒင် ဥယျာဉ်ဘုရားသခင်က တား သည် (က၊ ၂ း ၁၅)။ ထိုဥယျာဉ်၌ရှိသော သစ်သီးအားလုံးစားခွင့်ရှိသော်လည်း၊ ဥယျာဉ်အလယ် ၌ရှိသော ကောင်းမကောင်း သိကျွမ်း ရာအပင်၏ အသီးကို ကား ဘုရားသခင်ကစားခွင့်မပြု (က၊ ၂ း ၁၇)။ သို့သော် အာဒံနှင့်ဧဝ သည် ဘုရားစကား နားမထောင်ဘဲ စာတန်လှည့် စားမှုနားထောင်သောကြောင့် ထိုအသီးကိုစားကြသည် (က၊ ၃ း ၆ - ၇)။
    ထိုသို့ လင်မယားတို့သည် ဘုရားစကား နားမထောင်သောကြောင့် ဘုရားသခင်က အပြစ်သားဟု သတ်မှတ်လိုက်သည်။ (ရော၊ ၅ း ၁၉) ပညတ်တော်လွန်ကျူးခြင်းသည် အပြစ်ဖြစ်သည် (၁ ယော၊ ၃ း ၄) အာဒံနှင့်ဧဝသည် ဘုရားသခင်၏ တခုတည်း ပညတ်ကို လွန်ကျူး သောကြောင့် အပြစ်သားများ ဖြစ်သွားကြသည်။ အာဒံသည် လူ့အပေါ်ပြစ်မှားသည်မဟုတ်။ လူသိတတ် သည့်အပြစ်များ ဖြစ်သော လူ သတ်ခြင်း၊ ခိုးခြင်း၊ လိမ်းခြင်းများ ကျူးလွန်သည်မဟုတ်။ ဘုရားအပေါ်၌ စကားနားမထောင် သောအားဖြင့် ပြစ်မှားသည်။ ထိုအပြစ် သည်အ ပြစ် အားလုံး၏ မူလအစဖြစ်သည်။

အမွေဆိုး
    အာဒံနှင့်ဧဝသည် သားစဉ်မြေးဆက်များထံ အမွေဆိုး ပေးအပ်ခဲ့သည်။ အပြစ်သားဖြစ်သွားသော အာဒံနှင့်ဧဝမှ မွေးဖွား လာသော လူသားတိုင်းလည်း အာဒံနှင့်ဧဝကဲ့သို့ အပြစ်သားဖြစ်ကြသည်။ ထိုသို့အမျိုး အလိုက်ပါလာသော မွေးကတည်းက ပါလာသော အပြစ်ကို မွေးရာပါအပြစ်ဟု ခေါ်သည်။ အချို့သောသူများက မွေးရာပါအပြစ်ကို မယုံကြည်လက်မခံကြ။ ကိုယ်တိုင် ကျူးလွန်မှသာ အပြစ်သားဖြစ် သည်ဟု ယူဆကြသည်။သို့သော် အောက်ပါအချက်များကြည့်ခြင်းအားဖြင့် လူသည် မွေးရာပါ အပြစ်ရှိကြောင်း ထင်ရှားသည်။

(က) တယောက်သောသူအားဖြင့်
    ကျမ်းစာက၊ အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်း တရား ဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏ (ရော၊ ၅ း ၁၂)။

(ခ) တယောက်သောသူ၏ နားမထောင်သောကြောင့်
    ကျမ်းစာက၊ တယောက်သောသူသည် နားမထောင်သောအားဖြင့် လူများတို့သည် အပြစ်သို့ ရောက်သည့်နည်းတူ တ ယောက်သော သူသည် နားထောင်သောအားဖြင့် လူများတို့သည် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။ ဟုဆိုသည်(ရော၊ ၅ း ၁၉)။
    ပဋ္ဌမ တယောက်သောသူသည် အာဒံဖြစ်သည်။ အာဒံသည် ဘုရားစကားနားမထောင်သောအားဖြင့် လူများတို့သည် အပြစ်သို့ ရောက်ရသည်ဟုဆိုသည်။ ထို့ကြောင့် မိတ်ဆွေကိုယ်တိုင်ကျူးလွန်သောကြောင့် မိတ်ဆွေသည် အပြစ်သား ဖြစ် သည် မဟုတ်။ မွေးရာပါ အပြစ်ကြောင့် အပြစ်သား ဖြစ်သည်။

(ဂ) မသန့်ရှင်းထဲမှ
မသန့်ရှင်းသော အရာထဲက သန့်ရှင်းသောအရာကို အဘယ်သူထုတ်ဖော်နိုင်သနည်း။ အဘယ်သူမျှ မထုတ်မဖော်နိုင်ပါ (ယောဘ၊ ၁၄ း ၄)။
    လူ၌ သန့်ရှင်းသော သူမရှိရ (ဟေရှာ၊ ၆၄ း ၆) မိဘတိုင်းလည်း အပြစ်ရှိကြသည်။ ထို့ကြောင့် အပြစ်ရှိသော မိဘသည် သန့်ရှင်းသော သားသမီးကို မမွေးဖွားနိုင်ပါ။ အပြစ်သားမိဘသည် အပြစ်သား များကိုသာ မွေးဖွားကြသည်။

(ဃ) မသန့်ရှင်းနိုင်
    လူသည် အဘယ်သို့သောသူဖြစ်၍ သန့်ရှင်းနိုင်သနည်း။ မိန်းမဖွားသောသူသည် အဘယ်သို့သောသူ ဖြစ်၍ ဖြောင်မတ် နိုင်သနည်း။ (ယောဘ၊ ၁၅ း ၁၄)
    ဤကျမ်းပိုဒ်က  လူမိန်းမမှဖွားသော သူတိုင်း မသန့်ရှင်း မဖြောင့်မတ်ဟုဆိုထားသည်။ လောက၌ မိန်းမမှမွေးဖွားသော သူမရှိ။ ထို့ကြောင့် မိန်းမဖွားသောသူတိုင်းသည် မသန့်ရှင်းမဖြောင့်မတ်။

(င) အမိဝမ်းထဲမှ
    အကျွနု်ပ်သည် မွေးစကပင်အပြစ်ပါလျက် ရှိ၏။ အမိဝမ်းထဲမှ ပိဋိသန္ဓေယူစဉ်ကပင် အပြစ်စွဲပါ၏ (ဆာ၊ ၅၁ း ၅)
    ဒါဝိဒ်မင်းကြီးသည် မွေးစကပင် အပြစ်ပါကြောင်း၊ အမိဝမ်းတွင်းမှာပင် အပြစ်ရှိကြောင်း ဝန်ခံထား ပါသည်။ ထိုသို့အပြစ် မျိုးစေ့သည် မွေးစကပင်ပါသောကြောင့် ကြီးလာသောအခါ အလိုအလျောက် အပြစ်လုပ်တတ်ကြသည်။ အမိဝမ်းတွင်း၌ ဒုစရိုက် အပြစ်မလုပ်နိုင်ပါ။ ထို့ကြောင့် အပြစ်သည် မွေးရာပါအပြစ်ဖြစ်သည်။ လူတိုင်းမွေးရာပါအပြစ်ကြောင့် အပြစ်သားဖြစ်ကြသည်။ ဒုစ ရိုက်အပြစ်လုပ်သောကြောင့် အပြစ်သားဖြစ်ကြ သည်မဟုတ်။ အပြစ်သားဖြစ်သောကြောင့် ဒုစရိုက်အပြစ်လုပ်သည်။

(စ) ရိုင်းသောသဘော
        မတရားသော သူတို့သည် အမိဝမ်းထဲမှစ၍ ရိုင်းသောသဘောရှိကြ၏။ မွေးကတည်းက လမ်းလွဲ၍ မုသားစကားကို ပြော တတ်ကြ၏ (ဆာ၊ ၅၈ း ၃)။
    ရိုင်းသောသဘောသည် မွေးရာပါဖြစ်သည်။ လမ်းလွဲခြင်းနှင့် မုသားပြောခြင်းလည်း မွေးရာပါဖြစ်သည်။ လူတိုင်းရိုင်း သော သဘောရှိကြသည်။ မုသားလည်း လူတိုင်း ပြောတတ်ကြသည်။ ထို့ကြောင့် လူသည် မွေးရာပါ အပြစ်ရှိကြောင်း ထင် ရှားသည်။

ဘုရားအပေါ်ပြစ်မှား
    မွေးရာပါ အပြစ်သည် အာဒံကြောင့်ဖြစ်သည်။ လူလူချင်းအပေါ် ပြစ်မှားသော အပြစ်မဟုတ်ဘဲ ဘုရားသခင်အပေါ် ပြစ်မှားသော အပြစ်ဖြစ်သည်။ အာဒံသည် ဘုရားအပေါ်ဖြစ်မှားသည်။ အာဒံသားသမီးတိုင်း လည်း အာဒံမှတဆင့် ဘုရားအ ပေါ်ပြစ်မှားကြပြီ။    

အပြစ်၏အခသေခြင်း
    အပြစ်၏အခကား သေခြင်းပေတည်း (ရော၊ ၆ း ၂၃)။ အပြစ်တရားအားဖြင့် သေခြင်း တရားဝင်သည် (ရော၊ ၅ း ၁၂)
    ကျမ်းစာက အပြစ်၏အခကား သေခြင်းဟုဆိုထားသည်။ ထို့ကြောင့် သေခြင်းအကြောင်းကို သိရှိထား ဘို့လိုသည်။ သေ ခြင်း သုံးမျိုးရှိသည်။ ထိုသုံးမျိုးစလုံးသည် ခွဲခွာခြင်းဟု အဓိပ္ပါယ်ရသည်။

(က) ကိုယ်ခန္ဓာသေခြင်း
    ကိုယ်ခန္ဓာသေခြင်းသည် ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ခွဲခွာခြင်း ဖြစ်သည်။ ကိုယ်ခန္ဓာထဲမှ စိတ်ဝိညာဉ် ထွက်ထားသောအခါ ကျန် ရစ်သော ကိုယ်ခန္ဓာကို လူသေဟု ခေါ်ကြသည်။ တရားစရပ်မှူး၏ သမီးသေသော အခါ သခင်ယေရှုက သူမ၏ စိတ်ဝိညာဉ် ပြန်လာစေ သောအခါ အသက်ပြန်ရှင်လာသည် (လု၊ ဂး ၅၃-၅၅)။
    ကိုယ်ခန္ဓာသေသောအခါ စိတ်နှင့်ဝိညာဉ်သည် ယုံကြည်သူဖြစ်ပါက ကောင်းကင်ဘုံ၊ မယုံကြည်သူဖြစ် ပါက ငရဲသို့သွား ရသည် (လု၊ ၁၆ း ၂၂-၂၃)။ ကိုယ်ခန္ဓာမူကား မြေမှုန်မှဖြစ်သောကြောင့် မြေမှုန်သို့ပြန်သွား ရသည် (က၊ ၃ း ၁၉)။ ကိုယ်ခန္ဓာသေ ခြင်းသည် သားမယား ဆွေမျိုးများနှင့်လည်း ခွဲခွာသောကြောင့် ဝမ်းနည်းရကြသည်။

(ခ) ဝိညာဉ်ပိုင်းဆိုင်ရာသေခြင်း
    ဝိညာဉ်သည် မသေနိုင်ချေ။ သေလျှင်ငရဲ၌ ဝေဒနာခံစားရာရှိမည်မဟုတ်။ သို့သော် ဘုရားသခင်နှင့် အဆက်ပြတ်ခြင်းကို ဝိညာဉ် ပိုင်းဆိုင်ရာသေခြင်း ဟုခေါ်သည်။ အာဒံသည် ဘုရားစကား နားမထောင်သောကြောင့် ဘုရားနှင့်ခွဲခွာရသည်။ ဘုရား သခင်က အာဒံအား ကောင်းမကောင်းသိကျွမ်းရာ အပင်၏ အသီးစားသောနေ့တွင် ဧကန်အမှန်သေရမည်ဟုဆိုသည် (က၊ ၂ း ၁၇) အာဒံသည် ထိုအသီး စား သောနေ့တွင် ဘုရားနှင့်ခွဲခွာခြင်းဖြင့် သေသွားသည်။ သူ့ကိုယ်ခန္ဓာမသေသေးသော်လည်း ဘုရား သခင်နှင့်ခွဲခွာခြင်းသည် သေခြင်းဖြစ်သည်။ အာဒံသည် ဝိညာဉ်ပိုင်းသေပြီးမှ သားသမီးရသောကြောင့် လူတိုင်း ဝိညာဉ်ပိုင်း ဆိုင် ရာ သေပြီး သားနှင့်မေါးကြသည်။ ထို့ကြောင့် ကိုယ် ခန္ဓာသေလျှင် ငရဲသို့ရောက်ဘို့ရန် မွေးဖွားကြသည်။

(ဂ) ဒုတိယသေခြင်း (သို့) ထာဝရသေခြင်း
    ဒုတိယသေခြင်း (သို့) ထာဝရသေခြင်းသည် အသက်ရှင်စဉ်ကယ်တင်ခြင်းသို့ မရောက်သောကြောင့် ထာဝရမီးအိုင်ထဲ သို့ ရောက် သွားခြင်းကိုဆိုလိုသည်။ ဘုရားသခင်နှင့် ထာဝရခွဲခွာခြင်း ဖြစ်သည် (ဗျာ၊ ၂၁ း ၈)။

သင်ခန်းစာ(၄)မှ  မေးခွန်းများ
၁။    အပြစ်ဘယ်နှစ်မျိုးရှိသနည်း။ ဖော်ပြပါ။------------------------
၂။    မွေးရာပါအပြစ်သည် မည်သူအားဖြင့်ဖြစ်သနည်း။--------------------------
၃။    မွေးရာပါအပြစ်သည် မည်သူ့အပေါ် ပြစ်မှားခြင်းဖြစ်သနည်း။---------------------
၄။    အာဒံ၏ အပြစ်ကို ရော၊ ၅ း ၁၉ မည်သို့ဖော်ပြသနည်း။-----------------------
၅။    မသန့်ရှင်းသော အထဲမှာ သန့်ရှင်းသောအရာ ထုတ်ဖော်နိုင်သလော။ -------------
၆။    လူသည် မည်သည့်အချိန်မှစ၍ အပြစ်ပါသနည်း။---------------------------
၇။    လမ်းလွဲခြင်းနှင့် မုသားပြောတတ်ခြင်းသည် မည်သည့်အရွယ်မှစသနည်း။ ----------------
၈။    အပြစ်၏အခကား အဘယ်အရာနည်း။----------------------------
၉။    သေခြင်းသုံးမျိုးဖော်ပြပါ။--------------------------------------------------------
၁၀။    ဝိညာဉ်ပိုင်းဆိုင်ရာ သေခြင်းသည် မည်သူနှင့်ခွဲခွာခြင်းဖြစ်သနည်း။ ----------------------

No comments:

Post a Comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....