Monday, 5 October 2020

ဘုရားရှင်ထံမှ မေတ္တာလက်ဆောင်

(၂ဝ-၁၂-၉၈)နေ့
Dr.တင်မောင်ထွန်း-တရားဒေသနာ

သခင်ခရစ်တော်၏မွေးနေ့တော်သည် ကမ္ဘာ့သမိုင်းတွင်ရှိခဲ့သောဖြစ်ရပ်တစ်ခုဖြစ်ပါသည်။ “တော်”ဟူသော ဝေါဟာရကို သတိပြုမည်ဆိုပါက ဖွားမြင်ခြင်းခံတော်မူသော ပုဂ္ဂိုလ်သည် ဘုရားရှင်ဖြစ်ကြောင်း သိရှိနိုင်ပါသည်။ လောကတွင် လူတို့သည် တစ်ဦးနှင့်တစ်ဦးခြားနားမှုအမျိုးမျိုးရှိကြပါသည်။ ညီအစ်ကိုရင်းပင်ဖြစ်လင့်ကစား ပညာကွာခြားကြသည်။ စွမ်းရည်ကွာခြားသည်။ မွေးရာပါဗီဇသဘာဝတွင်ခြားကြသလို ဝိရိယနှင့်ကြိုးစားမှုကြောင့် ခံစားရသောရလဒ် ချင်းကွာခြားကြသည်။ ထို့နည်းတူ ဘုရားရှင်၏ သားသမီးများအနေဖြင့်လည်း ခံစားရသောကျေးဇူးမင်္ဂလာမှာ မကွာခြား သော်လည်း ကောင်းချီးမင်္ဂလာခံစားရမှုကားခြားနား ကြပါသည်။ ဤသို့ခြားနားရခြင်းမှ ခရစ်စမတ်၏ သစ္စာတရား ကြောင့်ဖြစ်ပေသည်။

တစ်ဆင့်နောက်တစ်ဆင့်

(ကမ္ဘာ၊၁၂)တွင် အာဗြံအမည်ရှိလူတစ်ဦးကို တွေ့ရသည်။ သူသည်လူသားထဲမှလူသားတစ်ဦးဖြစ်ပါသည်။ အစကနဦးတွင် ဘုရားသခင်က သူ့အားအမည်နာမနှင့်ခေါ်၍ နှုတ်ဆက်ပြီးစကားပြောပါသည်။ ထို့နောက်တွင် အာဗြံသည် ထာဝရဘုရားအတွက် ယဇ်ပလ္လင်ကို တည်လျက်ကိုးကွယ်ခြင်းပြုပါသည်။ နောက်ပိုင်းတွင် အာဗြံသည် “အာဗြဟံ”ဟူသော အမည်သစ်ကို ဘုရားရှင်ထံမှ ခံရပါသည်။ အာဗြဟံသည် မိမိဖွားသောသားဣဇက်အား ဘုရားသခင်အကြောင်းတစ်ဆင့်ပြန်၍ အသိပေးပြောပြသဖြင့် ဣဇက် သည်ဘုရားရှင်ကိုသိရှိကိုးကွယ်ခဲ့ပါသည်။ ဣဇက်မှတစ်ဆင် ယာကုပ်နှင့် ဧသောတို့သည် ဘုရားရှင်ကိုသိခွင့်ရခဲ့ပါသည်။ ဤကဲ့သို့ တစ်ဆင့်နောက်တစ်ဆင့် ကြားပြောခဲ့သော ဘုရားရှင်၏ဧဝံဂေလိတရားစကားသည် မြန်မာပြည်သို့ရောက်ရှိလာခဲ့သည်ဖြစ်၍ ယနေ့ကျွနု်ပ်တို့လည်း ထိုတရားစကားကို ကြား၍မြည်းစမ်းပြီးနောက် သက်သေရကြသဖြင့် ကိုယ်တော်ကိုသိရှိယုံကြည်ခွင့်ရခဲ့ပါ သည်။

တရားနှင့်ဘုရား

ဤလောကထဲတွင် တရားကိုအခြေထား၍ အမှီပြုအသက်ရှင်နေကြသူများရှိသလို အသက်ရှင်သောဘုရားနှင့် ပုဂ္ဂိုလ် ချင်းထိတွေ့ပြီး အသက်ရှင်နေသည့်လူများလည်းရှိနေပါသည်။ တရားကိုအခြေထား၍ အမှီပြုသူသည်စိတ်နှလုံးငြိမ်သက် အေးချမ်း မှုမရှိပါ။ တရားကအသိပေးဖေါ်ပြ၍ ကံသုံးပါးဖြင့်မှားမိခဲ့သော ဒုစရိုက်အကျိုးကြောင့် အပါယ်လားရမည်ဟု မနောအတွင်းစိတ် ကသတိပေးသဖြင့် တမလွန်အရေးမျှော်တွေးလေတိုင်းရတက်မအေးနိုင်အောင်ဖြစ်ရသည်။ ဘုရားနှင့် ပုဂ္ဂိုလ်ချင်းထိတွေ့သိရှိရသူ မှာတရားသာသိသူကဲ့သို့မဟုတ်ဘဲ ဘုရားရှင်၏သက်သေကိုမြင်တွေ့ခံစားပြီးမှ ကတိတော်အပေါ် ယုံကြည်အမှီပြုသောကြောင့် မနောဝိညာဉ်၏ငြိမ်သက်ချမ်းသာမှုနှင့် တမလွန်ကိုရင်ဆိုင်ရန်အသင့်ရှိသူဖြစ်သည်။

ယာကုပ်သည် ပထမပိုင်းတွင် အဘဣဇက်ထံမှ ဘုရားသခင်၏အကြောင်းကြားသိရပြီး အသိနှင့်ရှင်သန် နေသူဖြစ်သည်။ သို့သော်ယာကုပ်သည် ဘုရားရှင်ကိုအလေးထားအာရုံပြုသူဖြစ်သဖြင့် ခရီးသွား၍ လမ်း၌နားနေအိပ်စက် ချိန်တွင် ဘုရားရှင်က အိပ်မက်ရူပါရုံဖြင့်အတွေ့ခံခဲ့ပါသည်။ ထို့အတူ ကျွနု်ပ်တို့တစ်ဦးစီသည်လည်း အသက်ရှင်တော်မူသော ဘုရားရှင်၏ တရားစကားကို ကြားသိရသည့်အခါ လက်တွေ့သက်သေဖို့ရန် ဘုရားရှင်အားခေါ်ကြည့်ပါ။ မြည်းစမ်းကြည့်ပါ။ သို့ပြုပါက တရားစကားသက်သက် ကိုသာကြား၍ ယုံကြည်သူမဟုတ်တော့ဘဲ နှုတ်ကပတ်တော်ကိုယုံကြည်စေအံ့သောငှါ ဘုရားရှင်ထံမှသက်သေထူအတည်ပြုမှုကို ယာကုပ်ကဲ့သို့ ခံစားရမည်ဖြစ်သည်။

ဓမ္မအာဟာရ

လူသည်ဝဋကြွေးကံပိ၍ ထာဝရဘုရားနှင့် ဝိညာဉ်သဟာယပြတ်တော်နေသဖြင့် ကျွနု်ပ်တို့အားအပြစ်သားဘဝမှ လွတ်ငြိမ်းချမ်းသာခွင့်ရစိမ့်သောငှါ ဘုရားစင်စစ်ဖြစ်လျက်နှင့် ခရစ်တော်သည်အပျိုကညာ၏ ဝမ်းတွင်ပဋိသန္ဗေယူ၍ ဖွားမြင်ခြင်းကို ခံယူတော်မူခဲ့ပါသည်။ ထိုအရှင်သည် တရားသက်သက်ကိုသာပေးသောအရှင်မဟုတ်ပေ။ အပြစ်ကြောင့် ဘုရားရှင်နှင့်ဝိညာဉ် သဟာယပြတ်တော်ကနေသောလူသားများအတွက် ဓမ္မအာဟာရပြည့်စေရန် ကြွလာသော အရှင်ဖြစ်ပေသည်။ ထိုအရှင်ကြွလာသော သတင်းကိုဟေရုဒ်မင်းနှင့်ယုဒပြည်သူပြည်သားအပေါင်းတို့ကြားသိကြပါသော်လည်း ကိုယ်တော်ကိုယုံကြည် လက်ခံခြင်းမရှိကြပါ။ ထို့နည်းတူ ယနေ့လူမြောက်များစွာတို့သည် နှုတ်ကပတ်တော်စကားအား ကြားသိရသော်လည်း ကိုယ်တော် ကိုယုံကြည်ခြင်းမရှိကြပါ။

ထို့ထကသာ၍ဝမ်းနည်းစရာကောင်းသည်မှာ ခရစ်ယာန်အများစုသည် ကိုယ်တော်အကြောင်းကိုသာသိရှိကြပြီး၊ ခရစ်စမတ်ပွဲအကြိမ်ကြိမ်ဆင်နွဲခဲ့ကြသော်လည်း သူတို့အသက်တာ၌ ခရစ်တော်အတူမပါရှိခြင်းပေတည်း။ သို့ဖြစ်၍ မေတ္တာနှင့်သတိပေးလိုသည်မှာ ကျွန်ုပ်တို့သည်တရားစကားကိုကြား၍ မထီမဲ့မြင်ပြုကာငြင်းပယ်သောသူများမဖြစ်ကြဘဲ နှုတ်ကပတ်တော်စကား မှန်ကြောင်းသက်သေရဖို့ ကိုယ်တော့်အားမြည်းစမ်းမည်ဆိုပါက နှလုံးသားကိုသိတော်မူသော အရှင်သည် လက်တွေ့သက်သေကို ခံစားစေမည်ဖြစ်ပါသည်။

အသက်မုန့်

ယေရှုကမိမိသည်အသက်မုန့်ဖြစ်ကြောင်း၊ မိမိထံသို့လာသောသူသည်နောက်တစ်ဖန်အဆာအမွတ်မခံရကြောင်း မိန့်တော်မူပါသည်(ယော ၆း၃၃-၃၅)။ မည်သည့်မွတ်သိပ်ခြင်းကိုပြောသနည်း။ သေပြီးသည့်နောက် မည်သည့်နေရာ ရောက်မည် မသိသောပူပန်သောကစိတ်ဖြင့် အသက်ရှင်နေသောမွတ်သိပ်ခြင်းကိုဆိုလိုခြင်းဖြစ်သည်။ ထိုသို့သောအသက်တာ၌ အသက်ရှင် နေသောသူသည် ကောင်းကင်မှဆင်းသက်သောအသက်မုန့်တည်းဟူသော ခရစ်တော်ကိုအသက်တာ၌ လက်ခံ ရရှိမည်ဆိုပါက အတွင်းစိတ်ဝိညာဉ်ငြိမ်သက်မှုကို ခံစားရကာ သေပြီးနောက်ဘယ်ဘဝရောက်မည်ကိုမသိသော စိုးရိမ်စိတ်(ဝါ) တမလွန်အတွက် စိုးရိမ်ပူပန်သော မွတ်သိပ်မှု ပြေပျောက်သွားမည်ဖြစ်ပါသည်။ ယေရှုက ငါ့ထံသို့လာသောသူကိုငါသည် အလျင်းမပယ်ဟု ကတိတော် ရှိပါသည်။ ထို့ကြောင့် ကျွနု်ပ်တို့ဘက်ကလုပ်ဆောင်ရန်ရှိသည်မှာ မေတ္တာနှင့်ခေါ်ဖိတ်နေသော ကိုယ်တော့်ထံသို့သွားကြဖို့ဖြစ်ပါသည်။

မေတ္တာလက်ဆာင်

ယနေ့လူသားများခံစားရန်အတွက် ဘုရားသခင်ပြင်ဆင်ပေးသည့်ခရစ်စမတ်လက်ဆောင်သည် အပိုင်း(၂)ပိုင်းရှိပါ သည်။ ပထမအပိုင်းမှ အပြစ်ကြောင့်ကွဲကါာနေသောလူသားများသည် သခင်ခရစ်တော်အားဖြင့် ဘုရားရှင်နှင့်ပြန်လည် ဆက်သွယ်ပေါင်း သင်း၍ မိတ်သဟာယဖွဲ့နိုင်ရန်ဖြစ်သည်။ ဤအပိုင်းကဏ္ဍကိုခံစားဖို့လူ့ဖက်ကကြိုးစားလုပ်ဆောင်စရာမလိုပါ။ ဘုရားရှင်ကိုယ်တော် တိုင်ကမေတ္တာနှင့်လုပ်ဆောင်ပေးသောအရာဖြစ်ပြီး ထိုလက်ဆောင်ကိုကျွနု်ပ်တို့ကယုံကြည်ခြင်းဖြင့် လက်ခံယူဖို့သာဖြစ်ပါသည်။ ဘုရားရှင်ထံမှမေတ္တာလက်ဆောင်ကိုရရှိပြီးဖြစ်လျှင် တမလွန်အရေးပူစရာမလိုတော့ပါ။ အပါယ်ငရဲမှလွတ်၍ ထာဝရကာလအာမခံ ချက်ကိုရရှိပြီးသောကြောင့် ဒုတိယပိုင်းအဖြစ် ဘုရားစကားနားထောင်လိုက် လျှောက်ခြင်းဖြစ်ကောင်းချီးမင်္ဂလာခံစားနိုင်ရန်ဖြစ်သည်။ သို့ဖြစ်၍ ယနေ့ကြားနာရသောဒေသနာကိုဆင်ခြင်၍ ဘုရားရှင်ထံမှ မေတ္တာလက်ဆောင်မခံစားရသေးပါက ယခုပင်ကိုယ်တော်ကို ကယတင်ရှင်အဖြစ်လက်ခံခြင်းအားဖြင့် ဘုရားရှင်ပေးသော မေတ္တာလက်ဆောင်ကိုလက်ခံယူဖို့ဖြစ်သလို လက်ဆောင်ရရှိခံစားပြီး သူများအနေနှင့်လည်း နေ့စဉ်အသက်တာ၌ ကိုယ်တော်၏စကားတော်ကိုနာခံအသက်ရှင်ခြင်းအားဖြင့် ကြွယ်ဝသောကောင်းချီး မင်္ဂလာတော်ကိုနာခံအသက်ရှင်ခြင်းအား ဖြင့် ကြွယ်ဝသောကောင်းချီးမင်္ဂလာခံစားရရှိသူများဖြစ်ကြမည့်အကြောင်း မေတ္တာနှင့် သတိပေးဝေငှလိုက်ရပါသည်။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....