Monday, 5 October 2020

အို… အံ့ဘွယ် ကျေးဇူးတော် (ဆောင်းပါး)

ကျေးဇူးတော်ဆိုသည်မှာ…

ချစ်စွာသော စာဖတ်ပရိတ်သတ်များ
                        ကျေးဇူးတော်ဆိုသည်မှာ မထိုက်တန်ဘဲ ရရှိသည့် ဘုရားသခင်၏ မျက်နှာသာပေးမှုဖြစ်သည်။ ဘုရားသခင်၏ မျက်နှာသာကို ငွေဖြင့်မဝယ်နိုင်၊ မိမိ၏ ကြိုးစားလုပ်ဆောင်မှုဖြင့် မရရှိနိုင်ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကိုနှင့် ထိုက်တန်ခြင်းမရှိပါ။ ကျွန်ုပ်တို့အတွက် ကျွန်ုပ်တို့ ကိုယ်တိုင် မလုပ်ဆောင်နိုင်သည့်အရာကို ဘုရားသခင်က တစ်ဖက်သတ် လုပ်ဆောင်ပေးခြင်း ဖြစ်သည်။
“နှုတ်ကပတ်တော်သည်လည်း လူ့ဇာတိအဖြစ်ကို ခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့် လည်းကောင်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍…” (ယော ၁:၁၄)

အဘယ်ကြောင့် ကျေးဇူးတော်ကို လိုအပ်သနည်း?

                        ကျွန်ုပ်တို့ လူသားအားလုံးသည် လမ်းလွဲသောသိုးကဲ့သို့ လမ်းလွဲလျက် ကိုယ့်လမ်းသို့ အသီးသီးလိုက်သွားကြသူများဖြစ်သည်။ (ဟေရှာယ ၅၃:၆) တစ်ယောက်သောသူ အာဒံ၏ စကားနားမထောင်ခြင်းကြောင့် အာဒံမှ မွေးဖွားဆင်းသက်လာသော လူသားအားလုံးမှာ အပြစ်သား ဖြစ်ခဲ့ရသည်။ အပြစ်၏ အကျိုးဆက်မှာ သေခြင်း ဖြစ်သည်။ (ရော ၅:၁၂)
                        သေခြင်း (၂) မျိုးရှိသည်။ ပထမသေခြင်းမှာ လူတိုင်း မလွဲမသွေ ကြုံတွေ့ရမည့် ခန္ဓာသေခြင်းဖြစ်ပြီး၊ ဒုတိယသေခြင်းမှာ ထာဝရငရဲမီးတွင် ထာဝရစီရင်ခြင်းကို ခံရခြင်းကို ဆိုလိုပါသည်။ (ရောမ ၅:၁၂) တွင် ဖော်ပြထားသော သေခြင်းမှာ ဒုတိယသေခြင်းကို ဆိုလိုသည်။
                        ထို့ကြောင့် လူသားသည် မွေးကတည်းက သေမိန့်ကျခံထားရသော အပြစ်သားဖြစ်နေသောကြောင့် အပြစ်မှ လွတ်မြောက်ရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားကြပေသည်။ ကောင်းသော အကျင့်ကျင့်ခြင်း၊ ကောင်းမှုလုပ်ခြင်း၊ ဘာသာတရားကိုင်းရှိုင်းခြင်းဖြင့် အမျိုးမျိုးကြိုးစားကြသော်လ်ညး လူတို့၏ လုပ်ဆောင်ချက်အားဖြင့် အပြစ်မှ မလွတ်မြောက်နိုင်ပါ။ (ဟေရှာယ ၆၄:၆)၊ (သုတ္တံ ၁၆:၂၅)


ကျေးဇူးတော်သည် ယေရှုခရစ်အားဖြင့်…

                        ကျေးဇူးတော်မှာ သခင်ယေရှုခရစ်အားဖြင့်သာ ဖြစ်ပါသည်။ (ယော ၁:၁၇) ဘုရားသခင်သည် ကျွန်ုပ်တို့အား အလွန်ချစ်သောကြောင့် သားတော်အားဖြင့် တစ်ဖက်သတ် ကျေးဇူးပြုခဲ့ပါသည်။ တစ်ယောက်သောသူ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ကိုယ်စား အပြစ်၏ အဖိုးအခသေခြင်းကို လက်ဝါးကပ်တိုင်ပေါ်တွင် ခံယူခဲ့ပါသည်။ အသေခံပြီး (၃) ရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ခဲ့သည်။ အာဒံ ပြစ်မှားခြင်းက ကျွန်ုပ်တို့ကို သေခြင်းသို့ ပို့ဆောင်သော်လည်း ယေရှုခရစ်၏ လုပ်ဆောင်ချက်က အသက်ရှင်ခြင်းသို့ ပို့ဆောင်လေပြီ။ သခင်ယေရှုအားဖြင့် အပြစ်နှင့် စီရင်ခြင်းမှ လွတ်မြောက်ပြီး ဖြောင့်မတ်သောသူ ဖြစ်ခွင့်ရပြီ။ ထိုအရာသည် “ကျေးဇူးတော်” ပင်ဖြစ်ပါသည်။ (ရောမ ၅:၁၅-၂၁) တွင် ထိုကျေးဇူးတော်မှာ ပြည့်စုံသော ကျေးဇူးတော် ဖြစ်ပါသည်။ ထာဝရအသက်ရရှိခြင်း (ငရဲမှ လွတ်ခြင်း) တစ်ခုတည်း မဟုတ်ပါ။ ယခုဘဝတွင်လည်း ကြွယ်ဝပြည့်စုံသော အသက်တာ (ကောင်းချီးမင်္ဂလာ) ကို ခံစားခွင့်ပေးပါသည်။ (ယော ၁၀:၁၀)
“ထိုသူ၏ ပြည့်စုံခြင်းမှလည်း ကျေးဇူးတပါးမှ ထပ်ဆင့်၍ ကျေးဇူးတပါးကို ငါတို့ ရှိသမျှသည် ခံရကြပြီ။” (ယော ၁:၁၆)


ကျေးဇူးတော်ကို မည်ကဲ့သို့ ရယူမည်နည်း။

ချစ်မိတ်ဆွေ…
                        သည်မျှလောက် ကောင်းမြတ်လှသော ဘုရားသခင်၏ အံ့သြဘွယ် ကျေးဇူးတော်ကို သင်ရယူမည်လော။ ငြင်းပယ်မည်လား။ ယခုပင် သင်ရယူနိုင်ပါသည်။ သခင်ယေရှုကားတိုင်ပေါ်တွင် အသေခံခဲ့ခြင်းမှာ သင့်အတွက်ဖြစ်ကြောင်း ယုံကြည်ပါ။ ကိုယ်တော်ကို သင်၏ ကယ်တင်ရှင်နှင့် သခင်ဘုရားအဖြစ် သင့်နှလုံးသားထဲတွင် လက်ခံအုပ်စိုးစေပါ။ အရာခပ်သိမ်းသည် သင်၏ လုပ်ဆောင်ချက်ကြောင့် မဟုတ်ဘဲ သခင်ယေရှုအားဖြင့်သာ ခံစားရသော ကျေးဇူးတော် သက်သက်ဖြစ်ကြောင်း အကြွင်းမဲ့ သင်ယုံကြည်နိုင်ရန် ဝေမျှလျက်…


ဝန်ခံချက်
“သန့်ရှင်းသူ” စာစောင်မှ ခွန်အားရသဖြင့် ကောက်နှုတ်ဖော်ပြပါသည်။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....