Wednesday, 15 March 2017

အိပ်မက်ထဲ၌ ရပ်နေခြင်း (Standing in Your Dream)

အကယ်၌ ဘုရားသခင်က သင့်အား အိပ်မက်
တစ်ခုပေးထားပြီး၊ ၎င်းအိပ်မက်က တစ်စုံတစ်
ခုအား ကြီးမားစွာ လုပ်ဆောင်ဖို့ ဖြစ်သည်။
သို့သော် သင်၏လက်ရှိအခြေအနေက သင့်
အိပ်မက်အား အကောင်းအထည်ဖော်ဖို့ရန်
မဖြစ်နိုင်ဟု ထင်မှတ်ရသည်ဆိုပါက ဤ
ဆောင်းပါးသည် သင့်အတွက်
ဖြစ်ပါသည်။

ကျွန်မ ဤဆောင်းပါးကို ရေးသားရခြင်းမှာ သင့်အိပ်မက်ကို သင်ဆက်လက်ဆုပ်ကိုင်ထားဖို့၊ သင့်မှာ ဘယ်လောက်ပဲ သိမ်ငယ်စိတ်ခံစား နေရပါစေ၊ သင်၏အိပ်မက်က အမှန်တကယ်ဖြစ်လာဖို့ရန်အတွက် သိပ်ကြီးမားလွန်းနေပါစေ၊ ဘုရားသခင်သည် ထိုအိပ်မက်အား သင့်အသက်တာ၌ ဖြတ်သန်းသွားဖို့ရန် အတွက် တတ်နိုင်တော်မူသောဘုရား ဖြစ်ကြောင်း သတိပေးဖို့ ဖြစ်ပါသည်။

ကျမ်းစာက ဤသမ္မာတရားကို ထပ်ခါတလဲလဲ ဖွင့်ပြထားပါသည်။ အသက် (၁၀၀)ခန့်ရှိသော အာဗြဲဟံ၊ သူ့မှာ သားတစ်ယောက်မှမရှိ၊ မိန်းမကလည်းအိုမင်းနေပြီး သားမဖွားသောအမြုံမ ဖြစ်နေ သည်။ ထိုကဲ့သို့သော အခြေအနေမှာပင် ဘုရားသခင်က သူ့အားသားတစ်ယောက် ပေးမည့် အကြောင်း အိပ်မက် မက်ရဲခဲ့သည်။ ဘုရားသခင်က သူ့အားလူမျိုးများစွာတို့၏ ဖခင်ဟု မိမိကိုယ်ကို ခေါ်ဆိုရန် မိန့်ဆိုသည့်အချိန်တွင် သူ့ဘေးပတ်ဝန်းကျင်ရှိလူများက သူ့အား ဝိုင်းရယ်ခဲ့ကြမည်။ သို့သော် အာဗြဟံက ဘုရားသခင်၏ ကတိတော်ကိုသာ ယုံကြည်စွဲလန်းနေခဲ့ပြီး နောက်ဆုံးမှာတော့ သူ့အိပ်မက်ထဲမှာ သူကိုယ်တိုင်ရပ်နေပြီ ဖြစ်ကြောင်း တွေ့ခဲ့ရသည်။

သမ္မာကျမ်းစာတစ်ခုလုံးက ဖြစ်နိုင်ဖွယ်မရှိသော အိပ်မက်တွေပိုင်ဆိုင်ထားသည့် လူတွေအကြောင်းနှင့် ပြည့်နေပါသည်။ ဘုရားသခင်က ကျွနု်ပ်တို့အား ထိုအကြောင်းအရာတွေကို ဖတ်ရှုရုံမျှမက ကျွနု်ပ်တို့ အထဲ၌ ထိုသမ္မာတရား ရှင်သန်နိုးကြွလာဖို့ ရည်ရွယ်ပါသည်။ သို့သော် ကျွန်မတို့က သူတို့အကြောင်း ဖတ်တိုင်း သူတို့ဟာ ကျွန်မတို့လို သာမာန် လူမျိုးမဟတ်ဘဲ အလွန်ထူးခြားသော ပုဂ္ဂိုလ်များဟာ ရှုမြင် မိကြပါသည်။

သူတို့တွေလည်း ကျွန်မတို့ကဲ့သို့ အသက်တာမှာ အမှားတွေ၊ ကျရှုံးမှုတွေ၊ အားနည်း ချက်တွေ၊ အရည်အချင်းမပြည့်ဝမှုတွေ ရှိတယ်ဆိုတာ ကျွန်မတို့မေ့နေတတ်ပါသည် (ယာကုပ် ၅း ၁ရ) ကို ကြည့်ပါ။ ဤကဲ့သို့ ထင်မြင်မှု၏ ရလဒ်မှာ ဘုရားသခင် ကျွန်မတို့အားပေးမည့် ကြီးမားသော အိပ်မက်တွေကို လက်ခံဖို့ ရှက်ရွံ့စွာနှင့် ပြေးထွက်မိခြင်းဖြစ်သည်။ ဟိုးရှေးရှေးတုံးက ယုံကြည်ခြင်း သူရဲကောင်းတွေအားဖြင့် ဘုရားသခင် အံ့သြဖွယ် အုပ်လုပ်ခဲ့သလို၊ ဒီကနေ့လည်း ကျွနု်ပ်တို့အားဖြင့် အလုပ်လုပ်ကောင်း လုပ်မှာပဲဆိုတဲ့ အတွေးနဲ့သာ ဒယီးဒယိုင်လျှောက်မိပေသည်။ သည့်အတွက် ကြောင့် ယနေ့သင့်ကို ကျွန်မ သက်သေပြချင်ပါသည်။ ကျမ်းစာထဲက အဖြစ်အပျက်သက်သက်မဟုတ် ကျွန်မရဲ့ အသက်တာထဲက အတွေ့အကြုံကိုလည်း ဝေငှချင်ပါသည်။

ဘုရားသခင်ကို သင်အမှန်အကယ် ယုံကြည်မည်ဆိုပါက ကိုယ်တော်သည် သင့်အားဖြင့် မဖြစ်နိုင် သည့် အမှုများကို ပြုမည်ဖြစ်ပါသည်။ ဤအချက်တကယ်ပဲ မှန်ကန်ကြောင်း ကျွန်မ ပြောရဲသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ ကျွန်မနှင့် ကျွန်မခင်ပွန်း ကဲနက်သ်တို့ ကျွန်တို့၏ အိပ်မက်ထဲ၌ ရပ်နေကြပြီ ဖြစ်သောကြောင့်တည်း။ ကျွန်မတို့၏ နှလုံးသားထဲ၌ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဘုရားသခင်ထားရှိခဲ့သောအရာတွေ၊ ဒီကနေ့ လက်တွေ့ဖြစ်နေသည်ကို ကျွန်မမြင်နေရပါသည်။

ကျွန်မ လေးလေးနက်နက် ပြောလိုသည်မှာ ကျွန်မနှင့် ကဲနက်သ်ဟာ လူထူးလူဆန်း ပုဂ္ဂိုလ်တွေ မဟုတ်ဘူးဆိုတာပဲ ဖြစ်သည်။ ကျွန်မတို့သည် ဘုရားသခင်၏ အမှုတော်မြတ်အတွက် အထူး (Special) ရွေးကောက်ခံရသူတွေ မဟုတ်ပါ။ ဆန့်ကျင်ဘက်ပြောရလျှင် ယခုလို အသက်တာ မရောက်ခင်၌ ကျွန်မတို့သည် အရှုပ်ထွေးနှင့် ကသောင်းကနင်း ဖြစ်နေသော ဘဝဖြင့်သာ အသက်ရှင် ခဲ့သူများ ဖြစ်ပါသည်။

ကြီးမားသော အကြွေးများနှင့် ညံ့ဖျင်းသော ဆုံးဖြတ်ချက်များ (Big Debts and Bad Decision)
တကယ်တော့ ကျွန်မနဲ့ ကဲနက်သ်က အမြဲတမ်း တရားဟောဆရာတွေ ဖြစ်ခဲ့တာမဟုတ်ပါ။ ကျွန်မ ကဲနက်သ်ခုပ်လန်းကို ပထမဆုံး တွေ့သည့်အချိန်၌ တရားဟောဆရာတစ်ယောက်ဖြစ်ဖို့ ဝေးစွ၊ သူက လေယာဉ်မောင်းတစ်ယောက်၊ ပြီးတော့ Night-club မှာ သီချင်းဆိုသည်။

ပထမဆုံးသော စနေ၊ တနင်္ဂနွေ အားလပ်ရက်မှာ ကျွန်မတို့ နှစ်ယောက် အပြင်ထွက်ကြသည့်အခါ၊ သူက ကျွန်မကို လက်ထပ်ဖို့ တောင်းဆိုလာသည်။ ကျွန်မက သူ့အား ‘ဟုတ်ကဲ့’ လို့ အဖြေပေးလိုက်မိ သည်ကို ကျွန်မကိုယ်ကျွန်မအံ့သြမိခဲ့သည်။ ကျွန်မကိုယ်ကျွန်မ မယုံကြည်နိုင် ဖြစ်ရသည်။ ဟုတ်ပါသည်၊ အဲဒီတုန်းက ကျွန်မအသက်က (၁၉)နှစ်ပဲ ရှိသေးသည်ဆိုတော့ ကောင်းကောင်း မစဉ်းစားမိတတ်၊ ငါဘာလုပ်လိုက်မိပြီလဲ? ကျွန်မ သူ့အကြောင်း ကောင်းကောင်းမသိ၊ (သူက လူချော တစ်ယောက်တော့ ဖြစ်သည်။ ယခုလို ကျွန်မမျက်စိကို စေ့စေ့ကြည့်ပြီး ချစ်ရေးဆိုသူ တစ်ဦး တစ်ယောက်မှ ကျွန်မဘဝမျာ ယထင်က မရှိခဲ့ဘူးပါ) ကျွန်မကိုယ်ကျွန်မ ‘ငါ ဒီအထဲကနေ မကြာခင် ရုန်းထွက်နိုင်မှာပါ’ လို့ ကိုယ့်ကိုယ်ကို အားတင်းမိသည်။

သို့သော် ကံမကောင်းအကြောင်းမလှစွာနှင့်ပင် ကျွန်မ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ ကဲနက်သ် ခုပ်လန်းနှင့် ကျွန်မ လက်ထပ်လိုက်မိသည်။ တကယ်တော့ ကဲနက်သ် ခုပ်လန်းနဲ့ သူ၏အကြွေး စာရင်း တွေကို ကျွန်မလက်ထပ်လိုက်ခြင်း ဖြစ်သည်။ ကျွန်မတို့၏ စွန့်စားမှုက အကြွေးတွေနှင့် တာထွက် ခဲ့သည်။ အကြွေးက သူ့ဘဝလမ်းခရီးတစ်ခုလို ဖြစ်နေခဲ့သည်ပဲ။

ကျွန်မထင်သည်။ တစ်ခါတစ်ရံ သူ၏ သုံးဘီးတပ်စက်ဘီးကိုပင် ပေါင်ထားပြီး ငွေချေးခဲ့သည်။ နောက်ပြီးတော့ကော ဘာဖြစ်သေးလဲ? ချက်ခြင်းပဲ ကျွန်မတို့ညံ့ဖျင်းသော ဆုံးဖြတ်ချက်တွေ ချမိခဲ့ သည်။ (သင့်ကိုယ်သင် ထင်ကောင်း ထင်မိမည်။ ‘ငါ ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး မိုက်မဲတဲ့ အရာတွေ လုပ်မိခဲ့တယ်’ ကျွန်မကို ယုံပါ။ ကျွန်မတို့အားလုံး ဒီလိုလုပ်မိသူတွေချည်းပါပဲ)။

ကျွန်မတို့ လက်ထပ်ပြီးပြီးချင်း၊ ကဲနက်သ်က ဖွင့်ကာစ အလုပ်ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ဝင်လုပ် သည်။ ကျွန်မတို့ ကျိန်းသေပေါက် ချမ်းသာလာမယ်လို့ တွက်ဆထားခဲ့ပြီး ကျွန်မပင်လျှင် လက်ရှိ အလုပ်ကို စွန့်၍ အဲဒီ ကုမ္ပဏီကြီးမှာ အလုပ်ပြောင်းလုပ်ခဲ့သည်။ ကျွန်မက ကုမ္ပဏီမှာ အတွင်းရေးမှုး ရာထူူးကို ရခဲ့သည်။ သို့သော် မကြာပါ။ နှစ်ပတ်ကြာပြီးနောက် ကုမ္ပဏီက လုပ်ငန်းမလည်ပတ်နိုင်ဘဲ ရပ်ဆိုင်းသွားခဲ့သည်။

အဲသည်လောက် အခြေအနေဆိုးနှင့် ကြုံတွေ့ခဲ့သောနေ့တွေကို ကျွန်မဘယ်တော့မှာ မေ့နိုင်မည် မဟုတ်ပါ။ ကဲနက်သ်က နောက်အလုပ်သစ် တစ်ခုရှာနေချိန်တွင် ကျွန်မက ငှားထားသည့် အိပ်ခန်း သုံးခန်းပါ နေအိမ်လေး၌ ထိုင်နေပြီး၊ ကျွန်မတို့ဘဝမှာ ဖြစ်လာသည့်အရာတွေအတွက် အဲ့သြတွေေ၀ နေမိသည်။ ကျွန်မမှာ ဘယ်မှသွားစရာမရှိ၊ ပိုက်ဆံလည်းမရှိ၊ အလုပ်လည်းမရှိ။

ဘုရားသခင်က စာငှက်တွေကိုပင် ဂရုစိုက်သည်ဆိုလျှင်…  (If God cares about the Birds)
အဆိုးဆုံးက ကျွန်မမှာ ဘာမျှော်လင့်ခြင်းမှမရှိ။ ဘုရားသခင်ကို ကိုးစားရမှန်းလည်း မသိခဲ့။ ‘ဘုရားသခင်က ဘာတစ်ခုမှ အသစ်မလုပ်တော့ဘူး’ ဟု သွန်သင်သည့် ဂိုဏ်းဂနထဲမှာပဲ ကျွန်မ ကြီးပြင်းခဲသည်။ တစ်နေ့တော့ ကဲနက်သ်အတွက် သူ့အမေက မွေးနေ့လက်ဆောင် အဖြစ်ပေးထား သော ကျမ်းစာအုပ်ကို ကောက်ယူမိသည်။ စာအုပ်ရဲ့ ရှေ့ဆုံးမှာ သူမလက်ရေးနဲ့ ‘သားကဲနက်သ် .. ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတံ့’ (မ၊ ၆း ၃၃) လို့ ရေးထားတာကို ဖတ်မိသည်။

 ကျွန်မ သိပ်များများ စားစား မသိခဲ့။ ဘာပဲဖြစ်ဖြစ် ကျွန်မပိုပြီး သိသင့်တဲ့အရာတွေရှိမယ် လို့ ယူဆပြီး၊ အဲသည် ကျမ်းစာကို ဖွင့်လိုက်သည့်အခါ ဘုရားသခင်က စာငှက်တွေကို ကျွေးမွေးပြီး တောနှင့်ပန်း တွေကိုလည်း အလှဆင်ပေးကြောင်း ဖတ်မိသည်။  ‘ဘုရားသခင်က စာငှက်တွေကို ကျွေးမေါ်ပြီး တော်နှင်းပင်တွေကိုလည်း အဝတ်နဲ့ဖုံးလွှမ်းပေးတယ်ဆိုရင် ကျွန်မကိုလည်း သူဂရုစိုက်မှာပဲ’ လို့ တွေးမိသည်။

အဲသည်နေ့မှာ ကျွန်မဆုတောင်းပြီး သခင်ယေရှုကိုလည်း ‘ကိုယ်တော် ကျွန်မအသက်တာထဲမှာ ကိုယ်တော်တစ်စုံတစ်ခု လုပ်နိုင်တယ်ဆိုရင်၊ အဲဒီအရာကို ကိုယ်တော်ပဲယူတော်မူပါ’ လို့ ပြောခဲ့ပါ သည်။ ပြီးနောက် ကျွန်မ ဘုရားသခင်အကြောင်း ပိုမိုသိချင်လာသည်။ ဘုရားကျောင်းလည်း တက်ချင် လာသည်။

နှစ်ပတ်အတွင်း ကဲနက်သ်လည်း အလုပ်သစသစ်တစ်ခုရလာသည်။ ကျွန်မတို့ အိမ်ခန်းအသစ် တစ်ခု ဆီသို့ ပြောင်းရွေ့ခဲ့သည်။ ကားကောင်းတစ်စီးလည်း ဝယ်လိုက်သည်။ အဲဒါတွေအပြင် ထူးထူး ဆန်းဆန်း နောက်တစ်ခု ဖြစ်ပျက်ခဲ့သည်။ ဘုရားသခင်က ကဲနက်သ်ကို ပြောသည်။ ‘အခုချိန်က စပြီး ဒီမိသားစုကို ငါနဲ့မှန်ကန်စွာ ထိတွေ့ဆက်ဆံနိုင်ဖို့ လုပ်ဆောင်ပါ’ ကဲနက်သ်က သူ့ဘဝတစ်လျှောက် လုံး ဘုရားသခင်ဆီက ပြေးထွက်နေခဲ့သည်။ သို့သော် ယခုအချိန်မှာတော့ ဘုရားသခင်က လေးနက်စွာနှင့် အခိုင်အမာ ပြောဆိုနေသောကြောင့် သူ လျစ်လျူရှုမနေနိုင်တော့။ နှစ်ပေါင်းမျးစွာ ကြာခဲ့ပြီဖြစ်သော သူ၏ လူငယ်ဘဝမှာ Sunday School ဆရာမ Mrs. Taggert ရဲ့ ညွှန်ကြားချက် အတိုင်း သူလိုက်နာခဲ့သည်။ သူ၏ခေါင်းကို င့ုံ၍ သခင်ယေရှုအား သူ့စိတ်နှလုံးထဲ ဝင်ရောက်အုပ်စိုးဖို့ ဆုတောင်းခဲ့သည်။

အိမ်ခန်းသစ်သို့ ပြောင်းရွေ့သည့်နေ့မှာပဲ ကဲနက်သ်က ကျွန်မကို ပြောလာသည်။ ‘ငါအခုက စပြီး ဘုရားသခင်အကြောင်း တရားဟောတော့မယ်ဆိုရင် မင်းဘယ်လိုသဘောရလဲ’ လို့ မေးသည်။ ကျွန်မ စဉ်းစားမိခဲ့တာ သတိရသေးသည်။ ‘ဘာ… ရှင် တရားဟောတော့မယ်၊ ကျွန်မ ရှင့်ကို ဘုရားကျောင်း သွားဖို့တော် မစွမ်းဆောင်နိုင်ဘူး’။

အဲသည်နောက် မကြာခင်မှာဘဲ ကဲနက်သ်၏ မိဘများနှင့်အတူ အစည်းအဝေး တစ်ခုသို့ သွားခဲ့ပါ သည်။ ထိုအစည်းအဝေးမှာ ဝိညာဉ်တော်နှင့် ပြည့်ဝခြင်းကို ခံယူခြင်းနှင့် အခြားသောဘာသာ စကားပြောခြင်းအကြောင်း သိခဲ့ရပါသည်။ ဒီလိုသွန်သင်တာ ကျွန်မတစ်ခါမှ မကြားဖူးခဲ့သလို ဒီအရာ တွေဟာ ဘုရားသခင်ဆီကလာတာ ဟုတ်မဟုတ်၊ ကျွန်မသေသေချာချာ မခွဲခြားတတ်ပါ။ ဒါနဲ့ပဲ ကျွန်မအပြင်ထွက်ပြီး စီးကရက် တစ်လိပ်ဖွာရင်းနဲ့ စဉ်းစားနေမိသည်။

ကျွန်မ အပြင်ထွက်ထိုင်နေရင်း ဘုရားသခင်အား ‘ဘုရားသခင် ဒီအရာတွေဟာ ကိုယ်တော့်ထံမှ ဖြစ်တယ်ဆိုရင် ကျွန်မလည်း အဲဒီအရာကို လိုချင်တယ်’ ကျွန်မ ကောင်းကင်ကို ရီကျဲကျဲနဲ့ ကြည့်ရင်း စီးကရက်ကို ဖွာရိုက်ရင်းနဲ့ ဘုရားသခင်ထံမှ မဟုတ်သည့်အရာကို လက်ခံရယူဖို့ စိုးရိမ်နေမိပါသည်။

အိမ်ကလေးထဲမှ ကြီးမားသော အိပ်မက် (A Big Dream in a Little House)
ကျွန်မ ယခုလိုပြောလိမ့်မယ်လို့ သင်မျှော့်လင့်ကောင်း မျှော်လင့်နေမည်။ ‘ကျွန်မတို့ ဝိညာဉ်တော်၌ နှစ်ခြင်းရပြီးတဲ့အခါ ဘုရားသခင်ရဲ့ ခေါ်သံကြားရပြီး ကမ္ဘာကြီးကို ယေရှုအတွက် မှောက်လှန်ဖို့ စတင်ခဲ့ပါတယ်’ မဟုတ်ပါ။ အဲသည်လို မဟုတ်ခဲ့ပါ။ 
ကျွန်မတို့ ဝိညာဉ်ရေးရာမှာ နည်းနည်းလေးကြီးထွားလာခဲ့သည်။ သို့သော် အချိန်တော်တော်များများ၌ ရှေ့တိုးနောက်ဆုတ်လုပ်ရင်းနဲ့သာ အချိန်ကုန်ခဲ့သည်။ ကျွန်မတို့ အကြွေးတွေနဲ့ ငွေကြေးပြသနာကို ဆက်လက်ရင်ဆိုင်နေခဲ့ရသည်။ ဆုံးရှုံးမှု၊ ကျရှုံးမှု တစ်ခုပြီးတစ်ခု ကြုံတွေ့ခဲ့ရသည်။

အခြေအနေအမျိုးမျိုးနဲ့ ကြုံတွေ့အပြီးမှာ ကဲနက်သ်က Okalahoma, ပြည်နယ် Tulsa, မှာရှိသည့် အော်ရယ်ရောဘတ် တက္ကသိုလ် (Oral Roberts University) မှာ ကျောင်းတက်ဖို့ ဘုရားသငခင် နှိုးဆော်တယ်လို့ ဆိုလာ ပါသည်။ ကဲနက်သ်အတွက် အသက် ၃၀ အရွယ်မှာ ကောလိပ်ကျောင်းသားတစ်ယောက်ဖြစ်ခြင်းက သဘာဝမကျသော၊ မိုက်မဲသော လုပ်ရပ်တစ်ခုလို ဖြစ်နေပေသည်။ ‘Tulsa မှာ ငါ့အတွက် ဘာအလုပ် မှ မရှိမရှိဘူး’ သူကဆက်ပြောသည်။ ‘တို့တွေ ငတ်ဖို့ပဲရှိတယ်’ … ‘ငါတို့ အဲဒါကိုပဲ ရွေးချယ်ဖို့ အဆင်သင့် ဖြစ်နေပြီပဲ’ ကျွန်မက ဖြေလိုက်သည်။ ‘တို့ဒီမှာ ဘုရားသခင်ရဲ့ အလိုတော် အပြင်ဘက်မှာ နေပြီး ငတ်နေတာထက် ဘုရားသခင်ရဲ့ အလိုတော်ထဲမှာ ရှိပြီး Tulsa မှာ ငတ်နေတာ က ပိုကောင်း သေးတယ်’။

ကဲနက်သ်က သဘောတူသည်။ ဒါနဲ့ပဲ ကျွန်မတို့မှာရှိသည့် ပစ္စည်းလေးတွေ ထုတ်ပိုးပြီး ကားပေါ်တင်၊ ပြီး ကလေး နှစ်ယောက်နဲ့ အိမ်မှ ထွက်ခွါခဲ့ကြပါသည်။ သဘာဝအတိုင်း ပြောရလျှင် အရာခပ်သိမ်း သည် ပိုပြီးဆိုးဝါးလာသလို ထင်ရသည်။ ကျွန်မတို့ အိမ်သေးသေးကလေးထဲမှာ စုတ်ပြတ်နုံချာစွာနဲ့ နေခဲ့ရသည်။ အိမ်ကကျဉ်းလွန်းသောကြောင့် ရက်သတ္တပတ်အတော်ကြာသည့်တိုင် ကျွန်မ အထုတ် အပိုးတွေ မဖြည်နိုင်ခဲ့ပါ။

သို့သော်လည်း ဘုရားသခင်က ကျွနု်မတို့ကို ကူညီခဲ့ပါသည်။ ကဲနက်သ် O. R. U ဝင်းထဲရောက်သည့် နေ့မှာပဲ အော်ရယ်ရောဘတ်ရဲ့ လေယာဉ်မောင်းအကူအဖြစ် အလုပ်ရသည်။ သူ၏လစာ တစ်လ ဒေါ်လာ (၁၀၀) ဖြစ်ပါသည်။ ငွေကြေးအခြေအနေတွေ ခက်ခဲနေငြားလည်း ကျွန်မတို့ ယခင်ကထက် ပိုပြီး ပျော်ရွှင်ကြပါသည်။ နောက်ဆုံးတော့ ကျွန်မတို့ ဘုရားသခင်၏ အလိုတော်ထဲသို့ ရောက်ရှိခဲ့ ပါသည်။

ပထမလအနည်းငယ်အတွင်းမှာ ကဲနက်သ်က သင်ခန်းစာတွေ သင်ယူရင်းနဲ့ အော်ရယ်ရောဘတ်အား အစည်းအဝေးတွေဆီ သွားဖို့ လေယာဉ်မောင်းပေးရပါသည်။ ဒါတင်မက လိုအပ်သည့် အလုပ်တွေကို လည်း လုပ်ရပါသည်။ ကဲနက်သ်က အဲဒါကို ကြိုက်နှစ်သက်သည်။ ဘယ်လောက်ကောင်းတဲ့ အခွင့်အရေးလဲ။ Bro-ရောဘတ်ရဲ့ လုပ်ဆောင်မှုတွေကို လက်တွေ့မျက်မြင် သင်ယူရခြင်းက သူ့အတွက် ကောင်းချီးမင်္ဂလာ ဖြစ်ခဲ့ပါသည်။

တစ်နေ့တော့် ကဲနက်သ်က ဘုရားသခင် သူ့ကို ဘာလုပ်စေချင်သလဲဆိုတာ တိတိကျကျ သိချင်တာနဲ့ ကျွန်မတို့ အိမ်အနီးမှာရှိသည့် မြစ်ကမ်းနဘေးကို သွားခဲ့သည်။ အဲဒါက ၁၉၆ရ-ခု မေလမှာ ဖြစ်ပါ သည်။ ထိုအချိန်က စပြီး ဘုရားသခင်က ကဲနက်သ်အား ကမ္ဘာလုံးဆိုင်ရာ အမှုတော်လုပ်ငန်း အကြောင်း စတင်ပြောခဲ့ခြင်းဖြစ်သည်။ ‘မင်း တရားဟောပါ၊ သီးချင်းဆိုပါ၊ ဆုတောင်းပါ၊ ငါ့ရ့ တန်ခိုးတော်နဲ့ ငါ့ရဲ့ လူတွေကို အစေခံပါ၊ လူမျိုးတကာဟာ ငါ့ဆီလာကြလိမ့်မယ်’ ဟု ကဲနက်သ်အား  လူသန်းပေါင်းများစွာအတွက် အမှုတော်ဆောင်ခြင်း အိပ်မက်ကို ပေးအပ်ခဲ့ပါသည်။

ဟုတ်ပါသည်။ အသံတော်က အလွန်ပင် ကြီးကျယ်ခန်းနားလှပြီး၊ သူလည်း စိတ်လှုပ်ရှားခဲ့ပါသည်။ ဒါပေမယ့် သင် နားလည်သဘောပေါက်ဖို့က ဘုရားသခင် ထံမှ သူဒီလိုကြီးမြတ်တဲ့စကားတော်ကို ကြားရပြီးနောက် ကျွန်မတို့ နေထိုင်သည့် နုံချာသည့် အိမ်ကလေးကိုပဲ သူပြန်လာခဲ့ရတ် ဆိုတာ ဖြစ်သည်။ သူကမ္ဘာတစ်ဝှမ်းလုံးကို တရားဟောဖို့ ဆိုသည့် အိပ်မက်ကို ရထားလင့်ကစား အမှန်တကယ်တော့ သူ့မိဘရှိရာ Fort Worth သို့ သွားရောက်လည်ပတ်ဖို့ လိုအပ်သော ငွေရဖို့ကပင် သူ့အတွက် စိန်ခေါ်မှုကြီးတစ်ခုလို ဖြစ်နေပါသည်။

ကျွန်မတို့၏ ယုံကြည်ခြင်း ပထမခြေလှမ်းများ (Our First Steps of Faith)
သို့သော် ဘုရားသခင်ကို ချီးမွမ်းပါသည်။ ကျွန်မတို့ ရှေ့ဆက်ဘာလုပ်ရမလဲဆိုတာ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ သင်ယူနေခဲ့ပါသည်။ ကျွန်မတို့ ကဲနက်ဟေဂင်၏ အစည်းအဝေးပွဲများသို့ သွား ရောက်ခဲ့ပြီး နှုတ်ကပတ်တော်၏ စစ်မှန်မှု၊ သမာဓိရှိမှုကို သင်ယူခဲ့ပါသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်အား ဆရာဝန်တစ်ဦး (သို့) ယုံကြည်အားကိုးရသော မိတ်ဆွေတစ်ဦး ၏ အကြံပေးညွှန်းကြားချက်ကို လိုက်နာသကဲ့သို့ ကျွန်မတို့ပြုကျင့်ခဲ့ပါသည်။ ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်းဆိုင်ရာ အခြေခံအချက်များသည် ကျွန်မတို့၏ နှလုံးသားနှင့် နှုတ်ပါစပ်၌ နေရာယူလွှမ်း မိုးခဲ့ပါသည်။

ဗရမ်းဗတာဖြစ်နေသော ဘဝထဲမှ ထွက်၍ ဘုရားသခင်၏ အကြံအစည်တော်သို့ ဝင်ရောက်ရန် အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယုံကြည်ဝန်ခံခြင်းအား ဖြင့်သာ ဖြစ်ကြောင်း ကျွန်မတို့ နားလည် သဘောပေါက်ခဲ့ပါသည်။ ကျွန်မတို့ ထိုအရာကိုပဲ အာရုံစိုက် ခဲ့ကြသည်။ တစ်နှစ်ခန့် သွန်သင်ချက်၊ တရားဟောတိပ်ခွေများကို နားထောင်၍ လေ့လာခြင်းမှတစ်ပါး အရာရာကို ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ရသည်။

ခဏအကြာမှာတော့ ကဲနက်သ်က အပြင်မှာ တရားထွက်ဟောနေပြီး ကျွန်မက ကလေးတွေနဲ့အတူ အိမ်မှာ ရှိနေခဲ့ပါသည်။ ကျွန်မတို့၏ အိပ်မက်ဆီသို့ ယုံကြည်ခြင်းဖြင့် စတင်ခြေလှမ်းခြင်းကို ကျွန်မ ပြောနေခြင်းဖြစ်သည်။ ကျွန်မ ယခုလို ပြောသည့်အခါ ကျွန်မတို့ထွက်ပြီးသည်နှင့် ရေဒီယိုအသံလွှင့် အစီအစဉ်ကို စတင်ခဲ့ခြင်းမစဟုတ်ပါ။ ကျွန်မတို့ ရှိနေသည့်နေရာကပဲ စရမှာဖြစ်သည်။ ကျွန်မတို့မှာ ကားတစ်စီးရှိရမည်။ နေဖို့ တစ်နေရာ ရှိကိုရှိရမည်။ တစ်နည်းအားဖြင့် ကျွန်မတို့မှာ မရှိမဖြစ်လို နေသော အရာတွေရရှိဖို့အတွက် ယုံကြည်ခြင်းကို စတင်ရမှာ ဖြစ်သည်။

ပထမဆုံး ကျွန်မတို့ စားပွဲပေါ်မှာ စားစရာရှိလာဖို့အတွက် ယုံကြည်ခြင်းရှိရသည်။ တစ်ချို့နေ့တွေမှာ စားသုံးကုန်ဆိုင်ကို ပေးစရာရှိတဲ့ ငွေတွေကို အလုံအလောက် ပေးနိုင်ပြီ ဆိုသည့် ယုံကြည်ခြင်းကို လေ့ကျင့်ရသည်။ အခြားသောဘာသာ စကားနဲ့လည်း ဆုတောင်းခဲ့ပါသည်။ ဒီလိုယုံကြည်ခြင်းက သင့်အတွက် ထူးထူးဆန်းဆန်း ဖြစ်ကောင်းဖြစ်နေမည်။

သို့သော် နှစ်အတော်ကြာရောက်သည်အခါ ကဲနက်သ်နဲ့ ကျွန်မတို့ ကုန်စုံဆိုင် ယုံကြည်ခြင်းမျိုးနှင့်ပင် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျမည့် TV အစီအစဉ် လွှင့်ထုတ်ရေးအတွက် ယုံကြည်ခြင်းကိုလည်း အသုံးပြုနိုင်ခဲ့ပါသည်။ 
ကျွန်မ အခုအချိန် နောက်ကြောင်းပြန်ကြည့်သည့်အခါ ဘုရားသခင်က ကျွန်မတို့အသက်တာ၌ အုတ်မြစ်ကို ချထားပေးခဲ့ခြင်းဖြစ်ကြောင်း နားလည်သဘောပေါက်မိသည်။ ယနေ့ကျွန်မတို့ လုပ် ဆောင်နေသော အမှုတော်မြတ်လုပ်ငန်းအတွက် လိုအပ်သော သင်ခန်းစာကို ကိုယ်တော်က သူ၏ နှုတ်ကပတ်တော်ထဲမှ သင်ကြားပေးခဲ့ခြင်း ဖြစ်ပါသည်။

အဲသည်တုံးက ဆယ်ဖို့တစ်ဖို့ ပေးခြင်းနှင့်ပတ်၍လည်း ကျွန်မတို့ သင်ယူခဲ့သည်။ အစပထမမှာတော့ ဆယ်ဖို့တစ်ဖို့ ပေးနေရာမှ ရပ်ဆိုင်းခဲ့သေးသည်။ ဘာကြောင့်လဲဆိုတော့် ဘုရားသခင်ပေးတာထက် ကျွန်မတို့ ငွေကို ပိုလိုတယ်လို့ ယူဆခဲ့သောကြောင့် ဖြစ်သည်။ သို့သော် နှုတ်ကပတ်တော်ကို လေ့လာ မိသည့်အခါ ဘယ်လိုအခြေအနေမျိုးမှာဘဲမဆို ဆယ်ဖို့တစ်ဖို့ကို သစ္စာရှိစွာ ပေးလှူရန် ဆုံးဖြတ်ခဲ့ သည်။ အကယ်၍ ငတ်ရမည်ဆိုလျှင်လည်း ဆယ်ဖို့တစ်ဖို့ကို ပထမဆုံး ပေးဖို့ ဆုံးဖြတ်ခဲ့ပါသည်။

၎င်းအရာသည် ကျွန်မတို့၏ ငွေရေးကြေးရေး ကဏ္ဍ၌ အပြောင်းအလဲတစ်ခု ဖြစ်ခဲ့သည်။ ယနေ့ထိတိုင် ကျွန်မတို့ ထိုသင်ခန်းစာ၏ အကျိုးကို ဆက်လက်၍ ခံစားနေရဆဲဖြစ်သည်။ အပြန်အလှန်အားဖြင့် ဘုရားသခင်က သူ့ကတိတော်အတိုင်း သစ္စာရှိစွာ ကျွန်မတို့အပေါ်၌ မိုးကောင်းကင် တံခါးတို့ကို ဖွင့်၍ ကောင်းချီးမင်္ဂလာကို သွန်းလောင်းလျှက်ရှိပါသည် (မာလခိ ၃း ၁၀)။ ယနေ့ ကျွန်မတို့သည် ဘုရား သခင်၏ ကောင်းချီးမင်္ဂလာ သွန်းလောင်းမှုအောက်မှာပင် ရှိနေပါသည်။ 

အဲသည်တုန်းက (ရော၊ ၁၃း ၈) မှာ ပါသည့် ‘အချင်းချင်း ချစ်ခြင်းမေတ္တာမှတစ်ပါး အဘယ်အကြွေးမျှ မတင်စေနှင့်’ ကျမ်းပိုဒ်ကို တွေ့ရှိခဲ့သည်။ ဝန်ခံရမည်ဆိုလျှင် ကျွန်မတို့သည် ချေးယူထားသော အကြွေးများနှင့်သာ နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့ပါသည်။ ကျွန်မတို့ စဉ်းစားခဲ့ကြသည်မှာ ‘ငါတို့ ကားတစ်စီး ဘယ်လိုပိုင်ဆိုင်နိုင်မလဲ’ ‘အိမ်တစ်လုံးကော ဘယ်လိုပိုင်ဆိုင်နိုင်မလဲ’ ‘ကျွန်မတို့ နှလုံးသား၌ ဘုရားသခင်ထားရှိသော ကြီးမားလှသည့် အမှုတော်မြတ်လုပ်ငန်းကို ဘယ်လိုတည် ဆောက်နိုင်မလဲ’။ 

ဒီမေးခွန်းအတွက် အဖြေကို ကျွန်မတို့ မသိရှိခဲ့ပါ။ သို့သော် ဘယ်လိုအခြေအနေမျိုးမှာမဆို ဘုရား သခင်၏ နှုတ်ကပတ်တော်ကို နာခံဖို့ ကျွန်မတို့ ဆုံးဖြတ်ခဲ့ပါသည်။ ကျွန်မတို့ အကြွေးယူခြင်းကို လုံးဝရပ်တန့်ခဲ့သည်။ (၁၁)လကြာပြီးသည့်နောက်မှာတော့ ကျွန်မတို့ အကြွေးထဲက လုံးဝထွက်နိုင်ခဲ့ သည်။  ဘယ်လိုဖြစ်ခဲ့သလဲဆိုတာ ဒီနေ့ထိ ကျွန်မတို့ တိတိကျကျ မသိပါ။ ကျွန်မသိသည်က ဘုရား သခင်သည် ကျွန်မတို့၏ နှလုံးသား၌ အုတ်မြစ်ကို ချထားပေးခဲ့ပြီး သမ္မာကျမ်းစာ၏ စဉ်းမျဉ်းများနှင့် အညီ အသက်ရှင်ရန် သွန်သင်ပေးခဲ့ခြင်းဖြစ်သည်။ ထိုဝိညာဉ်ရေးရာ နိယာမများက ကျွန်မတို့အား လောက၏ ငွေကြေးစနစ်အပေါ် မှီခိုမှုမပြုဘဲ ရပ်တည်၍ ကမ္ဘာလုံးဆိုင်ရာ ကြီးမားသောအမှုတော်မြတ် လုပ်ငန်းကို လုပ်ဆောင်နိုင်ဖို့ စွမ်းဆောင်ခဲ့ပါသည်။ 

သမိုင်းမှာ အရှည်ကြာဆုံးည (The Longest Night in History)
ပထမဦးစွာ ဘုရားသခင်က ကျွန်မတို့ အိမ်ထောင်ကို သူ၏နုတ်ကပတ်တော်နှင့်အညီ ဖြစ်ဖို့ သွန်သင် ပါသည်။ အိမ်ထောင်တွင်း၌ သဘောတူညီမှုသည် အရေးကြီးဆုံါ်ဖြစ်ကြောင်း ကျွန်မတို့ နားလည် လာသည် (မ၊ ၁၈း ၁၉)။ သမ္မာကျမ်းစာထဲ၌ ကျွန်မတို့ တွေ့ရှိရသည်မှာ ‘အကြောင်းမူကား၊ ဂုဏ် ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင် မငြိမ်မဝပ်ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ်စွာ ပြုခြင်းအမျိုးမျိုးရှိတတ်၏’ (ယာ၊ ၃း ၁၆)။

 ထို့ကြောင့်ပင် ချစ်ခြင်းမေတ္တာနှင့် လျှောက်လှမ်းရန် ဆုံးဖြတ်ချက်ချပြီး ရုန်းရင်းခတ်မှု မှန်သမျှ ကို ကျွန်မတို့၏ အိမ်ထောင်မှ လုံးဝဖယ်ထုတ်ရန် သန္ဓိဌာန် ချမှတ်ခဲ့ပါသည်။ ကျွန်မတို့ သံသယမရှိ ပြောနိုင်သည်မှာ အကယ်၍ ထိုသင်ခန်းစာကို ကျွန်မတို့ အသုံးမပြုခဲ့ပါက နတ်ဆိုးက ကျွန်မတို့ အိမ် ထောင်၌ ရုန်းရင်းခတ်မှုဖြစ်အောင်း ဖန်တီးပြီး ကျွန်မတို့၏ အမှုတော်ဆောင်ဖြင်း၌ တည်ရှိသော ဘုရားသခင်၏ တန်ခိုးတော်ကို ရပ်တန့်စေမည် ဖြစ်ပါသည်။

ဘုရားသခင်က ကျွန်မတို့ကို သွန်သင်သောအရာ၊ ကျွန်မတို့အတွက် ပြုလုပ်ပေးသောအရာတို့ အားဖြင့်သာ ကျွန်မ ဆက်လက်ခရီးဆက်နိုင်ခြင်း ဖြစ်ပါသည်။ လူများ၊ ဒေါ်လာ သန်းပေါင်းများစွာ ကျွန်မတို့နဲ့ အလှမ်းကွာဝေးနေတဲ့အချိန်မှာပင် ကမ္ဘာလုံးဆိုင်ရာ (Worldwide Ministry) အိပ်မက်ကို ကျွန်မတို့ ဘယ်လို ဆုပ်ကိုင်ခဲ့သလဲ ဆိုတာ ကျွန်မ သင့်ကို ပြောပြနိုင်ပါသည်။

ပထမဆုံး ကဲနက်သ်က လက်ချိုးရေတွက်၍ရသော လူအရေအတွက်ရှိသည့် အစည်းအဝေးများ၌ စတင်တရားဟောပါသည်။ နောက်ပိုင်းမှာတော့ လူ (၃၀၀) လောက်ရှိသည့် လူထုအစည်းအဝေး တွေမှာ ဟောကြားပါသည်။ (လူ ၃၀၀ရှိသည့် အစည်းအဝေးမှာ တရားဟောရဖို့ နှစ်တော်ကြာ အချိန်ယူခဲ့သည်)။ ဒါပေမယ့် ဘယ်လောက်ပဲ လူနည်းနည်း ကိစ္စမရှိ၊ ကဲနက်သ်က လူထောင်ပေါင်း များစွာကို သူတရားဟောနေသကဲ့သို့ သဘောထားခဲ့သည်။  ဘာကြောင့်လဲဆိုတော့ သူ့နှလုံးသားမှာ ဘုရားသခင်ပေးထားသော အိပ်မက်ကို သူ ယုံကြည်စွဲလန်နေသောကြောင့် ဖြစ်သည်။ 
တစ်ခါက လူတစ်ယောက်က ကဲနက်သ်ကို ပြောဖူးပါသည်။ ‘ခင်ဗျားရဲ့ Ministry က အခုဆိုရင် ညအချိန်ကို ကျော်လွန်ခဲ့ပြီပဲ’ လို့ ပြောတဲ့အခါ၊ သူက ‘ခင်ဗျားစကားအရဆိုရင် အဲဒီညဟာ သမိုင်းမှာ အရှည်ကြာဆုံးပဲ’ လို့ ပြန်ဖြေခဲ့သည်။

မိတ်ဆွေ - စာတန်က သင့်ဆီကိုလာပြီး လက်ညှိုးထိုးလျက် ‘ဒီမှာ မင်းရဲ့တိုးတက်မှုတွေက သိပ် နှေးကွေးလွန်းတယ်’ လို့ သင် စိတ်ပျက်အောင်း လာပြောလိမ့်မည်။ သင်၏ ကျရှုံးမှုများ၊ အားနည်း ချက်များနှင့် သင်၏ လမ်းခရီး၌ ရှိနေသော အတားအဆီးများကို ပြပြီး၊ ‘ကြည့်၊ မင်းလုပ်လဲ ဖြစ်မှာမဟုတ်ဘူး၊ ဒီလောက်ကြီးကြီးမားမား မင်းလုပ်နိုင်မှာ မဟုတ်ဘူး’ ဟု သင့်အား မခံချိမခံသာ ဖြစ်အောင် ရွဲ့စောင်း ထေ့ငေါ့ပြောလိမ့်မည်။ သတိပြုပါ။ သင်၏ အိပ်မက်ကို နတ်ဆိုးအား ဘယ်တော့ မှ ခိုးယူခွင့် မပြုပါနှင့်။

နတ်ဆိုးအား ဤသို့ပြောပါ။ ‘ငါစွမ်းဆောင်နိုင်တယ်၊ ငါ့မှာ ယေရှုရှိတယ်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ် တော်ရှိတယ်။ ငါလိုအပ်တာအားလုံးက အဲဒါပဲ’။
ဤအရာတွေဟာ တကယ့်သမ္မာတရားဖြစ်တယ်ဆိုတာ ယနေ့တော့ ကဲနက်သ် နှင့် ကျွန်မတို့က ကျွန်မတို့ရဲ့ အတွေ့အကြုံထဲက သင့်ကို ပြောပြနိုင်ပါသည်။ ဘုရားသခင် ကျွန်မတို့ အသက်တာကို ဆွဲကိုင်သည့်အချိန်သည့် အချိန်တုန်းက ကျွန်မတို့ဟာ လုံးဝကျရှုံးသူတွေသာ ဖြစ်ခဲ့သည်။ ယခုတော့ ကြည့်ပါ။ သူဘာတွေလုပ်ခဲ့ပြီလဲ။

ဒီကနေ့တော့ ကျွန်မတို့ ကျွန်မတို့၏ အိပ်မက်ထဲမှာ ရပ်နေကြပြီ။ သင်လည်း ဘုရားသခင်ထံ၌ ဆက်လက်ကိုးစားပြီး ကိုယ်တော်အား နာခံနေမည်ဆိုပါက မကြာသောတစ်နေ့တွင် သင့်အိပ်မက်ထဲ မှာ သင်ကိုယ်တိုင် ရပ်နေလိမ့်မယ်ဆိုတာ လုံးဝသေချာပါသည်။
Rev. သိန်းသန်း

ဝန်ခံချက်။     ။ ၂၀၀၂ ခုနှစ် July လထုတ် Believer’s Voice of Victory စာစောင်မှ Gloria Copeland ၏ ဆောင်းပါးအား မြန်မာဘာသာသို့ ပြန်ဆိုခြင်းဖြစ်သည်။ 



1 comment:

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....