Thursday, 15 September 2016

သင်၏ ဇနီးသည်ကို အစဉ်ပျော်ရွှင်စေမည့် နည်းလမ်း (၇)ခု


( 7 - Ways to Make Your Wife Happy)
သင်သည် “အောင်မြင်သော အိမ်ထောင်ဦးစီး၊
 အောင်မြင်သော လုပ်ငန်းရှင် (သို့) အောင်မြင်
 သော ခေါင်းဆောင်တစ်ဦး ဖြစ်ဖို့ရန် ရည်မှန်း
ထားသည်” ဟု ဆိုလျှင် သင့် ရည်မှန်းချက်
 ပြည့်ဖို့ရန် အဓိက အထောက်အကူပေးမည့်
ပုဂ္ဂိုလ်မှာ သင်၏ဇနီးသည်ပင် ဖြစ်ပေသည်။
သင့်ဇနီသည် အစဉ်ပျော်ရွှင်အောင် သင်ကိုယ် 
တိုင် လုပ်ဆောင်ပေးမှသာ သူသည်လည်း သင့်အတွက် အကောင်း ဆုံး ပါရမီ ဖြည့်ဘက် ပုဂ္ဂိုလ် ဖြစ်လာပေမည်။ သည်အခြေခံမူကို သတိပြုကျင့်သုံးဖို့ လိုအပ်ပါသည်။

အိမ်ထောင်ရေး ကမောက်ကမဖြစ်လျှင် (သို့) ပြိုကွဲသွားလျှင် သင့်မိသားစုတစ်ခုလုံးသာမက သင့်လုပ်ငန်းကိုပင် ထိခိုက်နစ်နာ စေတတ်ပါသည်။ သည့်အတွက်ကြောင့် သင့်ဇနီးသည်ကို အစဉ် ပျော်ရွှင်အောင် ထားရမည်ဟု ကျွန်တော်ဆိုလိုခြင်း ဖြစ်သည်။ သည်အကြောင်းအရာနှင့် ပတ်သက်ပြီး သမ္မာကျမ်းစာကို အခြေပြုထားသည့် အကြံပြုချက် (၇)ချက်ကို ေ၀ငှသွားပါမည်။

(၁) မွေးနေ့လက်ဆောင် (သို့) အခါအားလျော်စွာ လက်ဆောင်တစ်ခုခုပေးပါ
         (Give your wife a gift occasionally)
    “လက်ဆောင်သည် ခံသောသူအထင်အတိုင်း ကျောက်မြတ်ကဲ့သို့ဖြစ်၍ မျက်နှာပြုလေရာရာ၌ အောင်တတ်၏” (သုတ္တံ ၁ရး ၈)။
    သင့်ဇနီးသည်ကို အစဉ်ပျော်ရွှင်စေလိုလျှင် အခါအားအခွင့် သင့်သလို လက်ဆောင်တစ်ခုခု ပေးအပ်ပါ။ နေ့စဉ်ဈေးဖိုး ပေးရုံ၊ လစာအပ်ရုံမျှဖြင့် တာ၀န်ကျေပြီဟု မယူဆပါနှင့်။

သူမ နှစ်သက်သည့် အစားအစာ (သို့) အသုံးအဆောင်တစ်ခုခုကို မွေးနေ့၌သော်လည်းကောင်း၊ ချစ်သူများနေ့၌သော်လည်း ကောင်း၊ မင်္ဂလာနှစ်ပတ်လည်နေ့၌ သော်လည်းကောင်း၊ သင့်လျော်သည့်နေ့ တစ်ရက်ရက်၌ သော်လည်းကောင်း ပေးအပ်နိုင်သည်။ သည်လိုအပြုအမူက သင့်ဇနီသည်ကို ပျော်ရွှင်၀မ်းမြောက်စေ သည့် အရာတစ်ခုဖြစ်ပါသည်။ သင့်ထံမှ လက်ဆောင်သက်သက်ကိုသာ ရရှိခြင်းမဟုတ်။ သင်၏ အသိအမှတ်ပြုခြင်း၊ ဂုဏ်ပြုခြင်းကို ရရှိခြင်းဟု ဇနီးဖြစ်သူက မှတ်ယူတတ်ပါသည်။ 

 (၂) အတူတကွ ဆုတောင်းသည့် အလေ့အထကို ပျိုးထောင်ပါ
               (Practice a habit of praying together)
    “တစ်ဖန် ငါဆို ငါဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်း တူ၍ ဆုတောင်းလျှင် တောင်းသမျှသော ဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ ခမည်းတော် သည် ပေးတော်မူလတံ့” (မဿဲ ၁၈း၁၉)။

    အိမ်ထောင်ရေးအဆင်မပြေမှုများဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ နှစ်ဦးသဘောတူ ဆုတောင်းချိန်မရှိခြင်းပင်ဖြစ်သည်။ သည်အချက်ကို သတိပြုမှတ်သားပြီး သင့်ဇနီးသည်နှင့်အတူ သဘောတူလျက် ဆုတောင်းနိုင်မည့်အချိန်ကို သတ်မှတ်ထားရှိဖို့ လိုအပ်သည်။ 
    ဆုတောင်းချိန်ဆိုပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ကျေးဇူးတော်ချီးမွမ်းပေးခြင်း၊ ဆုတောင်း ကောင်းကြီးပေးခြင်းအားဖြင့် နှစ်ဦးစလုံး၏ ၀ိညာဉ်ရေးရာကို တည်ဆောက်ပေးနိုင်သည်။ သည်တင် သာမက စည်းလုံးညီညွတ်ခြင်း၊ ချစ်ခြင်းမေတ္တာ တိုးပွားစေခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေ သည်။

(၃) အများရှေ့တွင် ချီးမွမ်းစကားဆိုပါ 
(Give her a compliment publicly)
    “ချီးမွမ်းခြင်းအရာမှာ သူတစ်ပါးကို ကိုယ့်ထက် ချီးမြှောက်ကြလော” (ရောမ ၁၂း၁၀)။
    ဇနီးသည်၏ ကျွမ်းကျင်မှု (သို့) ကူညီထောက်မမှု တစ်ခုခုနှင့် ပတ်သက်ပြီး ချီးမွမ်းစကား တစ်ခုခုကို မိမိ၏ မိတ်ဆွေများရှေ့ တွင် ပြောဆိုခြင်းအားဖြင့် သူမကို ပိုမို၀မ်းမြောက်ကြည်နူးစေ ပါသည်။ ဇနီးသည်အပေါ် ဆုံးမပြစ်တင်ခြင်းကိုမူ လူများရှေ့ တွင် မပြုဘဲ ဆိတ်ကွယ်ရာ၌သာ ပြုအပ် သည်။ ဒေါသဖြင့် ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းမျိုးကိုမူကား လုံး၀ရှောင်ကြဉ်ရမည်။

    ခင်ပွန်းသည်အတွက် မည်မျှပင် အပင်ပန်းခံ ဆောင်ရွက်ပါစေ၊ ခင်ပွန်းသည်ပြောသော ချီးမွမ်း ဂုဏ်ပြုခြင်းစကားကို ကြားရသည်နှင့်ပင် အမောပြေသွားတတ်သည်မှာ ဇနီးသည်တို့၏ သဘာ၀ပင် ဖြစ်သည်။ သည်လိုဆိုလျှင် “အလုပ်တွေ ဖိခိုင်းပြီး နောက်မှ ချီးမွမ်းလိုက်မယ်” လို့ စိတ်မကူးပါနှင့်။ “ရိုးသားသောစိတ်၊ ကျေးဇူးတင်တတ်သောစိတ်ဖြင့် ချီးမွမ်းစကားဆိုဖို့” ပြောလိုခြင်းဖြစ်သည်။

(၄) အိမ်မှု ကိစ္စများကို ကူညီလုပ်ဆောင်ပေးပါ 
(Help her in doing house-works)
    “ထမ်းရွက်စရာ ၀န်ချင်းတို့ကို အချင်းချင်း ကူညီး၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရား ကို ကျင့်ကြလော့” (ဂလာတိ ၆း၂)။ 
    “အိမ်မှုကိစ္စသည် အမျိုးသမီးများနှင့်သာ သက်ဆိုင်သည်” ဟူသောစိတ်သော စိတ်ထားမျိုး မထားပါနှင့်၊ အိမ်သန့်ရှင်းရေး၊ ချက်ပြုတ်ခြင်း၊ ပစ္စည်းများတတ်ဆင်ခြင်း၊ ပြုပြင်ခြင်းနှင့် သယ်ယူခြင်း စသည်တို့တွင် လိုအပ်သလို ကူညီဆောင်ရွက်ပေးရမည်။ တတ်နိုင်သမျှ ကလေးများကို ကူညီထိန်းပေး ဖို့လည်း လိုအပ်သည်။ ဇနီးသည် မီးဖွားသည့် အခါမျိုး၊ ဆေးဝါးကုသမှု ခံယူရသည့် အခါမျိုးတွင် အိမ်မှုကိစ္စများကို ဇနီးသည်ကိုယ်စား တာ၀န်ယူဆောင်ရွက်နိုင်ရမည်။

(၅) မိသားစုနေ့ကို သတ်မှတ်၍ အပန်းဖြေပါ 
(Fix the date for family recreation)
“ကိုယ်တော်ကလည်း တော၌ ဆိတ်ကွယ်ရာအရပ်သို့ လာကြ၊ ခဏအားဖြည့်၍ ငြိမ်သက်စွာ နေကြဟု မိန့်တော်မူ၏” (မာကု ၆း ၃၁)။
အိမ်ထောင်ဦးစီးဖြစ်သူသည် တစ်ပတ်လျှင် တစ်ရက်ကို မိသားစုအတွက် အချိန်ပေး သင့်သည်။ သင်းအုပ်ဆရာများအတွက်မူကား တနင်္လာနေ့သည် အနားယူရန်နှင့် မိသားစုအတွက် အချိန်ပေးသည့်နေ့ ဖြစ်ရမည်။

မိမိအလုပ်၊ မိမိရုံးနှင့်သာ တစ်နှစ်လုံးရှုပ်နေပြီး မိသားစုကို လျစ်လျူရှုထားတာမျိုး မဖြစ်စေရန် သတိပြုရမည်။ အခြားသော အလုပ်ကိစ္စမပါဘဲ မိသားစု ၀င်များသာ ပါ၀င်သော အပန်းဖြေ အစီအစဉ် တစ်ခုကို အနည်းဆုံး (၁)နှစ်တစ်ခါပြုလုပ်သင့်သည်။ ပင်လယ်ကမ်းခြေ တစ်ခုခုသို့ သွားခြင်း (သို့) တောင်ပေါ်မြို့ လေးတစ်မြို့ မြို့ သို့သွားခြင်း၊ စသည့်နည်းအားဖြင့် အလုပ်၌ အိမ်၌ ပင်ပန်း နွမ်းနယ်ခဲရသမျှကို ခဝါချ အပန်းဖြေနိုင်သည်။ အဲသည်နေရာမှာ ဘာအလုပ်ကိစ္စကိုမျှ မစဉ်းစား၊ မဆွေးနွေးဘြ အရသာရှိရှိ စားသောက်၊ လေကောင်းလေသန့် ၀၀ရှုပြီး အိပ်ရေး၀၀ အိပ်စက်၍ အနားယူ အပန်းဖြေလိုက်ပါ။ နောက်ပြီး အဲသည်နေရာမှာ သဘာ၀အလှအပ ရှုခင်းတွေကို ကြည့်ပြီး ဘုရားသခင်၏ ဂုဏ်တော် ကျေးဇူးတော်တွေကို ချီးမွမ်းလိုက်ပါ။

သည်အရာကို လက်တွေ့ အကောင်အထည်ဖော်ဖို့့ သင့်ရဲ့ ပြက္ခဒိန်မှာ ကြိုတင် Plan ချထားပြီး ဆုတောင်းပြင်ဆင်ထားဖို့ လိုလိမ့်မည်။ သည်အစီအစဉ်ကို သင့်ဇနီးသည်အား ပြောကြည့်ပါ။ “အဲဒါ-ဘယ်တော့ သွားမှာလဲဟင်” ဆိုပြီး အဲ့သြ၀မ်းမြောက်သည့် အမူအထာနှင့် သင့်ကို ကြည့်ပြီး တုန့် ပြန်ပါလိမ့်မည်။

(၆) သင်၏ ဂရုစိုက်မှု ကြင်နာမှုတို့ကို ဖော်ထုတ်ပြသပါ 
       (Express your care and loving-kindness to her)
    “အချင်းယောကျ်ားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့ သင်တို့သည် လည်း ကိုယ့်ခင်ပွန်းကို ချစ်ကြလော့” (ဧဖက် ၅း ၂၅)
အမျိုးသားများသည် အိမ်ထောင်မကျမှီတွင် မိမိလက်ထပ်ယူမည့်သူအား အဘယ်မျှလောက် ဂရုစိုက်သည်၊ ကြင်နာသည် ဆိုသည်ကို နည်းမျိုးစုံဖြင့် ဖော်ပြတတ်ကြသည်။ “သိပ်ကို (Romantic) ဖြစ်တယ်” လို့တောင် အပြောခံရသည်။ သို့သော် အိမ်ထောင်ကျပြီး နောက်တွင်ကား ဂရုစိုက်မှု၊ ကြင်နာမှုတို့ကို ဖော်ပြရာတွင် အလွန်ပင် အားနည်းတတ်ကြသည်။

 ဥပမာ ပြောရလျှင် လမ်းလျှောက် သည့်အခါ အတူတူယှဉ်၍ (သို့) လက်ချင်းဆက်၍ မလျှောက်ခြင်း၊ Church တက်ရာတွင်လည်း အတူတူထိုင်ခွင့်ရှိလျက် သီးခြားဆီထိုင်ခြင်း၊ ဇနီးဖြစ်သူက အပင်ပန်းခံအချိန် ကုန်ပြီး ထမင်းဟင်း ကောင်းကောင်း ချက်ကျေွးသော်လည်း ကျေးဇူးတင်ကြောင်းမပြောခြင်း၊ အပြင်ထွက်လျှင် ဘယ်သွား မည်ဆိုသည်ကို မပြောခြင်း၊ ခရီးထွက်နေစဉ်အတောအတွင်း ဖုန်းမဆက် ခြင်းစသည်တို့ ဖြစ်သည်။

    ဆိုရွားသည့် အပြုအမူ များမှာ ဇနီးသည်နောက်ကွယ်တွင် အပျော်အပါး ရှာဖွေခြင်း၊ Night Club တက်ခြင်း၊ ညစ်ညမ်းစာပေ / ရုပ်ရှင်များအားဖြင့် အချိန်ဖြုန်းခြင်း၊ သောက်စားမူယစ်ခြင်း စသည့်တို့ဖြစ်သည်။ သည်အရာအားလုံးက ဇနီးသည်၏ စိတ်ခံစားမှုကို ထိခိုက်စေနိုင်သည့်အရာများ ဖြစ်၏။ အဲသည် အပြုအမူတွေကို ရှောင်ကြဉ် ရုံမျှမက မိမိဇနီးသည်ကို ချစ်ကြောင်း၊ တန်ဖိုးထား ကြောင်းနှင့် ဂရုစိုက်ကြောင်းကို ဖေါ်ပြသည့် အပြုအမူများကို ဖေါ်ထုတ်ပြသဖို့ရန် လိုအပ်ပါသည်။

(၇) ဇနီးသည် နုပျိုကျန်းမာစေရန် ကူညီဆောင်ရွက်ပေးပါ 
(Take care of her physical health)
“အချင်းချစ်သူ၊ သင်၏စိတ်နှလုံးသည် ကောင်းစားသကဲ့သို့ သင်သည် အရာရာ၌ ကောင်းစား ခြင်းနှင့် ကျန်းမာခြင်း ရှိမည်အကြောင်း ငါဆုတောင်း၏” (၃ယော၊ ၁း၂)
သင်၏ဇနီးသည် နုပျိုကျန်းမာစေရန်အတွက် တာ၀န်အရှိဆုံး ပုဂ္ဂိုလ်မှာ “သင်” ပဲ ဖြစ်ပါသည်။ သင့်ကို ယုံကြည်စိတ်ချ၍ ဇနီးသည်၏ မိဘများက သမီးဖြစ်သူကို သင့်လက်ထဲသို့ အပ်နှင်းလိုက်ခြင်း ဖြစ်သည်။ သင့်ဇနီးသည်သည် အလွန်အမင်း ပိန်လှီခြင်း (သို့) အဆမတန်၀လွန်ခြင်း ဖြစ်နေလျှင် သင်၏ ကြည့်ရှုစောင့်ရှောက်မှု လစ်ဟင်းနေပြီဟု ဆိုနိုင်သည်။

မိမိ၏ဇနီးသည် အပျိုတုန်းကကဲ့သို့ လှပနိုင်တော့မည်မဟုတ်ဟု သဘောထားပြီး သူ့ကို လျစ်လျူရှုမထားဖို့ သတိပြုပါ။ ဇနီးသည်အမြဲ နုပျိုလှပနေစေရန် ကူညီပေးနိုင်မည့် နည်းလမ်းများကို ရှာဖွေစီစဉ်ပေးပါ။ 
မကျန်းမမာဖြစ်ပါက ယုံကြည်ခြင်းဖြင့် ဆုတောင်းပေးခြင်း၊ လိုအပ်ပါက ဆေးဘက်ဆိုင်ရာ အကူအညီပေးခြင်းတို့အားဖြင့် ပကတိကျန်းမာသူဖြစ်ရန် ဆောင်ရွက်ပေးရမည်။

ဖော်ပြပါ အချက်တွေကို သတိပြုလုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်သော ခွန်အားတန်ခိုးကို သန့်ရှင်းသော၀ိညာဉ်တော်ဘုရားထံမှ တောင်းခံပါ။ သည်အချက်တွေကို် သင်လုပ်ဆောင်နေသမျှ ကာလပတ်လုံး သင့်ဇနီးသည်သည် သင့်အားဖြင့် ၀မ်းမြောက်ရွှင်လန်းနေမှာ သေချာသည်။

 သည်တင်မက သင်နှင့် သင့်ဇနီးသည်တို့၏ သာယာချမ်းမြေ့ ဖွယ်သော အိမ်ထောင်၏ ပုံသက်သေအား ဖြင့် သင်၏လုပ်ငန်းခွင်ဆိုင်ရာ စွမ်းရည်သည်လည်း အမြင့်မားဆုံးအဆင့်သို့ ရောက်ရှိနေလိမ့်မည် ဖြစ် ပါသည်။ 
        ၊ အိမ်ထောင်ရှင်အမျိုးသားများကို ဂုဏ်ပြုလျက် ၊

Rev. သိန်းသန်းထွန်း

Thursday, 8 September 2016

ထူးချွန်သူတို့ လျှောက်လှမ်းရာလမ်း

The Road to Excellence   
မကြာသေးမီ အချိန်မှစ၍ ဘုရားသခင်သည် ပြင်း
ပြသော ဆာငတ်တောင့်တမှုရှိသည့် လူတို့ အား
အရှိန်အဟုန်ဖြင့် ပြုစုတည်ဆောက် ပေးလျက်ရှိ
ပါသည်။ ထိုလူတို့အား ဘုရားသခင်နှင့် နက်ရှိုင်း
 စွာ ရင်းနှီးသိကျွမ်းလိုသူများ၊ ဘုရားသခင် သူ တို့အား ဖြစ်စေလိုသည့်အတိုင်း ဖြစ်ရန် ဆန္ဒ
ပြင်းပြသူ များ၊ တရားဟောပလ္လင်မှာ၊ သာသနာ
ကွင်းထဲမှာ၊ မိမိနေအိမ်မှာ၊ မိမိရုံးငှါန (သို့) ကိုယ်တော်စေလွှတ် သည့် မည်သည့်နေရာမှာ မဆို၊ ကိုယ်တော်အတွက် ထူးချွန်ပြောင်မြောက်စွာ အစေခံလိုသူများပင် ဖြစ်လေသည်။

     သည်လို ပုဂိ္ဂုလ်တွေကို လူတွေက “ရောင့်ရဲကျေနပ်မှုမရှိတဲ့လူတွေ၊ ကောင်းကင်ဘုံကို အေး အေးဆေးဆေးနဲ့ မသွားခြင်တဲ့လူတွေ” လို့ပြောကောင်း ပြောမည်။ အမှန်စင်စစ် သူတို့တွေက တမန်တော် ပေါလု ပြောသည့်အတိုင်း အထက်အရပ်မှ ဆုကိုရဖို့အတွက် ပျင်းနေသူများ ဖြစ်သည်။ သည်ထက် ပိုပြိး လေးလေးနက်နက် ပြောရလျှင် သူတို့သည် အမြင့်မားဆုံး အောင်မြင်မှု ပန်းတိုင်ဆီသို့ သွားရာလမ်းပေါ်၌ ရှိနေကြခြင်းပင် ဖြစ်သည်။

သင်ကော - အဲသည်အထဲမှာ ပါပါသလား? ဟုတ်ကဲ့ဟု ဆိုပါက ကျွနု်ပ်အနေနဲ့ သင့်အား အောင်မြင်စွာ ပန်း၀င်နိုင်သည့် အပြေးသမားကဲ့သို့ ဆွဲဆောင်ပေးမည့် စကားတစ်ခွန်းကို ေ၀ငှလိုပါ သည်။ အဲဒါကတော့ … “ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပထမ ဦးစားပေးပါ။” (Put the word first) ဆိုတာပဲ ဖြစ်သည်။ 
သင့်အနေနဲ့ ထူးချွန်ထက်မြက်သည့် ဧဝံဂေလိဆရာတစ်ဦး (သို့) ဘုရားသခင်၏ အမှုတော် မြတ်၌ ပါ၀င်လျက်ရှိသည့် ပထမတန်းအဆင့် အင်ဂျင်နီယာတစ်ဦး ဖြစ်ဖို့ ပန်းတိုင် ထားရှိပါက ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ ပေါ်ထွန်းလာသည့် ဉာဏ်ပညာ (Wisdom) ဖြစ်ပြီး ထိုအရာကပင် သင့်အား ပန်းတိုင်ဆီသို့ အရောက်ပို့ပေးလိမ့်မည် ဖြစ်သည်။ သည်အရာကား … ရှောလမုန်မင်းကြီး … ၊ သူက သုတ္တံ ၄း ၅-၉ ကို ရေးသားသည့် အချိန်၌ ကျွနု်ပ်တို့အား နားလည်စေလို သည့် အကြောင်းအရာပင် ဖြစ်သည်။

“ပညာကို ဆည်းပူးလော့။ ဉာဏ်ကို ဆည်းပူးလော့။ သတိမလိစေနှင့်။ ငါ၏ နှုတ်ထွက်စကားကို မလွှဲမရှောင်နှင့်။ ပညာကို မစွန့်နှင့်။ သူသည် သင့်ကို ထိန်းသိမ်းလိမ့်မည်။ သူ့ ကို ချစ်လော့။ သင့်ကို စောင့်မ လိမ့်မည်။ ပညာသည် အမြတ်ဆုံးသောအရာ ဖြစ်သည်။ ပညာကို ဆည်းပူးလော့။ ဆည်းပူးသမျှသော ဥစ္စာတို့တွင် ဉာဏ်ကို ဆည်းပူးလော့။
 သူ့ ကို အမြတ်ထားလော့။ သူသည် သင့်ကို ချီးမြှောက် လိမ့်မည်။ သူ့ ကို ဖက်ရမ်းလျှင် ဂုဏ်အသရေကို ပေးလိမ့်မည်။ သင်၏ ခေါင်းကို တင့်တယ် သော ဦးရစ်နှင့် ပတ်ရစ်၍ ဘုန်းကြီးသော သရဖူကို အပ်နှံလိမ့်မည်။” (သု၊ ၄း ၅-၉)။ 
ယေရှုကလည်း သည်အရာကို ပြောလိုသည့်အတွက်ကြောင့် “ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်း တရားတော်ကို ရှေးဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူ လတံ့။” ဟု ဆိုခဲ့သည် (မဿဲ ၆း ၃၃)။

သင့်အနေနဲ့ တကယ်ပဲ နှုတ်ကပတ်တော်ကို ပထမ ဦးစားပေးမည်ဟု ဆုံးဖြတ်ပါက ကျမ်းစာကို မိနစ်အနည်းငယ် အကြာလောက် အပေါ်ယံကြော ဖတ်တာထက် ပိုပြီး လေးလေးနက်နက် လုပ်ဆောင် ဖို့ လို လိမ့်မည်။ သင့်နှလုံးသားနှင့် ဦးနှောက်၌ နှုတ်ကပတ်တော် အစဉ်ပြည့်၀နေဖို့ နေ့ရော … အာရုံထဲသို့ ဘုရားသခင်၏ နှုတ်ကပတ်တော်တွေကို အကြိမ်ကြိမ် အခါခါ ပို့လွှတ်နေရမည်။

“ဟိုး … နေပါဦး၊ ဒီမှာ ညီအစ်ကို ခုပ်(ပ်)လန်း၊ ခဗျၤား ပြောတာ သိပ်မလွန်လွန်းဖူးလား?” သင့်အနေနဲ့ သည်လို မေးကောင်း မေးမည်။ …. ဟုတ်ကဲ့၊ ကျွန်တော် ရှင်းပြပါမည်။ တေးဂီတ (Music) ဘာသာရပ်ကို အထူးပြုယူထားသော ကောလိပ် ကျောင်းသား တစ်ဦးကို မေးကြည့်ပါ။ သူ့အနေနဲ့ တစ်နေ့ (လေး)နာရီ ခန့် လေ့ကျင့်ရမည်။ အိုလံပစ်ပွဲမှာ ရေခဲပြင် လျောစီးပြိုင်ပွဲ ၀င်သူတွေအတွက် ဆိုလျှင် တစ်နေ့ (၆)နာရီမှ (၈)နာရီထိ လေ့ကျင့်ရပါသည်။ ဤကဲ့သို့ လုပ်ဆောင်ရခြင်းမှာ သူတို့၏ ပန်းတိုင် ဖြစ်သော အောင်မြင်မှု သရဖူ ဆွတ်ခူးနိုင်ရေးအတွက် သူတို့ဘ၀ကို လုံး၀ဥဿုံ အပ်နှံထား ခြင်းကြောင့် ဖြစ်သည်။

သင့်အတွက်လည်း ဤကဲ့သို့ပင်ဖြစ်သည်။ သင့်အနေနဲ့ ၀ိညာဉ်ရေးရာနယ်ပယ်မှာ တကယ်ပဲ ထူးချွန်ထက်မြက်သူ တစ်ဦး ဖြစ်လိုပါက ဆင်ခြင်တုံတရား ကင်းမဲ့စွာဖြင့် နှုတ်ကပတ်တော်အတွက် လုံး၀ဥဿုံ ဆက်ကပ်အပ်နှံရပေမည်။ အထူးသဖြင့် လေ့ကျင့်မှု သင်တန်း၏ အစပိုင်းမှာ ဖြစ်သည်။

သင့်စိတ်အာရုံထဲသို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ တစ်ခုပြီး တစ်ခု စိမ့်၀င် ထိုးဖောက် ဖို့ရန်အတွက် ဓမ္မသစ်ကျမ်းစာ အသံသွင်း တိတ်ခွေများ (သို့) ၀ိညာဉ်တန်ခိုး ဘိသိက် ပြည့်၀သော ကျမ်းစာ အခြေပြု တရားဟော တိတ်ခွေများ နားထောင်ဖို့ လိုအပ်လှသည်။ ဆိုလိုတာက သင်သွားရာ လမ်းသို့ နားကြပ် ကက်ဆက် (သို့) CD စက်လေး တစ်ခု ဆောင်သွားရမည်။ သင့်အနေနဲ့ လက်တစ် ဖက်က မုတ်ဆိတ်ရိတ် ဂျုတ်ဓါးကို ကိုင်ပြီး အခြားတစ်ဖက်က CD စက်လေးကို ကိုင်ထားရတာလေး ဖြစ်လိမ့်မည်။

 ဒါမှမဟုတ် သင်၏ ကားထဲမှာ ကက်ဆက် ဖွင့်ထားမည်။ အဆုံးစွန် ပြောရလျှင် သင်၏ အိပ်ယာဘေးမှာ သင်၏ CD စက်ကို နိုးစက် အဖြစ်ပင် ထားရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သင့် တစ်ကိုယ်လုံး (ခန္ဓာ၊ စိတ်၊ ၀ိညာဉ်) ကို နှုတ်ကပတ်တော်ဖြင့် ရွှဲစိုနစ်မြုပ်သည်အထိ နည်းမျိုးစုံ သုံးပြီး ပြုလုပ်ရမည်။

သည်လိုလုပ်ဖို့က သိပ်မလွယ်မှန်း ကျွန်တော်သိပါသည်။ သို့သော်လည်း သင့်အနေနဲ့ ယေရှုခရစ်တော်၏ မဟာစေခိုင်းချက်ကြီး (The Great Commission) ပြီးပြည့်စုံဖို့ ဆန္ဒပြင်းပြသည်ဟု ဆိုလျှင် ဇွဲလုံ့လ ရှိရပေမည်။ စာတန်က သင့်ကို အမြဲ ဆန့်ကျင် နှောက်ယှက်မှာ ဖြစ်သည်။ သည့်အတွက်ကြောင့် “တိုက်ပွဲ၀င်ရန် ကောင်းစွာ ပြင်ဆင်ထားပါ” လို့ပဲ ကျွန်တော် ပြောချင် သည်။ အကယ်၍ ကျွနု်ပ်သည် သင်၏ တပ်မှုးဖြစ်ပြိး ရက်စက်ကြမ်းကြုတ်သည့် ရန်သူများရှိရာ စစ်မြေ ပြင်သို့ သင့်ကို စေလွှတ်မည်ဆိုပါက အထက်ပါအတိုင်းပဲ ပြောရမည်ဖြစ်သည်။

သင့်ကိုယ်သင် လေ့ကျင့် ပြင်ဆင်မှု မရှိဘဲ စာတန်၏ အင်အားစုကြီးနှင့် ရုတ်တရက် ရင်ဆိုင် တိုက်ပွဲ ၀င်ရလျှင် ဘယ်လိုအခြေအနေ ဖြစ်သွား နိုင်တယ်ဆိုတာ သင် ကောင်းစွာ နားလည် သဘော ပေါက်နိုင်ပါလိမ့်မည်။

သင်သည် ရှေ့ တန်းစစ်မျက်နှာ၌ ရှိသော ဘုရားသခင်၏ စစ်သည်တော် တစ်ဦးဖြစ်ကြောင်း မမေ့ပါနှင့်။ သင့်ကို အစွမ်းကုန် တိုက်ခိုက် ဖျက်ဆီးမည့် ရန်သူများကို သင် ရင်ဆိုင်ရမည်။ သူသည် မီးစက်လက်နက်နှင့် သင့်ကို ပစ်မည်။ သင့်ကို တွန်းချဖို့ ငရဲ၏ တမန်ကို စေလွှတ်မည်။ သင်ကျရှုံးဖို့ နည်းမျိုးစုံကို အသုံးပြုလိမ့်မည်။ သို့သော်လည်း မကြောက်ပါနှင့်။ သင့်ကိုယ်သင် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် လက်နက် တပ်ဆင်ပြီး အသင့်ပြင်ထားနိုင်ပါသည်။ သင့်ရှေ့ ၌ ဟန့်တားသော ရန်သူမှန်သမျှကို သင် ချေမှုန်းနိုင်ပါလိမ့်မည်။ သင်သည် အောင်ပွဲရ စစ်သူရဲတစ်ဦး ဖြစ်မှာ သေချာပါသည်။

အရာရာ တိုးတက်ပြောင်းလဲနေသော ယနေ့ခေတ်အခါသမယ၌ ဘုရားသခင်အတွက် ထူးချွန်ထက်မြက်သော ပုဂိ္ဂုလ်များဖြစ်ဖို့ရန် ဘုရားရှင်ကိုယ်တိုင် ရွေးကောက်ထားသော သင်နှင့် အခြားသူများအတွက် ကိုယ်တော်၏ ကျေးဇူးတော်ကို ကျွနု်ပ် ချီးမွမ်းပါမည်။

သင့်ကိုယ်သင် လေ့ကျင့် သင်တန်းပေးဖို့ ကျွနု်ပ်တိုက်တွန်းလိုပါသည်။ သင့်အသက်တာ၌ ရသမျှအခိျန် အားလုံးကို အသုံးပြုပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပါ။ လေ့လာပါ။ ကျက်မှတ်ပါ။ နားထောင်ပါ။ ဆင်ခြင် နှလုံးသွင်းလျက် လက်တွေ့ လိုက်လျှောက်ပါ။ မိမိကိုယ်ကို မညာမတာ အဆုံးစွန် ဆက်ကပ်အပ်နှံမှု ပြုပါ။
 အသက်တာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပထမ ဦးစားပေးပါ။ များမကြာမှီ အချိန်၀ယ် ခန်းနားထယ်ဝါလှသည့် အောင်မြင်မှုတွေ၊ ဆုသရဖူတွေ၊ တပွေ့ တပိုက်ကြီးနဲ့ သင် ပြုံးပျော်နေလိမ့်မည်ဆိုတာ ယုံကြည်စိတ်ချပါ မိတ်ဆွေ။

(Rev. သိန်းသန်းထွန်း)


Friday, 2 September 2016

ပညာရှိသောသူ၏ ဂုဏ်အင်လက္ခဏာများ

Characteristics of a wise person
၁။ ပညာရှိသောသူသည် ကာလအချိန်ကိုလည်း
ကောင်း၊ စီရင်ရသော အခွင့်ကိုလည်းကောင်း၊
သိမြင်သောသူ ဖြစ်သည် (ဒေသနာ ၈း၅)။
၂။     ပညာရှိသောသူသည် မိမိ၏ အနာဂတ်အ
တွက် ကြိုတင်ပြင်ဆင်သောသူ ဖြစ်သည် (သုတ္တံ
 ၆း၆-၈)။ 
၃။     ပညာရှိသောသူသည် မိမိသွားရမည့်လမ်းကို
 သိသူဖြစ်သည် (သုတ္တံ ၁၄း၈)။
၄။      ပညာရှိသောသူသည် မိမိသွားရာလမ်းကို
စေ့စေ့ကြည့်ရှု ဆင်ခြင်သောသူ ဖြစ်သည် (သုတ္တံ  ၁၄း၁၅)။

၅။     ပညာရှိသောသူသည် ကြောက်၍ ဒုစရိုက်ကို ရှောင်တတ်သည် (သုတ္တံ ၁၄း၁၆)။ 
၆။     ပညာရှိသောသူသည် မိမိသိသောအရာကို ထုတ်ဖော်ဝါကြွား၍ မပြောဆိုတတ် (သုတ္တံ ၁၂း၁၃)။ 
၇။     ပညာရှိသောသူသည် သတိပေးသောစကားကို နားထောင်တတ်၏ (သုတ္တံ ၁၃း၁၀)။
၈။     ပညာရှိသောသူသည် ဆုံးမသောစကားကို ဂရုပြုတတ်၏ (သုတ္တံ ၁ရး၁၀)။ 
၉။     ပညာရှိသောသူသည် အရာရာကို စေ့စေ့စပ်စပ် ကျင့်ဆောင်တတ်၏ (ဧဖက် ၅း၁၅)။

၁၀။     ပညာရှိသောသူသည် ဘုရားစကားကို ကြားရုံမျှမက နားထောင်တတ်၏ (မဿဲ ရး၁၄)။ 
၁၁။     ပညာရှိသောသူသည် မိမိနှုတ်ကို ချုပ်တည်းတတ်သူ ဖြစ်၏ (သုတ္တံ ၁၀း၁၉)။ 
၁၂။     ပညာရှိသောသူသည် ဒေါသအမျက်ကို လွှဲရှောင်တတ်၏ (သုတ္တံ ၂၉း၈)။
၁၃။     ပညာရှိသောသူ၏ လျှာသည် အနာရောဂါိုပင် ပျောက်ကင်းစေတတ်၏ (သုတ္တံ ၁၂း၁၈)။
၁၄။     ပညာရှိသောသူ၏ နှုတ်ခမ်းတို့သည် ကယ်တင်သောအမှုကို ပြုတတ်၏ (သုတ္တံ ၁၄း၃)။
၁၅။     ပညာရှိသောသူ၏ နှုတ်ခမ်းတို့သည် ပညာအတတ်ကို စွန့်ကြဲတတ်၏ (သုတ္တံ ၁၅း၇)။
၁၆။     ပညာရှိသောသူသည် စိတ်ရှည်သူ ဖြစ်၏ (သုတ္တံ ၁၄း ၂၉)။

၁၇။     ပညာရှိသောသူ၏ လျှာသည် ပညာအတတ်ကို နှစ်သက်တတ်၏ (သုတ္တံ ၁၅း၂)။ 
၁၈။     ပညာရှိသောသူသည် တန်ခိုးရှိ၏။ ပညာအတတ်နှင့် ပြည့်စုံသောသူသည် ခွန်းအားတိုးပွားတတ် ၏ (သုတ္တံ ၂၄း၁၅)။ 
၁၉။     ပညာရှိသောသူသည် (ပျောက်ဆုံး) ဝိညာဉ်များကို ရသောသူ ဖြစ်၏ (သုတ္တံ ၁၁း၃၀)။
၂၀။     ပညာရှိသောသူသည် အကြီးအ့ကဲခေါင်းဆောင်တို့၏ နှစ်သက်ခြင်းကျေးဇူးကို ခံယူ၏ (သုတ္တံ ၁၄း၃၅)။

၂၁။     ပညာရှိသောသူ၏ သွန်သင်ဆုံးမမှုသည် အသေခံရာကျော့ကွင်းတို့မှ လွှဲရှောင်ရာ အသက် စမ်းရေတွင်းဖြစ်၏ (သုတ္တံ ၁၃း၁၄)။ 
၂၂။     ပညာရှိသောသူသည် အရာရာကို သမ္မာသတိဖြင့် ပြုမူတတ်၏ (သုတ္တံ ၁၃း ၁၆)။ 
၂၃။     ပညာရှိသောသူ၏ နားသည် ပညာစကားကို ရှာတတ်၏ (သုတ္တံ ၁၈း ၁၆)။
၂၄။     ပညာရှိသောသူသည် သိပ္ပံသရဖူကို ဆောင်းတတ်၏ (သုတ္တံ ၁၄း ၁၈)။ 
၂၅။     ပညာရှိသောသူသည် မြွေကဲ့သို့ လိမ္မာ၍ ချိုုးငှက်ကဲ့သို့ အဆိပ်ကင်းလျက်ရှိ၏ (မဿဲ ၁၀း၁၆)။
၂၆။     ပညာရှိသောသူသည် ကောင်းကင်မျက်နှာကျက်၏ အရောင်အဝါကဲ့သို့ အစဉ်အမြဲ ထွန်းလင်း လိမ့်မည် (ဒံယေလ ၁၂း၃)။

ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ဖော်ပြထားသော “ပညာရှိသောသူ” ဆိုသည်မှာ လောက ပညာ၊ ဘွဲဒီဂရီကို မြောက်မြားစွာ ပိုင်ဆိုင်ရရှိထားသော သူများကို ဆိုလိုခြင်း မဟုတ်ပါ။  
ကျွနု်ပ်တို့သည် ယေရှုခရစ်တော်ကို မိမိ၏ ကယ်တင်ပိုင်ရှင်နှင့် အရှင်သခင်အဖြစ် ယုံကြည် ကိုးကွယ်၍ ခရစ်တော်၌ ရှိပြီဆိုလျှင် ခရစ်တော်သည် ကျွနု်ပ်တို့၌ ပညာ၊ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနုတ်ခြင်း၊ ဖြစ်တော်မူ၏ (၁ကော၊ ၁း၃၀)။ တစ်နည်းဆိုရသော် ကျွနု်ပ်တို့သည် ခရစ်တော်အားဖြင့် “ပညာရှိများ” ဖြစ်ကြသည်။

ထာဝရဘုရားကို ကြောက်ရွံ့ ၍ သန့်ရှင်းတော်မူသောဘုရားကို သိကျွမ်းသောသူသည် ဘုရားရှေ့ တွင် ဉာဏ်ပညာနှင့် ပြည့်စုံသော “ပညာရှိ” ဖြစ်ပါသည်။ ထို့ကြောင့် “ပညာရှိသောသူ” ဟူသော နေရာတွင် မိမိနာမည်ကို ထည့်၍ ယေရှုနာမ၌ အကြိမ်ကြိမ်အခါခါ ဝန်ခံမြွက်ဆိုခြင်းဖြင့် မိမိ၏ ဝိညာဉ်ရေးရာနှင့် စိတ်ဓါတ်ရေးရာကို ဧကန်အမှန် မြှင့်တင်ပေးနိုင်ပါလိမ့်မည်။ 
(Rev. သိန်းသန်းထွန်း)