Thursday, 19 May 2016

ထိရောက်အောင်မြင်သော မိတ်ဆွေဖွဲ့ခြင်း နည်းလမ်း(၇)ခု

(Seven Effective ways to make more 
Friends)
လူ့ဘ၀တွင် ရွှေငွေ စည်းစိမ်တွေထက် တန်ဖိုး
ရှိသော အရာတစ်ခုမှာ “မိတ်ဆွေစစ်များပင်”
 ဖြစ်သည်။ သင်သည် စသည်းစိမ်ချမ်းသာ မည်
မျှင် ပိုင်ဆိုင်ပါစေ၊ ရာထူးအာဏာ မည်မျှပင်ကြီး
ပါစေ၊ ဘွဲ့ဒီဂရီတွေ မည်မျှပင် ရရှိထားပါစေ၊ သင့်
အနီးအပါး၌ “မိတ်ဆွေစစ်များ” မရှိလျှင်မူကား
 အောင်းမြင်သူတစ်သီးဟု မဆိုနိုင်ပေ။ မိတ်ဆွေ

သင်္ဂဟပေါများခြင်းသည် ခေါင်းဆောင်မူ၏ အရည်အချင်းတစ်ခုဟုလည်း ဆိုနိုင်သည်။

အမှန်တရားတစ်ခုမှာ ကျွန်တော်တို့အားလုံး တစ်နေ့ ဤကမ္ဘာာလောကကြီးထဲမှ ထွက်ခွါသွား ကြရမည်။ အဲသည်အချိန်တွင် ကိုယ့်ရုပ်ကလပ်ကို ကိုယ်တိုင်ထမ်းသွား၍ မရပါ။ အခြားသူများက ထမ်းပေးကြရမည်။ ထိုသူများသည် ကျွန်တော်တို့၏ အရင်းနှီးဆုံးမိတ်ဆွေများပင် ဖြစ်လိမ့်မည်။ သည့်အတွက်ကြောင့် ကျွန်တော်တို့အသက်တာမှာ မိတ်ဆွေတွေရှိဖို့ လိုအပ်ပါသည်။

နောက်တစ်ခုမှာ “လူတိုင်း ခရစ်တော်ကို ယုံကြည်သက်၀င်၍ ကယ်တင်ခြင်းသို့ ရောက်သည်သာမက သမ္မာတရားကို သိလာစေရန်” ကျွန်တော်တို့အားလုံး ကြိုးပမ်းလုပ်ဆောင် နေကြပါသည်။ သည် တာ၀န်ကို ကျေပြွန်စွာ ထမ်းဆောင်ဖို့ရန်အတွက် “မိတ်ဆွေဖွဲ့ခြင်း (friendship)” သည် အဓိကအခန်းကဏ္႑မှ ပါ၀င်နေပါသည်။ “လူကိုခင်မှ တရားမြင်မည်” ဆိုသော မြန်မာစကားပုံ အတိုင်းပင် ကျွန်တော်တို့ ဧဝံဂေလိေ၀ငှနေသော (သို့) ေ၀ငှလိုသောသူများနှင့်ခင်မင်ရင်းနှီးမူကို ဦးဆုံး တည်ဆောက်ဖို့ရန် အရေးကြီးလှပေသည်။ သည့်အတွက်ကြောင့်ပဲ “ထိရာက်အောင်မြင်သော မိတ်ဆွေဖွဲ့နည်း” တွေကို သိရှိထားဖို့ လိုအပ်ပါသည်။ ကျွန်တော်ေ၀ငှမည့် နည်းလမ်း(၇)ခုသည် လူကြီးလူငယ် ကလေးလူတန်းစားမရွေး အသုံးပြုလို့ရသည့် နည်းလမ်းတွေဖြစ်ကြောင်း ရဲရဲကြီး အာမခံနိုင်ပါသည်။

၁။ အပြုံးဖြင့် နှုတ်ခွန်းဆက်ပါ။
    (Greet people with a Smile)
“အိမ်သို့၀င်သောအခါ မင်္ဂလာရှိပါစေသောဟု နှုတ်ဆက်ခြင်းကို ပြုကြလော့” (မဿဲ ၁၀း၁၂)
မိတ်ဆွေဖွဲ့ဖို့ ပထမဆုံးနှင့် အရေးကြီးဆုံးကတော့ သင့်မျက်နှာကို ပြုံးပြုံးလေး ထားလိုက်ဖို့ပဲ ဖြစ်သည်။ မျက်နှာထားခပ်တည်တည် ခပ်တင်းတင်းကြီး၊ မှုန်ကုပ်ကုပ်ကြီးနှင့် “မင်္ဂလာပါ”ဟု နှုတ်ခွန်းဆက်ပါက ထိရောက်မည် မဟုတ်ပါ။ သင့်စကားသံသည် အမူအရာနှင့် လိုက်ဖက်မှု ရှိရမည်။ ကလေးလူကြီး မည်သူမဆိုဖော်ရွေတတ်သူ၊ ပြုံးရွှင်နေသူ၊ လန်းဆန်းတက်ကြွသူ၊ မိမိကို ဦးစားပေးသူတို့နှင့် ခင်မင် ရင်းနှီးလိုစိတ် ရှိကြစမြဲဖြစ်သည်။ သည်နေရာမှာ သတိပြုဖို့က မိမိကို နှုတ်ခွန်းဆက်လာဖို့ အချိန် အထိ စောင့်မနေဖို့ပဲ ဖြစ်သည်။ မိမိက အရင်ဆုံးစလိုက်ဖို့ ဖြစ်သည်။ “မြင်မြင်ချင်း ချစ်ခင်စေသော နည်း - အပြုံးဖြင့် နှုတ်ခွန်းဆက်လိုက်ပါ” လို့ပဲ ကျွန်တော်ပြောချင်သည်။ 

၂။ ဂုဏ်ပြုချီးမွမ်းစကား (သို့) မှတ်ချက်ပေးပါ။
     (Give a compliment)
“ချီးမွမ်းခြင်းအရာမှာ သူတစ်ပါးကို ကိုယ်ထက် ချီးမြှောက်ကြလော့” (ရောမ၊ ၁၂း၁၀)
လူတိုင်းမှာ ချီးမွမ်းစရာ ‘ကောင်းကွက်’ တစ်ခုခုတော့ ရှိစမြဲဖြစ်သည်။ သည်အရာကို မြင်တတ်ပြီး ချီးမွမ်းစကားဆိုတတ်ဖို့ လိုသည်။ မဟုတ်သည့်အရာကို အသားလွတ်ကြီး မြှောက်ပင့်ပြောဆိုခြင်း ကိုတော့ရှောင်ကြဉ်ရမည်။ သို့မဟုတ်လျှင် ကဲ့ရဲ့့ရှုတ်ချသလိုဖြစ်ပြီး မိတ်ပျက်တတ်သည်။ ကလေးများ နှင့် ပတ်သက်လျှင် ‘အို၊ သားလက်ရေးလေးက လှလိုက်တာ’၊ ‘သမီးလေး သီးချင်းဆိုတာ သိပ်ကောင်း တာပဲကွယ်’ စသည်ဖြင့် ပြောနိုင်သည်။ လူကြီးများအတွက်မူ ‘အန်တီက ဟင်းချက်သိပ် တော်တာပဲ’၊ ‘အဘက အသက်(၇၀)ကျော်ပေမယ့် ကျန်းမာဖျတ်လတ်တုန်းပဲနော်’ စသည်ဖြင့် ပြောဆိုနိုင်သည်။ 

အများရှေ့တွင် ချီးမွမ်းစကားကို ပြောဆိုလျှင် အပြောခံရသူအဖို့ ၀မ်းမြောက်ပီတိဖြစ်စေပါသည်။ နောက်တစ်နည်းမှာ မိမိချီးမွမ်းပြောဆိုလိုသောသူအကြောင်းကို သူ့နောက်ကွယ်တွင် ပြောဆိုခြင်း ဖြစ်သည်။ သည်စကားကို သူပြန်ကြားသည့်အခါ ချီးမွမ်းပြောဆိုသူကို ပိုမိုချစ်ချင် နှစ်သက်စေပါသည်။ 

ကျွန်တော်တို့အမှုတော်ဆောင် တော်တော်များများ မှားတတ်သည့် အကျင့်တစ်ခုမှာ ရှေ့တွင် ချီးမွမ်း ပြောဆို၍ နောက်ကွယ်တွင် မကောင်းပြောတတ်ကြခြင်းပင် ဖြစ်သည်။ မကောင်းပြောသည့် အကြောင်း သူပြန်ကြားရသည့်အခါ ကျွန်တော်တို့နှင့် ခင်မင်ရင်းနှီးမှုကို ထိခိုက်စေပါသည်။ ကျွန်တော် တို့သိကျွမ်းသော သူများနှင့် ရေရှည်တည်တံ့သော မိတ်သဟာယကို တည်ဆောက်ရန်အတွက် “သူ့နောက်ကွယ်မှာ ကောင်းတဲ့စကား၊ ချီးမွမ်းစကားဆိုကြစို့”လို့ ကျွန်တော်အကြံပြုချင်ပါသည်။ 

၃။ အခါအားလျော်စွာ လက်ဆောင်တစ်ခုခု ပေးပါ။ 
   (Give a present occasionally)
“လက်ဆောင်ပေးသောသူကိုလည်း လူတိုင်း မိတ်ဆွေဖွဲ့တတ်၏” (သုတ္တံ ၁၉း၆)
“စည်းစနစ်ရှိခြင်း” နှင့် “ကပ်စေးနည်းခြင်း” မတူပါ။ “စည်းစနစ်ရှိခြင်း” ဆိုသည်မှာ မလိုအပ်သော နေရာတွင် မဖြုန်းတီးခြင်းဖြစ်ပြီး၊ “ကပ်စေးနည်းခြင်း” မူကား အမှန်တကယ်လိုအပ်နေပါလျက် လျော့ သုံးခြင်း ဖြစ်သည်။ ကပ်စေးနည်းသောသူကို မည်သူမျှ မိတ်ဆွေမဖွဲ့ချင်ပါ။

ကပ်းစေးနည်းသောသူကို “ဇီဇာကြောင်သောသူ”၊ “ကိုယ်ချင်းမစာတတ်သူ”ဟု သတ်မှတ်လေ့ရှိပြီး မည်သူမျှအပေါင်းအသင်း မလုပ်လိုကြပေ။ အခါအားလျော်စွာ (သို့) လိုအပ်သည့်အချိန်အခါတွင် လက်ဆောင်တစ်မျိုးမျိုးပေးတတ်ဖို့ လိုသည်။ မွေးနေ့လက်ဆောင်၊ ဂုဏ်ပြုလက်ဆောင်တစ်ခုခုကို သင့်လျော်သည့်အချိန်တွင် ပေးအပ်နိုင်သည်။ လက်ဆောင်ရသူသည် လက်ဆောင်၏ တန်ဖိုးထက် လက်ဆောင်ပေးသူ၏ ချစ်ခြင်းမေတ္တာနှင့် အသိအမှတ်ပြုခြင်းကို လက်ခံရရှိခြင်းဖြစ်ရာ လက်ဆောင် ပေးသူကို မည်သူမျှအလွယ်တကူ မမေ့လျော့တတ်ကြပေ။ 

၄။ ဧည့်သည် ၀တ်ကျေပြွန်ပါ။ 
     (Show Hospitality) 
“ညီအစ်ကိုချင်း ချစ်ခြင်းမေတ္တာ၌ တည်ကြလော့။ ဧည့်သည်၀တ်ပြုခြင်းအမှုကို မမေ့မလျော့ကြနှင့်”(ဟေဗြဲ ၁၃း ၁)။
ဧည့်သည်၀တ်ပြုခြင်းသည် မိတ်ဆွေဖွဲ့ခြင်း၏ သော့ချက်တစ်ခုဖြစ်သည်။ သည်အချက်ကို အကင်းပါး သော ခေါင်းဆောင်တိုင်းက သဘောပေါက်ကြသည်။ မိမိအိမ်၊ ရုံး (သို့) ဌာနသို့ ရောက်ရှိလာသူများ အား ပြုံးရွှင်စွာ ကြိုဆိုနှုတ်ဆက်ခြင်း၊ နေရာထိုင်ခင်းပေးခြင်း၊ ရေ/ရေနွေးကြမ်း (သို့) စားစရာတစ်စုံ တစ်ခုဖြင့် ဧည့်ခံခြင်း၊ လိုအပ်ပါက ခြေလက်ဆေးရန် (သို့) သန့်စင်ခန်းအသုံးပြုရန်အတွက် စီစဉ်ပေး ခြင်း စသည်တို့ ပြုလုပ်ပေးရမည်။ 

ညအိပ်ညနေ ဧည့်သည်ဖြစ်ပါက လိုအပ်သည့်အရာများကို စီစဉ်ပေးရမည်။ ဧည့်၀တ်ကျေပြွန်ခြင်းအား ဖြင့် ခင်မင်ရင်းနှီးသော မိတ်သဟာယကို တည်ဆောက်နိုင်သည်။ ဧည့်၀တ်မကျေပြွန်သော နေရာကို မည်သူကမျှ ‘နောက်တစ်ခေါက်’ လာဖို့ စိတ်ကူးတော့မည်မဟုတ်။ “အိမ်သာလို့ ဧည့်လာတယ်” ဆိုသည့် မြန်မာစကားပုံလေးကိုလည်း အမြဲသတိရသင့်ပေသည်။ 

၅။ တစ်ဖက်လူပြောသောစကားကို ဂရုတစိုက် နားထောင်ပါ။
   (Pay attention to them)
“သို့ဖြစ်၍ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှာ လျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ” (ယာကုပ် ၁း ၁၉)။

ကျွန်တော်တို့ တော်တော်များများ ဖြစ်တတ်သည်မှာ ကိုယ်ပြောချင်တာကို တရစပ်ပြော၍ သူပြောတာကို သေသေချချာ နားမထောင်မိတာမှိုးဖြစ်သည်။ လူ့သဘာ၀အရ မိမိပြောစကားကို ဂရုတစိုက် နားထောင်ပေးသူကို ရှာဖွေတတ်ကြသည်။ လူ၏စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်အရ လူသည် မိမိပြောစကား၊ မိမိခံစားချက်များကို နားထောင်ပေးသူကို လေးစားချစ်ခင်တတ်သည်မှာ ဓမ္မတာ ပင်ဖြစ်သည်။ “စကားပြောကောင်းသူ”ဟု လူအများက သတ်မှတ်ခြင်းခံရသူသည် အမှန်တကယ်တွင် စကားနည်းနည်းသာပြောပြီး သူတစ်ပါးပြောစကားကို များများနားထောင်ပေးသူပင် ဖြစ်သည်။ ဘုရားသခင်သည် ကျွနု်ပ်တို့ကို ဖန်ဆင်းရာတွင် နားနှစ်ဘက်နှင့် ပါးစပ်တစ်ပေါက်ကို ဖန်ဆင်းခဲ့ သည်ကို ကြည့်ပြီး “နှစ်ဆ နားထောင်၍ တစ်ဆကိုသာ ပြောရန်” ဖြစ်ကြောင်း သတိချပ်ဖို့ လိုပေသည်။ 

၆။ တစ်ဖက်လူ၏ ဒုက္ခအခက်အခဲကို တတ်နိုင်သလောက် ကူညီဖြေရှင်းပေးပါ။
   (Provide every possible help in times of trouble)
“ကျေးဇူးပြုခြင်း၊ ဥစ္စာေ၀မျှခြင်း အမှုတို့ကို မမေ့မလျော့ကြနှင့်။ ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ၏” (ဟေဗြဲ၊ ၁၃း ၁၆)

လူတိုင်းလိုလို အသက်တာမှာ တစ်ချိန်မဟုတ်တစ်ချိန် ဒုက္ခပြသနာ (သို့) ကံဆိုးမိုးမှောင်ကျသည့် အချိန်မျိုးကြုံတွေ့တတ်သည်။ ဥပမာပြောရလျှင် “သမ္မာကျမ်းစာထဲမှ ယောဘအသက်တာ” လိုမျိုး။ သည်လိုအချိန်မျိုးမှာ မိမိကို ကူညီဖေးမမည့်သူများကို မျှော်လင့်တတ်မြဲ ဖြစ်သည်။ သည်သဘော တရားကို နားလည်သဘောပေါက်ပြီး တစ်စုံတစ်ယောက် ဒုက္ခရောက်သည်သည့်အခါတွင် မိမိ တတ်နိုင်သည်အတိုင်း ကူညီမစပေးခြင်းဖြင့် ကူညီခံရသူသည် သင့်အားမိတ်ဆွေကောင်း တစ်ဦး အဖြစ် မှတ်ယူသွားစေပါသည်။ 

သူ့ကို ကူညီခြင်းအားဖြင့် မိမိအတွက် ၀န်ထုတ်ဖြစ်စေမည့် ကိစ္စများအတွက်မူ သတိဉာဏ်ပညာနှင့် ပြုမူဖို့ လိုအပ်ပါသည်။ ဥပမာ-ပမာဏများပြားသော ပိုက်ဆံချေးငှားခြင်းမျိုး။ မိမိ၌လည်း မလုံ မလောက်ဖြစ်နေပါက “ဟုတ်ကဲ့၊ ကျွန်တော့်မှာ ချေးဖို့မရှိဘူး ဖြစ်နေတယ်” ဟူသော စကားမျိုး ပြောပြီး အခြားနည်းတစ်ခုခုဖြင့် ကူညီမစပေးဖို့ လိုအပ်ပါသည်။ အကူအညီပေးတတ်သူကို လူတိုင်း မိတ်ဆွေဖွဲ့ချင်ကြပါသည်။ 

၇။ သင်သိသောသူများနှင့် မကြာခဏ တွေ့ဆုံပါ၊ (သို့) သူတို့ထံ အလည်အပတ်သွားပါ။
   (See your friends often or visit them)
သင်သည် တာရှည်ခံသော မိတ်သဟာယကို တည်ဆောငက်လိုပါက သင်သိကျွမ်းပြိးသော မိတ်ဆွေများနှင့် မကြာခဏ (သို့) အခါအားလျော်စွာ ပြန်လည်တွေ့ဆုံပါ။ ဥပမာ-လက်ဖက်ရည် အတူသောက်ခြင်၊ မိတ်ဆုံစားပွဲ၊ ကျေးဇူးတော်ချီးမွမ်းပွဲ၊ စသည်ဖြင့် တစ်ခုခုလုပ်ပြီး မိတ်သဟာယဖွဲ့ပါ။ နေရာဒေသေ၀းပါက စာရေးပြီး (သို့)ဖုန်းဆက်ပြီး သူ၏ မိသားစုနှင့် ဘ၀အခြေအနေကို မေးမြန်းပါ။ သင်၏ လက်ရှိဘ၀အခြေအနေကိုလည်း ေ၀မျှပါ။ ဆုတောင်းချက်တွေကို ဖလှယ်ပါ။ အတူတကွ ကျေးဇူးတော်ကို ချီးမွမ်းပါ။ 

အကယ်၍ သင်၏မိတ်ဆွေသည် ကျန်းမာရေးကြောင့် မသွားမလာနိုင်လျှင် သူ့ထံအရောက်သွားပါ။ အားပေးစကား ပြောပါ။ ဆုတောင်းကောင်းချီးပေးပါ။ သူသည်သင့်အတွက် မိတ်ဆွေကောင်းတစ်ဦး ဖြစ်နေဆဲပါဆိုတာ ပြောပါ။ မိတ်ဆွေများထံ မကြာခဏ အလည်အပတ်သွားခြင်းဖြင့် တည်ဆောက်ပြီး သား မိတ်သဟာယကို ပိုမိုခိုင်မြဲ စေပါသည်။ 

ချစ်သောမိတ်ဆွေ - သင်သည် သန့်ရှင်းသော၀ိညာဉ်တော်ဘုရားထံမှ ခွန်အားတန်ခိုါ်ကို တောင်းခံပြီး အထက်ဖော်ပြပါ အချက်(၇)ချက်ကို လက်တွေ့ လုပ်ဆောင်မည်ဆိုပါက တစ်နေ့အဖဘုရား၏ ရွှေအိမ် တော်သို့ ရောက်သောအခါတွင်လည်း သင့်ကိုချစ်သော မိတ်ဆွေများက သင့်ကိုပြုံးရွှင်စွာ ကြိုဆို နေလိမ့်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပါသည်။ 

“တစ်ဖန် ငါဆိုသည်ကား သင်တို့သည် စုတေ့သောအခါ အစဉ်အမြဲတည်သော ဗိမာန်၌ သင်တို့ကို လက်ခံလတံ့သော အဆွေရှိစေခြင်းငှါ မမြဲသော လောကီစည်းစိမ်ကို သုံးဆောင်ကြလော့” (လုကာ၊ ၁၆း၉)။ 

မေတ္တာဖြင့် - Rev. သိန်းသန်းထွန်း

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....