Friday, 1 April 2016

စကားတော်ကိုနာခံခြင်း

နှုတ်ကပတ်တော်ဟူသည် အသက်ရှင်တော်
မူသောဘုရားသင်၏ စကားတော်မြတ်ဖြစ်ပါ
သည်။ ဘုရားစကားကို လူသား များစွ္နရှိသည့်
အထဲတွင် အရာခပ်သိမ်းကို သိမြင်တော်မူ၍
တန်ခိုးအစွမ်းကြီးမားတော်မူသည်သာမက
 သေခြင်းကို အောင်ပြီး ရှင်ပြန်ထမြောက်တော်
 မူသောထာဝရဘုရား၏စကားတော်များကို ရေး
သားပြုစုထားသည့်ကျမ်းတော်မြတ် (၆၆)ကျမ်းရှိပါ
သည်။ ထိုကျမ်းတော်မြတ်များသည် ဖတ်ရှုသူတိုင်းနှင့်ကျွမ်းဝင်ပါသည်။

ထိုနှုတ်ကပတ်တော်ကိုဖတ်ရှုပြီးသည့်အခါ ဘုရားရှင်၏စကားတော် ဟုတ်၏ မဟုတ်၏ကိုနှလုံးသားနှင့်ဆင်ခြင်၍သိနိုင်ပါသည်။ နှုတ်ကပတ်တော်စကားသည် သက်သေနှင့်ယှဉ်တွဲလျက်ရှိပါသည်။ ဘုရား၏စကားနှင့်တရားဟူသည်များစွာခြားနားပါသည်။ တရားဟူသည် အတိမ်း အစောင်းလုံးဝမခံသလို၊ တရားစကားကိုကျူး လွန်မိပါက တရားအတိုင်းပြစ်ဒဏ်ခံရမည်သာဖြစ်သည်။ တရားတော် ကကောင်းသောသူတစ်ယောက်မျှမရှိဟုဆိုထားပါသည်။ လူသည်တရားနာလျက်နှင့်မကောင်းနိုင်ပါ။ တရားကြောင့် ပိလေးနေသူများကို ဘုရားရှင်ကငါ့ထံသို့လာခဲ့လော့။ ငါသည်ချမ်းသာပေး မည်ဟု မိန့်တော်မူပါသည်။ လာသောသူလည်း အမှန်ပင်ချမ်းသာရမည်ဖြစ်ပါသည်။

တူမျှသောမေတ္တာ
ဘုရားရှင်သည် မေတ္တာရှင်ဖြစ်သည့်အားလျော်စွာ သီလမြဲမြံ၍ ကိုယ်ကျင့်တရားကောင်းမွန်သောသူတို့ကိုချစ်ရုံမက၊ ဆိုးသောသူ၊ မိုက်သောသူကိုလည်း ချစ်တော်မူပါသည်။ ထိုစကားကို တရားအရဆင်ခြင်ပါက နှစ်သက်လက်ခံ ဖွယ်မကောင်း သလို ဆိုးတတ်သောစိတ်သဘော၊ မိုက်တတ်သောသဘာဝကိုမနှစ်သက်ပါ။ သို့သော် လူ၏အသက်ရှင်မှုနှင့်ပတ်သက်၍ ကောင်းစွာကျင့် ကြံသည်ဖြစ်စေ၊ ဆိုးမိုက်သည်ဖြစ်စေ၊ လူသားမှန်လျှင် ဘုရားရှင်သည်မခွဲခြားစတမ်း ညီတူညီမျှသာချစ်ပါ သည်။

 ဘုရားရှင်ရှေ့တော်တွင် သီလကောင်းစွာဆောက်တည်၍ ကုသိုလ်တရားပွားများသူသည် သီလကုသိုလ််အကျိုးကို ခံစားရမည်ဖြစ် သလို သီလပျက်၍အကုသိုလ်တရားပွားများသူသည်လည်း ဆိုးကျိုးပြစ်ဒဏ်ကို အမှန်ပင်ခံစားရမည်ဖြစ်သည်။ မိဘဖြစ်သူတို့၌ မိမိတို့သားသမီးဖြစ်လျှင် ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ ချစ်ကြစမြဲဖြစ်သည်။

လူသားမိဘပင်လျှင် ထိုမျှမေတ္တာစိတ်ရှိသည် ဖြစ်လျှင် ဘုရားရှင်၏မေတ္တာဆိုလျှင်ကား ထို့ထက်သာလွန်ကြီးမြတ်လှပေသည်။ (သု၊၁၆း၉)တွင် လူသည်မိမိသွားသောလမ်းကို စိတ်နှလုံးအတွင်း၌ကြံစည်စဉ်းစား၍ပြုမူသော်လည်း ကောင်းကျိုးချမ်းသာရလဒ်ကိုခံစားစေဖို့ ဘုရားသခင်စီရင်သလို ဘုရားစကား နားမထောင်သူကိုလည်း နောင်တရ၍ ထိုလမ်းမှပြန်လှည့်လာ ရန်တားဆီး သတိပေးပါ သည်။

သစ္စာစကားဖြစ်၏
ဘုရားရှင်သည် မိမိနှုတ်ထွက်စကားတော်အတိုင်း သစ္စာတည်စေသောအရှင်ဖြစ်သည်။ (သု၊၁၉း၁၇)တွင် ဆင်းရဲသားကို သနားသောသူသည် ထာဝရဘုရားအားချေးငှါးသောသူဖြစ်၍ သူပြုသောအမှု၏အကျိုးကို ဆပ်ပေးမည် ဖြစ်ကြောင်းမိန့်တော်မူ ထားပါသည်။ ထိုစကားတော်သည် မည်သည့်ဘာသာတရားကိုမှီဝဲဆည်းကပ်သူမဆို၊ မြည်းစမ်းလုပ်ဆောင်ကြည့်၍ ရသောစကား ဖြစ်သည်။ ဆင်းရဲသူအားသနား၍ ဝေငှပေးကမ်းသူသည် ထိုသီလ၏အကျိုးထူး ကိုအမှန်ခံစား၍ ထာဝရဘုရားစကားတော်တည်ကြောင်း သိလာရမည်ဖြစ်သည်။

 ထိုသို့သိရှိခံစားလာပါက ထာဝရဘုရား သည် အသက်ရှင်သော ဘုရားဖြစ်ကြောင်းသက်သေကို အသက်တာ၌တွေ့မြင်သိရှိလာ မည်ဖြစ်သည်။ ထိုအခါ “သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရကြောင်း၊ ထိုသူအတွက်အပါယ်တံခါးပိတ်မည်ဖြစ်ကြောင်း၊ သားတော်ကိုယုံကြည်သောသူသည် ဘုရားသားဖြစ်ခွင့်ရကြောင်း ”အာမခံသော ကတိတော်နှင့် အာမခံချက်စကားများကိုခံစားရမည်ဖြစ်သည်။ ယင်းအချိန်ဘုရားသားသမီးတို့၌သာရှိသည့် သဘာဝသစ်နှင့် သက်သေသည် ထိုသူ၏အသက်တာ၌ပေါ်လွင်လာမည်ဖြစ်ပေသည်။

စိတ်နှလုံးကိုစစ်တော်မူ၏
သဗေ္ဗညုတဉာဏ်တော်ရှင်သည် စိတ်နှလုံးကိုစစ်ကြော်သိမြင်တော်မူသောဘုရားဖြစ်သည်။ မနောသီလကံ၏ ရှင်သန်မှုကို လူကမသိမမြင်နိုင်ပါ။ လူသည်နှုတ်ဖြင့်ပြောဆိုမှု၊ ပြုလုပ်မှုလုပ်ဆောင်မှုတို့အပေါ်မူတည်၍ အကျိုးကိုရသည် မဟုတ်။ မနောသီလ၏ နှလုံးမှန်စွာအသက်ရှင်တုန့်ပြန်မှုအပေါ်တည၍ ထာဝရဘုရားထံတော်မှ အကျိုးကိုရရှိ ခြင်းဖြစ်သည်။ လူသည်မနောသီလမှန်စွာ အသက်ရှင်လာရေးကို ဘုရားသခင်ကခန္တီတော်ပါရမီထားပြီး စောင့်ဆိုင်းတော်မူပါသည်။

 ယနေ့တရားသဘောအရ ကြိုးစားလိုက် လျှောက်သူနှင့် ဘုရားစကားတော်အရနာခံလိုက်လျှောက်သူသည် များစွာကွာခြား လှပါသည်။ တရားသဘောအရကြိုးစား နေသူသည် မိမိအစွမ်းနှင့် ရုန်းကန်နေသူဖြစ်ပြီး စကားတော်ကို နာခံသူမူကား ဘုရားကိုကိုးစားသောသဖြစ်၍ ဘုရားသခင်ကိုယ်တော် တိုင်ကကူညီမစပါသည်။ တရားကိုကျင့်သောသူသည် “သည်းခံရမည်”ဆိုသည့်ဘုရားစကားရှိထား၍ သီလစောင့်သည်။ ထိုသူသည်သီလ ကိုစောင့်ရှောက်နိုင်ရန် ပင်ပန်းစွာရုန်း ကန်ရသည်။ ဘုရားကိုကိုးစားသူမူကား ဘုရားကသည်းခံစေလိုသောကြောင့် နာခံ၍ပြုမည်ဟုမနောစိတ်က ပြင်ဆင်သော ကြောင့် ဘုရားမစမူသောအခါ မိလေးခြင်းမရှိဘဲ ပေါ့ပါးစွာတုန့်ပြန်နိုင်ပါသည်။

သဘာဝနှစ်မျိုး
လူတွင်သဘာဝနှစ်မျိုးရှိပါသည်။ လူတွင် ဓါတ်ကြီးလေးပါးအုပ်စိုး၍ အာရုံငါးပါးကိုအလေးထားအသက်ရှင်နေသမျှ လူ့သဘာဝစိုးမိုးနေမည်ဖြစ်သည်။ သို့သော်လူသည် အာရုံငါးပါးဖြင့်မပြီး၊ ဓမ္မာရုံဆိုသည့် လောကုတ္တရာနှင့် ပတ်သက်သည့်တရား စကားအခြေထား၍ အလေးထားအသက်ရှင်မှုကဏ္႑သည် လွန်စွာအရေးကြီးပါသည်။ (ရော၊ ၅း၁၃)တွင် ဆင်းရဲခြင်း၌ဝါကြွား ဝမ်းမြောက်ကြောင်းပြောပါသည်။ ထိုသက်သေကို အာရုံငါးပါးအပေါ်အခြေထား၍ လောကီရုပ်ဝါဒတရား အတိုင်းအသက်ရှင်နေသူ က မခံစားနိုင်ပါ။ ဓမ္မာရုံထဲတွင် နာမ်သက်နှင့်ရှင်သန်၍သက်သေရပြီး ခွန်အားဖြစ်သူကသာ ခံစားရရုံမက ဝါကြွားပြောဆိုနိုင်လေသည်။

ဆင်းရဲဒုက္ခထဲတွင် ဝမ်းမြောက်နိုင်ရန်မှာ တမလွန်အရေးစိတ်အေးနေသူဖြစ်ပြီး ဘုရားရှင်နှင့်နီးကပ်စွာမိတ် သဟာယပြု အသက်ရှင်နေဖို့လိုပါသည်။ တစ်နေ့တာ၏အသက်ရှင်မှုနှင့် ပိုင်ဆိုင်မှုအားလုံးကိုဘုရားလက်တော် ထဲအပ်နှံထားပြီးမှ ဖြစ်လာသော အခက်အခဲပြဿနာနှင့် ဆုံးရှုံးမှုရှိသမျှသည် ဘုရားရှင်ကအကြောင်းရှိ၍ မိမိအကျိုးအတွက ခွင့်ပြုကြောင်းသိရှိကာ အလိုတော်ကို ဝန်ခံတုန့်ပြန်မှုကြောင့် ကြိုးစားအားတင်းစရာမလိုဘဲ ဘုရား၏ခွန်အားပေးမစမှုှုအားဖြင့် ထိုအခြေအနေရှိသမျှကို ဝမ်းမြောက်စွာ သည်းခံနိုင်ပါသည်။ ဘုရားသခင်က မိမိအားတဖန်ပြ၍ကောင်းချီး ပေးမည်ဖြစ်ကြောင်းကိုလည်း သိရှိမျှော်လင့်ကာစိတ်ချပါသည်။

ရန်သူကိုချစ်ပါ
နှုတ်ကပတ်တော်ကမိမိရန်သူကိုချစ်ဖို့ရန် ယုံကြည်သူများအားသွန်သင်ပါသည်။ ထိုစကားတော်သည် လူ့သဘာဝရုပ်စိတ်ဖြင့် စဉ်းစားနာခံဖို့က အလွန်ခက်ခဲသောအမှုဖြစ်သည်။ မိမိကိုအနိုင်ကျင့်စော်ကားသူ၊ မိမိအကျိုးစီးပွား ပျက်အောင်လုပ်သူကို ခွင့်လွတ်ရုံမျှမက ချစ်ဖို့အရေးမှာ လူ့သဘာဝစိတ်ဖြင့် မတတ်နိုင်သည့်အမှုဖြစ်သည်။ သို့သော်ဘုရားရှင် ကဇာတိဖြင့် ကိုယ်တိုင်ပြန်၍ တမတုန့်ပြန်ဖို့၊ မိမိလက်သို့အပ်နှံဖို့၊ ထိုသူကိုအပြစ်အလျောက် မိမိဆပ်ပေးမည်ဖြစ်ကြောင်း ပြောပါသည်။ (ရော၊ ၁၂း၁၆-၂ဝ)။ ဘုရားရှင်၏စကားတော်အတိုင်းစိတ်ချစွာဖြင့် “ကိုယ်တော် ၏၏၏ထိုညီအစ်ကိုသည် အကျွနု်ပ်အပေါ်၌မတရားပြုပါ၏။ သူ့ကိုဇာတိဖြင့် ကျွနု်ပ်မတုန့်ပြန်ပါ။

ခံနိုင်ရန်ရှိရန်အကျွနု်ပ်အားခွန်အားပေးပါ။ သူ့ကိုလည်း ကိုယ်တော်စီရင်တော်မူပါ”ဟု အပ်နှံပါက ထိုအမှုကို ဝမ်းမြောက်သောစိတ်နှင့် သည်းခံခွင့်လွတ်နိုင်ဖို့ရန် ကိုယ်တော်ကခွန်အား ပေးမည်ဖြစ်သလို ထိုသူကိုလည်းအပြစ်နှင့်အလျောက် ကိုယ်တော်ဆုံးမပေးလိမ့်မည်။ ထို့ကြောင့် ကျွနု်ပ်တို့၏ နေ့စဉ်အသက်တာ၌ မည်သည့်အမှုကိုမဆို၊ ဇာတိသဘောဖြင့် မပြုမူဘဲ ကိုယ်တော်စကားကိုနားထောင်နာခံခြင်းအားဖြင့် အသက်ရှင်မည်ဆိုပါက နှုတ်ကပတ်တော်သက်သေကို တွေ့မြင်ခံစားရမည်ဖြစ် သကဲ့သို့ နေ့ရက်ကာလများကို ဝမ်းမြောက်စွာကုန်လွန်စေနိုင်မည်ဖြစ်၍ မေတ္တာနှင့်အသိပေး ဝေငှလိုက်ရပါသည်။

Dr.တင်မောင်ထွန်း-တရားဒေသနာ

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....