Monday, 14 March 2016

လူဟောင်း (OLD LIFE)

ခရစ်တော်၌လူသစ် အခန်း (၇)
ပထမဦးဆုံးအနေနဲ့ လူဟောင်းဆိုတာ
 ဘာလဲ ဆိုတဲ့အကြောင်းအခြေအမြစ်
ကျကျ နားလည်ဖို့ လိုပါတယ်။ အခြေခံ
ကျတဲ့ အခက်တွေကို ဖော်ပြပါမယ်။
(က) မိခင်က မွေးသောသူ –
လူဟောင်းဘဝဟာ မိခင်ဝမ်းမှာ သနေ္ဓတည်
စပြုချိန်က စလာပါတယ်။ ပိုပြီး တိတိကျကျ
 ပြောရရင် တော့ အာဒ့ရဲ့ ကျဆင်းခြင်းကနေ စခဲ့တာပါ။
ဘုရားသခင်က အာဒံကို မြေမှုန့်ကနေ ဖန်ဆင်းပြီး ဧဝကိုတော့ အာဒံရဲ့ နံရိုးနဲ့ ဖန်ဆင်းခဲ့တယ်။ ကျွန်တော်တို့ကိုတော့ မိခင်၊ ဖခင် ပေါင်းစပ်ခြင်းကတစ်ဆင့် ဖန်ဆင်းတာဖြစ် ပါတယ်။ အာဒ့ဟာ အပြစ်ကြောင့် ကျဆင်းသွားတဲ့အတွက် သူ့ရဲ့အမျိုးအနွယ်ဟာလည်း ကျဆင်းနေတဲ့ အမျိုးအနွယ်(FALLEN GENERATION) ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ကျမ်းစာထဲမှာ ကျွန်တော်တို့ကို မိန်းမမွေးသောသူလို့ ခေါ်ဝေါ်တာ ဖြစ်ပါတယ်။

ယောဘ ၄း၁ မှာ “လူသည် မိန်းမမွေးသောသူဖြစ်သဖြင့် အသက်တို၍ ဒုက္ခနှင့် ပြည့်စုံပါ၏” လို့ ဖော်ပြထားပါတယ်။ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့ သင်္ခါရတရားရဲ့ ရိပ်အောင်မှာ မွေးဖွားခြင်းကတစ်ဆင့် လူဖြစ်လာတဲ့ ကျွန်တော်တို့ဟာ မွေးလာကတည်းက စပြီး လူဟောင်းအဖြစ်နဲ့ မွေးလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လဲ ဟောင်းနွမ်း၊ ဆွေးမြေ့ယိုယွင်းခြင်းနဲ့ဆိုင်တဲ့ လက္ခဏာတွေ၊ တစ်နေ့တစ်ခြားပေါ်လွင် ထင်ရှား နေတာကို တွေ့မြင်နိုင်တာဖြစ်ပါတယ်။
ဆာလံ ၃၉း၅ မှာ “အကယ်စင်စစ် လူမည်သည်ကား လူ၏ အထွဋ်သို့ရောက်သော်လည်း အနတ္တသက် သက်ဖြစ်ပါ၏” လို့ ဆိုထားပါတယ်။ လူသားတွေအနေနဲ့ သူ့ထက်ငါ သာလွန်ပြီး အထွဋ်အထိပ်ကို ရောက်ဖို့ ကြိုးစားအားထုတ်နေကြပေမယ့် အနတ္တတရိုားတော့ မကျော်လွန်နိုင်တဲ့အကြောင်း၊ ကြိုးစားကျင့်ကြံလို့ ထိပ်ဆုံး ရောက်သွားတယ်ဆိုရင်တောင်မှ အနတ္တတရားရဲ့ အောက်မှာသာ ရှိနေသေတဲ့အကြောင်း တိတိကျကျ ဖော်ပြ ထားတာဖြစ်ပါတယ်။

အနတ္တတရားအောက်မှာ ရောက်နေခြင်းဟာ ဟောင်းနွမ်းဆွေးမြေ့ခြင်းရဲ့လက္ခဏာသက်သေဖြစ်ပါတယ်။ လူသားအချင်းချင်းထဲမှာ မြင့်မြတ်တဲ့ အမျိုးအနွယ်၊ နိမ့်ကျတဲ့ အမျိုးအနွယ်စတဲ့ ခွဲခြားမှုတွေ ပြုနေကြပေမယ့် ဘုရားသခင်ရဲ့ ရှေ့တော်မှာတော့ “ခြားနားခြင်း အလျင်းမရှိ၊ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ် တည်း အသုံးရသောသူ ဖြစ်ကြပြီ” လို့ ဆိုထားတဲ့အတိုင်း ကျွနတော်တို့ဟာ ဟောင်းနွမ်းဆွေးမြေ့ဖောက်ပြန်နေ တဲ့ အမျိုးအနွယ်ထဲမှ ပေါက်ဖွားလာကြသူတွေသာ ဖြစ်ပါတယ်။

(ခ) အပြစ်နှင့် ပြည့်ဝသူ
လူဟောင်းဟာအပြစ်နဲ့ ပြည့်ပါတယ်။ အပြစ်ဆိုတဲ့နေရာမှာ နှစ်ပိုင်းရှိတယ်။ အပြစ်သားဖြစ်ခြင်းနဲ့ အပြစ်ပြုခြင်းတို့ဖြစ်တယ်။ တစ်နည်းအားဖြင့် အပြစ်ဗီဇပါရှိခြင်းနဲ့ ကိုယ်တိုင်ပြစ်ကျူးလွန်ခြင်းလို့ ဆိုနိုင်ပါ တယ်။ ဒီနှစ်ပိုင်းမှာ အပြစ်ပြုလုပ်ကျူးလွန်နေခြင်းဟာ အပေါ်ယံပိုင်းဖြစ်တယ်။ ဒါဝိဒ်မင်းကြီးက ဒီအချက်ကို ကောင်းကောင်းသဘောပေါက် ဝန်ခံခဲ့တဲ့အကြောင်း ဆာလံ ၅၁း၅ မှာ တွေ့နိုင်ပါတယ်။ သူ့ရဲ့စစ်သူကြီးဖြစ်သူ ဥရိယရဲ့ ဇနီး ဗာသရှေဘကို ပြစ်မှားပြီး လင်ကိုပါ သေကြောင်းကြံခဲ့တဲ့ ပြစ်မှုကြီးကျူးလွန်မိတဲ့နောက် နောင်တရ ပြီးဘုရးရှေ့တော်မှာ တောင်းပန်ဝန်ခံခဲ့ပါတယ်။
ဒါဝိဒ်ဟာ ငယ်စဉ်က လိမ္မာရေးခြားရှိပြီး ဘုရားကို ချစ်ကြောက်ရိုသေခဲ့တဲ့ လူငယ်တစ်ဦးဖြစ်ပါတယ်။ အခု ဒီပြစ်မှုကြီးကို သူရှင်ဘုရင်ဖြစ်တဲ့နောက်ပိုင်း ကျူးလွန်ခဲ့တာပါ။ ဒါပေမယ့် “ဘုရားသခင် ကျွန်တော်မျိုးဟာ ငယ်စဉ်ကစပြီး လိမ်လိမ်မာမာ နေခဲ့တဲ့ လူကောင်းတစ်ဦးပါ။ အခုမှာ ရှင်ဘုရင်ဖြစ်လာလို့ အောက်ခြေလွတ်ပြီး ဒီလိုအမှားမျိုး ကျူးလွန်မိတာကို ခွင့်လွှတ်ပါ” လို့ မတောင်းပန်ပါဘူး။

သူ့ကိုယ်သူ မညှာမတာ ပြန်ဆန်းစစ်ကြည့်တဲ့အခါ လောလောဆယ်ဆယ်ပြုမိတဲ့ အပြစ်ကိုသာမကဘဲ အမိဝမ်းမှာ သနေ္ဓတည်ချိန်ကစပြီး ပါလာတဲ့ အပြစ်ဗီဇ (SINFUL NATURE) အထိ ရှင်းရှင်းလင်းလင်း မြင်သွားခဲ့တယ်။
ဒါကြောင့်လဲ “ကျွနု်ပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိပါ၏။ အမိဝမ်းထဲမှာ ပဋိသနေ္ဓယူစဉ်ပင် အပြစ် စွဲပါ၏” လို့ အခြေအမြစ်ကျကျ ဝန်ခံထားတာဖြစ်ပါတယ်။ ဖောက်ပြန်ကျဆင်းပြီဖြစ်တဲ့ အာဒံရဲ့ အမျိုးအနွယ်ဖြစ် တာကြောင့် လူတိုင်းဟာ မိခင်ဝမ်းမှာ သနေ္ဓတည်စကစပြီး ဒီအပြစ်နဲ့ဆိုင်တဲ့ ဗီဇကို အမွေဆက်ခံခဲ့ကြရတာဖြစ် ပါတယ်။ (INHERITED SIN NATURE) လို့ခေါ်ပါတယ်။
လူဖြစ်လာကတည်းက အပြစ်လုပ်ချင်တဲ့ စိတ်ဆန္ဒ၊ လုပ်တတ်တဲ့ အရည်အချင်းနဲ့ လုပ်နိုင်တဲ့ ခွန်အား ဆိုတဲ့ အပြစ်နဲ့ဆိုင်တဲ့ သဘောသဘာဝတွေ ပါလာကြပြီးသားဖြစ်နေပါတယ်။ ဒါကိုသဘောပေါက်သွားတဲ့ ပေါလုက ရောမ ၇း၁၈ မှာ “ငါ့အထဲမှာ ငါ့ဇာတိ၌ ကောင်းသောအရာ တစ်စုံတစ်ခုသမျှမတည်သည်ကို ငါသိ၏” လို့ ဝန်ခံထားတာတွေ့ရပါတယ်။

မာကု၊ ၇း၂၁-၂၃ ကိုလေ့လာကြည့်တဲ့အခါ လူကို ညစ်ညူးစေတဲ့အရာဟာ လူ့အတွင်းမှာသာ ရှိပြီးဖြစ် ကြောင်း သခင်ယေရှုကအတိအလင်း ပြောထားတာတွေ့ရပါတယ်။ ကျွန်တော်တို့မှာ အပြစ်ဗီဇပါလာတာနဲ့ အမျှ-
- စိတ်နှစ်လုံးနဲ့ပြစ်မှာခြင်း။
- နှုတ်နဲ့ပြစ်မှားခြင်း။
- ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း ဆိုတဲ့ ဒုစရိုက်အပြစ်တွေနဲ့ပြည်နေတဲ့အကြောင်း ကိုယ့်ကိုယ်က
မညှာမတာ ဆန်းစစ်သူတိုင်း သိနိုင်ကြပါလိမ်မယ်။ ဆီကြိတ်တဲ့ စက်ရုံတစ်ရုံဟာ လည်ပတ်နေသ၍ ဆီတွေကို ထုတ်လုပ်နေမှာ ဖြစ်သလို လူဟာ အသက်ရှင်လှုပ်ရှားနေသ၍ အပြစ်တွေကိုသာ ဖြစ်စေ နေတဲ့ သဘောကို မြင်တတ်ဖို့လိုပါတယ်။
ကျွန်တော်တို့မှာ အပြစ်နဲ့ဆိုင်တဲ့ မွေးရာပါဗီဇသဘာဝကို ကြိုးစားပြီး ထိန်းချုပ်နေရတာကြောင့်
ဝန်လေးပင်ပန်းမှုနဲ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ လူ့အမြင် လူ့သတ်မှတ်ချက်မှာ ကြိုထိန်းချုပ်နိုင် သူကို လူကောင်း၊ မထိန်းနိုင်သူကို လူဆိုးလို့ခွဲခြားတတ်ကြပါတယ်။ တကယ်တော့ ထိန်းချုပ်နိုင်တာ၊ မထိန်းချုပ် နိုင်တာ အပထား အပြစ်ဗီဇအားဖြင့် ဖြစ်ပွါးလားခြင်းကိုက လူဟောင်းခြင်းဘဲဆိုတာ သဘောပေါက်နိုင် ပါတယ်။

(ဂ) စာတန်မာရ်နတ် လက်၌ရှိနေသူ
အာဒံကို မဖန်ဆင်းခင်ကတည်းက ဘုရားကို တော်လှန်ပုန်ကန် ငြင်းဆန်နေနေတဲ့ စာတန်ဟာ ရှိနှင့်ပြီး ဖြစ်တယ်။ ဘုရားက မြင်ရတဲ့အရာတွေကို ဖန်ဆင်းသလို မျက်မြင်မရတဲ့အရာတွေကိုလည် ဖန်ဆင်းခဲ့ပါသည်။ ဒီအထဲမှာ စာတန်ဟာလည်း အဆင့်မြင့် ကောင်းကင်တမန်တစ်ပါးအဖြစ် ဖန်ဆင်းခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။ ယေဇ၊၂၈း၁၂-၁၅ မှာ သူ့ရဲ့နဂိုမူလအခြေအနေကို ဖော်ပြထားတယ်။ ဖန်ဆင်းခြင်းခံရချိန်ကစပြီး သူ့အပြစ်ထင် ရှားတဲ့နေ့အထိ ပြုလေရာရာမှာ စုံလင်ခြင်းရှိခဲ့တယ်။ သူ့ရဲ့အပြစ်ဟာ မာနနဲ့ယစ်မူးခြင်းဖြစ်တယ် (၁တိ၊၃း၆)။ သူ့ကို ဘုရားပေးထားတဲ့ အရည်အချင်း အစွမ်းအစတွေနဲ့ ဘုရားကိုသာ ချီးမွမ်းကိုးကွယ်ရမဲ့အစား ဘုရားကို နှိုင်းယှဉ်ပြိုင်ဆိုင်လိုတဲ့ ဆန္ဒနဲ့အကြံအစည်ပေါ်လာချိန်ကစပြီး ဘုရားရဲ့ ရန်သူအဖြစ် သတ်မှတ်စီရင်ခံခဲ့ရသူဖြစ် ပါတယ်(ဟေ၊၁၄း၁၂-၁၄)။ ဘုရားကို ဗဟိုပြုပြီးအသက်ရှင်ရမဲ့အစား ကိုယ့်ကိုယ်ကို ဗဟိုပြုခြင်း (SELF CENTRED) ဟာ အပြစ်တရားရဲ့ အခြေအမြစ်ဖြစ်ကြောင်းသိရှိနိုင်ပါတယ်။

ဘုရားသခင်ဟာ ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်းနဲ့ ပြည့်စုံတော်မူတဲ့အတွက် လူကို ဖန်ဆင်းပြီးတဲ့ နောက် လွတ်လပ်စွာရွေးချယ်ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေးပေးထားခဲ့ပါတယ်။ ဧဒင်ဥယျာဉ်ထဲမှာ နေစေခဲ့ပြီး ဥယျာဉ်ရဲ့ အလယ်မှာအသက်ပင်နဲ့ ကောင်းမကောင်းသိကျွမ်းရာ အပင်ဆိုပြီး ရွေးချယ်နိုင်ဖို့ အတွက် နှစ်ပင်ထား ပေးခဲ့ပါတယ်။ ကောင်းမကောင်းသိကျွမ်းရာအပင်ရဲ့ အသီးကိုမစားဖို့ အမိန့်ပေးပညတ်ထားရုံမက စားတဲ့နေ့မှာ သေရမယ်ဆိုတဲ့အကြောင်း ကြိုတင်သတိပေးထားခဲ့တယ်။ အသက်ပင်ကတော့ ထာဝရအသက်ကရှင်ခြင်းနဲ့ ဆိုင်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရင် တစ်ပင်ကသေပင်၊ တစ်ပင်ကရှင်ပင်လို့မှတ်ယူနိုင်ပါတယ်။

တစ်နေ့မှာ စာတန်က ဘုရားတားမြစ်ထားတဲ့အပင်ရဲ့ အသီးကိုစားဖို့ လူကိုသွေးဆောင်ဖြားယောင်းလာ ပါတယ်။ လူအတွက် ရွေးချယ်ဆုံးဖြတ်ရမဲ့ အချိန်ရောက်လာပါပြီ။ ဘုရားစကားကို နားထောင်ပြီး စာတန်စာကားကို ငြင်းပယ်မလား။ တကယ်တော့ စာတန်က လူကို ဘုရားရဲ့အုပ်ချုပ်မှုအောက်ကနေ သူ့ရဲ့အုပ် ချုပ်မှုအာဏာအောက်ရောက်အောင် ကြံစည်နေသူဖြစ်ပါတယ်။ ဒီတော့ ဘုရားနဲ့ စာတန်ရဲ့ကြားမှာ ရောက်နေတဲ့ လူသားအနေနဲ့ ရွေးချယ်ဖို့ဖြစ်လာတယ်။ နောက်ဆုံးတော့ လူဟာ စာတန်ရဲ့စကားကို နားထောင်ဖို့ ရွေးချယ်ခဲ့မိ တယ်။ အဲဒီအချိန်ကစပြီး လူဟာ စာတန်အတွက် နာခံသူ၊ ဘုရားအတွက်တော့ ငြင်းဆန်ပုန်ကန်သူဖြစ်ခဲ့ရ ပါတယ်။
စာတန်ကို - ၂ကော၊၄း၄ မှာ ဤလောကကို အစိုးရသောဘုရား
- ယော၊၁၂း၃၁ မှာ ဤလောကကို အစိုးရသောမင်း
- ဧဖက်၊၂း၁-၃ မှာ အာကာသကောင်းကင် တန်ခိုးကို အစိုးရသောမင်း၊ ငြင်းဆန်သူတွေကို
ထိန်းချုပ်ပဲပြင်နေတဲ့ ဝိညာဉ်စသဖြင့် ဖော်ပြထားတာတွေ့ရပါတယ်။

 ဒါကြောင့် စာတန်ဟာ အကောင်း၊ အဆိုးနည်းမျိုးစုံနဲ့ လူတွေကို အုပ်စိုး ချယ်လှယ်လျက်ရှိနေတယ်ဆိုတာ သိနိုင်ပါတယ်။ ၁ယော၊၅း၁၉(ခ)မှာ “--လောကီပေါင်းတို့သည် မာရ်နတ် (စာတန်)၏ လက်၌ ရှိကြသည်” လို့ တိတိကျကျဖော်ပြထားတယ်။ အာဒံနဲ့ဧဝတို့ကို ပိုင်ဆိုင်နိုင်တာကြောင့် သူတို့တစ်ဆင့် မွေးဖွားလာတဲ့ လောကီသားအားလုံးကို အလိုလျောက် ပိုင်ဆိုင်သွားတဲ့ သဘောဖြစ်တယ်။ စာတန် အုပ်စိုးချယ်လှယ်မှုအောက်မှာ ရှိနေတာကြောင့် ဒီလောကဟာ မှောင်မိုက်ပြီး အပြစ်ဒုစရိုက်နဲ့ ပြည့်နှက် နေတဲ့ နယ်ပယ်၊ ဘုရားကို တော်လှန်ပုန်ကန်ရာ နယ်ပယ်ကြီး ဖြစ်နေတယ်။ လူသားတွေဟာလည်း သူ့ရဲ့ဘက် တော်သားအဖြစ် သူ့လက်ထဲမှာ ရှိနေကြရတယ်။
ဒီလိုစာတန်လက်ထက်မှာရှိနေခြင်းဟာ လူဟောင်းဖြစ်ခြင်းရဲ့ လက္ခဏာသာ ဖြစ်ပါတယ်။ စာတန်က လူအချို့ကို မကောင်ကို မကောင်းမှုဒုစရိုက်တွေထဲမှာ ကျင်လည်ပျက်စီးနေအောင် ပုံသွင်းထားပြီး ကိုယ်ရဲ့ ကောင်းမြတ်ခြင်း အပေါ်မှာမာနနဲ့ ရပ်တည်နေတတ်အောင် ပုံသွင်းထားတာ တွေ့ရတယ်။ တကယ်တော့ လူဆိုးဖြစ်ဖြစ် လူကောင်းဖြစ်ဖြစ် လူဟောင်း အားလုံးဟာ စာတန်လက်ထဲမှာဘဲ ရှိနေကြပါတယ်။

(ဃ) ဝိညာဉ်သေနေသူ
ကိုယ်ခန္ဓာ၊စိတ်၊ဝိညာဉ်ဆိုတဲ့ အပိုင်း(၃)ပိုင်းနဲ့ လူကို ဘုရားဖန်ဆင်းခဲ့ပါတယ်။ ကိုယ်ခန္ဓာနဲ့စိတ်ဟာ ဘုရားဖန်ဆင်းထားတဲ့ လောကကြီးမှာရှိတဲ့ သက်ရှိသက်မဲ့အရာတွေကို ထိတွေ့ခံစားနိုင်ဖို့ လူသားချင်းပေါင်း သင်း ဆက်ဆံနိုင်ဖို့ဖြစ်တယ်။ အတွင်းအကျဆုံးအပိုင်းဖြစ်တဲ့ ဝိညာဉ်ပိုင်းကတော့ နာမ်ဝိညာဉ်ဘုရားနဲ့ ဆက်သွယ်နိုင်ဖို့အတွက် ထည့်သွင်းဖန်ဆင်းပေးထားတာဖြစ်ပါတယ်။ ဘုရားက လူရဲ့ဝိညာဉ်ကို အုပ်စိုးမယ်။ ဝိညာဉ်ကတစ်ဆင့် စိတ်နဲ့ခန္ဓာကိုပါ အုပ်စိုးထိန်းချုပ်ပြီး မြင်ရတဲ့ လူ့ရဲ့ခန္ဓာအားဖြင့် မမြင်ရတဲ့ ဘုရားဘုန်း တော်ကို ထင်ရှားစေဖို့ အကြံတော်ရှိခဲ့တာဖြစ်ပါတယ်။

ဥယျာဉ်အလယ်မှာရှိတဲ့ ကောင်းမကောင်း သိကျွမ်းရာအပင်ရဲ့ အသီးကို မစားရ၊ စားသောနေ့တွင် ဧကန်အမှန်သေရမယ်လို့ ပညတ်ထားပေမယ့် စာတန်ရဲ့ သွေးဆောင်ဖြားယောင်းမှုကို နားထောင်ပြီး ဘုရားစကားကို ချိုးဖောက်မိတဲ့အတွက် စကားတော်အတိုင်း လူဟာ သေခြင်းတရားနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကိုယ်ခန္ဓာမသေခင်မှာ ဝိညာဉ်အရင်သေခဲ့ရပါတယ်။ ခန္ဓာသေခြင်းဆိုတာ ခန္ဓာနဲ့ဝိညာဉ်ကွဲကွာခြင်းဖြစ်ပြီး ဝိညာဉ်သေခြင်းကတော့ ဝိညာဉ်နဲ့ ဘုရားကင်းကွာသွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် သေခြင်းတရားရဲ့အခြေခံ အကြောင်းရင်းဟာ ထာဝရအသက်ရှင်တဲ့ ဘုရားနဲ့ ကင်းကွာခြင်းဖြစ်တယ် ဆိုတာကို သဘောပေါက်နိုင် ပါတယ်။ ဝိညာဉ်ပိုင်းမှာ ဘုရားနဲ့အဆက်ပြတ်ပြီး သေနေတဲ့ လူသားတွေအနေနဲ့ ကိုယ်ကာယအလို၊ စိတ်အလို လိုက်ပြီး အပြစ်ထဲမှာ ဆက်လက်ကျင်လည်နေအောင် စာတန်က ချယ်လှယ်ထိန်းချုပ်နေတယ်ဆိုတာကို ဧဖက်၊၂း၁-၃ မှာတွေ့နိုင်ပါတယ်။

ဘုရားနဲ့ဆက်သွယ်တတ်တဲ့ ဝိညာဉ်ဆိုတဲ့အပိုင်းကသေပြီး အမှောင်ကျနေတာကြောင့် လူတွေဟာဘုရား ကို စိတ်မှန်းနဲ့သာ ရှာဖွေကိုးကွယ် နေကြရတာဖြစ်တယ်။ ကိုယ်ကာယစွမ်းအင်၊ စိတ်စွမ်းအင်တွေ ထက်မြက် အောင် အမျိုးမျိုးကြိုးစားကျင့်ကြံအားထုတ်နေကြတဲ့အချိန်မှာပဲ ဝိညာဉ်သေနေတာကိုတော့ အမှတ်တမဲ့ဖြစ်နေကြ ပါတယ်။ ဝိညာဉ်ရဲ့တန်ခိုးနဲ့ အရေးကြီးပုံကို နားမလည်နိုင်တာကြောင့် စိတ်သာလျှင် အဓိကပဲလို့ ကောက်ချက် ချကြရတာဖြစ်တယ်။ ဒါဟာ လူဟောင်းရဲ့ဘဝပါ။

(င) ထာဝရသေခြင်းသို့ ဦးတည်နေသူ
လူဟောင်းဘဝဟာ ထာဝရသေခြင်းကို ဦးတည်နေတယ်ဆိုတဲ့အကြောင်းအထူးသတိပေးလိုပါတယ်။ သေခြင်း (၃)မျိုးရှိပါတယ်။
- ဝိညာဉ်သေခြင်း (ဘုရားနှင့်ကွဲကွာခြင်း)။
- ခန္ဓာသေခြင်း (ခန္ဓာနှင့်ဝိညာဉ် ကွဲကွာခြင်း)။
- ထာဝရသေခြင်း (ခန္ဓာရော ဝိညာဉ်ပါ ဘုရားနှင့် ထာဝရကင်းကွာသွားခြင်း)
ခန္ဓာကိုယ်သေဆုံးတဲ့အခါ သက်ဆိုင်သူတွေက ဝမ်နည်းကြေကွဲပြီး ငိုကြွေးတတ်ကြတယ်။ ဒါပေမယ့်
ခန္ဓာမသေခင်ကတည်းက ဝိညာဉ်သေပြီးသားပါ။

ခန္ဓာသေရခြင်းဟာလည်း ဝိညာဉ်သေခြင်းရဲ့ အကျိုးဆက်သာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘူး တစ်နေ့ကျရင် ခန္ဓာရော၊ ဝိညာဉ်ပါ ဘုရားနဲ့ ထာဝရဝေးကွာရာအရပ်ကို ရောက်ရဦးမှာဖြစ်ပါတယ်။ အဲဒါ ထာဝရသေခြင်းဖြစ်တယ်။ သေလွန်ပြီးသူတွေအားလုံး ပြန်ရှင်လာမယ်။ ခန္ဓာနဲ့ဝိညာဉ် ပြန်ပေါင်းမယ် နောက်ပြီး တရားစီရင်ခံရမယ်။ ဘုရားနဲ့ထာဝရဝေးကွာရာအရပ်ကို ရောက်ကြရမယ်။ ကျမ်းစာမှာ ဖော်ပြထားတယ်။
“ထိုကာလအခါ မြေမှုန့်၌ အိပ်ပျော်သောသူများတိုသည် နိုးကြလိမ့်မည်။ အချို့တို့ကား ထာဝရအသက် ရှင်ခြင်းနှင့်လည်းကောင်း၊ အချို့တို့ကား ရှက်ကြောက်ခြင်း၊ ဌာဝရအသရေပျက်ခြင်းနှင့် လည်းကောင်း နိုးကြ လိမ့်မည်” (ဒံ၊၁၂း၂)။

“ဤအမှုအရာကို အံ့ဩခြင်းမရှိကြနှင့်။ သချၤိုင်းများမှာ ရှိသောသူအပေါင်းတို့သည် သားတော်၏ စကားသံကို ကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူ တို့သည် အသက်ရှင်ရာထမြောက်ခြင်းသို့လည်းကောင်း ဆိုးယုတ်သော အကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့လည်းကောင်း ထွက်ရကြလတ္တံ့” (ယော၊၅း၂၈-၂၉)။
အထက်က ကျမ်းပိုဒ်တွေထဲမှာ လူသစ်များနဲ့ ဆိုင်တဲ့အပိုင်းနဲ့ လူဟောင်းများနဲ့ ဆိုင်တဲ့အပိုင်းနှစ်စလုံး ရောပြီး ဖော်ပြထားတာဖြစ်တယ်။ လူဟောင်းများနဲ့ ဆိုင်တဲ့အပိုင်းက အောက်မှာမျဉ်းသားထားတဲ့အပိုင်းသာဖြစ် တယ်။

ဒုတိယကျမ်းပိုဒ်မှာ ကောင်းသောအကျင့် ကျင့်သူနဲ့ ဆိုးသောအကျင့် ကျင့်သူဆိုပြီး ခွဲခြားထားခြင်းဟာ ဘုရားသတ်မှတ်ချက်ပေါ်မှာ မူတည်ပြီး ခွဲပြီးတာဖြစ်တယ်။ ကိုယ့်ကိုယ်ကို အကျင့်ကောင်းသူလို့ ထင်မြင်နေသူ တွေရှိကြပေမယ့် ဒါက လူသတ်မှတ်ချက်သာဖြစ်ပါတယ်။ ဘုရားအမြင်မှာတော့ “ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ၊ တစ်ယောက်မှမရှိ” လို့ ဖော်ပြထားပါတယ် (ရော၊ ၃း၁၀-၁၂)။
အမိဝမ်းထဲကစပြီး အပြစ်သားဖြစ်လာခဲ့တဲ့ ကျွန်တော်တို့ စာတန်လက်ထဲမှာရှိပြီး ဝိညာဉ်သေနေတဲ့ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ ရှေ့တော်မှာ ဘယင်လိုကောင်မြတ်နိုင်ပါ့မလဲ။ အကျင့်ကောင်းတွေဘယ်လို ကျင့်နိုင်ပါ့မလဲ။ အောက်ပါကျမ်းပိုဒ်တွေကို ဆင်ခြင်ကြည့်ပါ။
“လူသည် ဘုရားသခင့်ရှေ့တော်၌ ကုသိုလ်အဘယ်သို့ ရနိုင်သနည်း။ လူမိန်းမဖွားမြင်သောသူသည် အဘယ်သို့ သန့်ရှင်းနိုင်မည်နည်း” (ယောဘ၊၂၅း၄)။

“အကျွနိုပ်တို့ရှိသမျှသည် စင်ကြယ်ခြင်းမရှိပါ။ ပြုဖူးသမျှသောကုသိုလ်ကောင်းမှုတို့သည် ညစ်သော အဝတ်နှင့်တူကြပါ၏” (ဟေ၊၆၄း၆)။
ဒါကြောင် ဘုရားအမြင်နဲ့ ကိုယ့်ကိုကိုယ်ပြန်ကြည့်ရင် ဟောင်းနွမ်းဆွေးမြေ့ပြီး ဆိုးယုတ်ညစ်ညူးနေ ကြောင်းနဲ့ ထာဝရသေခြင်းဆိုတဲ့အပြစ်စီရင်ခြင်းဆိုကိုသာ ဦးတည်နေတဲအကြောင်း ဝမ်းနည်းစွာ တွေ့ရှိရမှာ ဖြစ်ပါတယ်။

ဗျာ၊၂၀း၁၁-၁၅ မှာ ထာဝရသေခြင်းဖြစ်တဲ့ ငရဲမီးအိုင်ကို ရောက်ရမယ့်အကြောင်း တိတိကျကျဖော်ပြ ထားပါတယ်။ ဘုရားနဲ့ ထာဝရကင်းကွာရာအရပ်ဖြစ်တာကြောင့်ငရဲဟာ ဘယ်လောက်ဆိုးရွား စက်ဆုပ်ရွံရှာ ကြောက်မက်ဖွယ်ကောင်းတယ်ဆိုတာ ခန့်မှန်းကြည့်လို့ရပါတယ်။ အပြစ်ရဲ့ဆိုးကျိုးကို အပြည့်အဝခံစားရမယ့် အရပ်ဖြစ်ပါတယ်။ ဒါဟာ အသက်တာဟောင်းရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တယ် ဆိုတဲ့အကြောင်း အလေးအနက် သဘောပေါက်ဖို့လိုပါတယ်။
လူအပေါင်းတို့သည် လမ်း(ဦးတည်ရာ) လွဲကြပြီ ......။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....