Tuesday, 15 March 2016

လူသစ် NEW LIFE

ခရစ်တော်၌လူသစ် အခန်း (၈)
လူဟောင်းအကြောင်း သဘော
ပေါက်ပြီးရင် လူသစ်အကြောင်းကို
လည်း သေချာသဘောပေါက်ဖို့လို
ပါလိမ့်မည်။ လူသစ်ဆိုတာ...
(က) ဘုရားသခင် ဖွားစေသောသူ
လူဟောင်းဟာ လူသားမိဘများက
 မွေးဖွားပေးလိုက်တာဖြစ်ပြီး လူသစ်ကတော့
ဘုရားသခင်ကိုယ်တော် တိုင်က ဖွားစေတော်မူရာ ဖြစ်ပါတယ်။ ဘုရားသား(BORN OF GOD) ဖြစ်ပါတယ်။ ဒါကြောင့် လူဟောင်းနဲ့ လူသစ်ဟာ စတင် ဖြစ်ပေါ်လာပုံက ကွာခြားနေတယ်ဆိုတာ ရိပ်စားမိနိုင်ပါတယ်။ ဘုရားသားဆိုတာ လောကီမိဘကနေ မွေးဖွား ဆင်းသက်လာသူမဟုတ်ဘဲ ဘုရားသခင်က ဖြစ်ပွါးစေသောသူသာ ဖြစ်ပါတယ်။
ဒါကြောင့် လူသစ်ဖြစ်ခြင်းဟာ
- လူရဲ့ဇာတိအမျိုးအနွယ်အားဖြင့် မဟုတ်။
- မိခင်၊ ဖခင် (လူသား)တို့ ပေါင်းစပ်၍ ဖြစ်ပေါ်လာခြင်းမဟုတ်။
- ဘုရားသခင်ဖြစ်ဖွားစေခြင်း (မွေးဖွားခြင်း) သက်သက်သာသာဖြစ်ပါတယ် (ယော၊၁း၁၃)။

(ခ) အပြစ်နှင့် ကင်းစင်သောသူ
လူသစ်ဟာ အပြစ်နှင့် လုံးဝကင်းစင်ပါတယ်။ ဘုရားသခင်ရဲ့ မျိုးစေ့တော်အားဖြင့် ဖြစ်ဖွားလာတာ ဖြစ်လို့ပါ။ သူ့မှာအပြစ်ကင်းတဲ့ဗီဇ(SINLESS NATURE) ပါရှိလာပါတယ်။
၁ယော၊၃း၉ မှာ “ဘုရားသခင်ဖြစ်ဖွားစေတော်မူသောသူ မည်သည်ကား ဒုစရိုက်ကို မပြုတတ်။ ထိုသူ၌ မျိုးစေ့တော်တည်လျက်ရှိ၏။ ထိုသူသည် ဘုရားသခင်ဖြစ်ဖွားစေတော်မူသောကြောင့် ဒုစရိုက်ကို မပြုနိုင်” လို့ ဖော်ပြထားပါတယ်။ လူသစ်ဟာ ဗီဇသစ်အားဖြင့် ဖြစ်ဖွားလာခြင်းဖြစ်ပါတယ်။
ဗီဇသစ် = အပြစ်နဲ့လုံးဝကင်းစင်သောဗီဇ
- အပြစ်လုံးဝမလုပ်တတ်။
- အပြစ်လုံးဝမလုပ်နိုင်း။
- အရင်က အပြစ်လုံးဝမရှိခဲ့။
- ယခုလည်းလုံးဝမရှိ။
- နောင်၌လည်း အပြစ်လုံးဝရှိမည်မဟုတ်။
လူသစ်ဖြစ်ဆိုတာ တိတိကျကျလေ့လာကြည့်ရင် အရင်က မပြစ်တွေရှိခဲ့ပြီး အခုနောက်တနှင့်အပြစ်ကင်း
အောင် ကြိုးစားအသက်ရှင်နေရခြင်းမျိုး လုံးဝမဟုတ်ဘဲ အပြစ်နဲ့ပြည့်ဝတဲ့ လူဟောင်းဘဝကနေ ဘယ်တုန်းကမှ အပြစ်မရှိခဲ့ဘူးတဲ့၊ ဒါ့အပြင် အခုရော၊ နောင်ရောဘယ်သောအခါမှ အပြစ်မရှိနိုင်တော့မယ့်လူသစ်ဘဝကို ကူးပြောင်းခြင်းသာ ဖြစ်တယ်ဆိုတာ တွေ့နိုင်မှာဖြစ်ပါတယ်။

(ဂ) ဘုရားလက်ရှိ၌နေသူ
လူသစ်တစ်ဦးရဲ့ အသက်တာဟာ ဘုရားလက်တော်ထဲမှာရှိနေပါတယ်။ စာတန်ချယ်လှယ်မှု အောက် မှာမရှိဘဲ ဘုရားသခင်ရဲ့ အုပ်စိုးထိန်းကျောင်းမှု၊ ကာကွယ်စောင့်ရှောက်မှုထဲမှာသာ ရှိနေပါတယ်။ ယော၊၁၀း ၂၈-၂၉မှာ သခင်ယေရှုက “အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှ မနှုတ်မယူရာ၊ အဘယ်သူမျှ ထိုသိုးတို့ကို ခမည်းတော်၏ လက်မှမနှုတ်မယူနိုင်ရာ” လို့ ဆိုပါတယ်။
ကိုယ်တော်က သိုးထိန်းဖြစ်ပြီး လူသစ်တွေကို သိုးများအဖြစ်နဲ့ ခိုင်းနှိုင်းဖော်ပြထားတာဖြစ်ပါတယ်။ သိုးဟာ သိုးထိန်းရဲ့ထိန်းကျောင်းမှုဦးဆောင်မှု အောက်မှာ ရှိနေသလို လူသစ်ဖြစ်သူတွေဟာလည်း ဘုရားလက် တော်ထဲမှာရှိနေပါတယ်။ လက်တော်ကို ကျော်ပြီး ဘယ်သူကမှ လာမထိပါးနိုင်သလို လက်တော်ထဲက ဘယ်သူကမှ မနှုတ်ယူနိုင်တော့ပါ။
လုံခြုံမှုအပြည့်အဝရှိတဲ့ အသက်တာဖြစ်တယ်။ ဘုရားအခွင့်မရှိဘဲ အဘယ်အမှုမှကြုံတွေ့စရာအကြောင်း မရှိဘူး။ ကြုံတွေ့ရသမျှတွေဟာလည်း သူတို့ကောင်းကျိုးအတွက်သာ ဘုရားလက်တော်နဲ့ ပြုပြင်ရာဖြစ်တယ်။ သူတို့ရဲ့အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အရေး အားလုံးဟာလည်း ဘုရားလက်တော်ထဲမှာသာ ရှိပါတယ်။
ကော၊၃း၃ မှာ –“သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျက်ရှိ၏” လို့ လူသစ်တွေ ကို ရည်ညွှန်းပြီးဖော်ပြထားပါတယ်။

(ဃ) ဝိညာဉ်အသက်ရှင်နေသူ
လူသစ်ဟာ ဇာတိလူမဟတ်ဘဲ ဝိညာဉ်လူဖြစ်တယ်။ ဇာတိလူဟာ ကိုယ်ခန္ဓာပိုင်းနဲ့ စိတ်ပိုင်းကိုသာ အဓိကထားသူဖြစ်တယ်။ မြင်နိုင်တဲ့ ရုပ်ဝတၴုလောကကြီးကို ပိုပြီးနှစ်သက်စွဲလမ်းတတ်တယ်။ စိတ်ပညာ၊ စိတ်တန်ခိုးတွေကိုသာ အဓိကထားတတ်ပါတယ်။ လူသစ်ကတော့ ဝိညာဉ်အသက်ရှင်နေသူ ဖြစ်တဲ့အတွက် အခြားအရာတွေထက် နာမ်ဝိညာဉ်ဖြစ်တဲ့ ဘုရားကို ပိုပြီးနှစ်သက်မြတ်နိုးစွဲလမ်းမှုရှိတယ်။ ကိုယ်ကာယနဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ပိုပြီး အရေးထားတတ်တယ်။ လူသစ်ရဲ့ အသက်တာဟာ ဝိညာဉ်သက် (ကောင်းကင် သက်)ဖြစ်တဲ့အတွက် ဘုရားသခင်ရဲ့ အသက်တော်တစ်နည်းအားဖြင့် ထာဝရအသက် ဖြစ်တယ်။ ထာဝရ အသက်ရဲ့ အခြေခံသဘောရထားဟာ ဘုရားသခင်နဲ့ သိကျွမ်းရင်နှီးနေခြင်းလည်း ဖြစ်တယ်လို့ ယော၊၁၇း၃ မှာ ဖော်ပြထားပါတယ်။ လူသစ်ဟာ ဝိညာဉ် အသက်ရှင်နေသူ ဖြစ်တာကြောင့် ဘုရားကို အမှန်တကယ် ကိုးကွယ်ခွင့်ရှိသူ၊ ကိုးကွယ်နိုင်သူ ဖြစ်ပါတယ်။ ဘုရားနဲ့ဆက်သွယ်ပြီး မိတ်သဟာယဖွဲ့နေတတ်သူလည်း ဖြစ်တဲ့အတွက် မမြင်နိုင်တဲ့ ဘုရားသခင်ရဲ့ ဘုန်းကို လူအများရှေ့မှာ ထင်ရှားထွန်းလင်းစေနေသူလည်း ဖြစ်တာ ကိုတွေ့ရပါတယ်။

(င) ထာဝရအသက်ရှင်ခြင်းသို့ ဦးတည်နေသူ
ထာဝရအသက်ကို ပိုင်ဆိုင်ရရှိထားပြီးသူဖြစ်တဲ့အတွက် လူသစ်ဟာ သေခြင်းတရားနဲ့ အစဉ်ကင်းလွတ် သူဖြစ်ပါသည်။ လောကမှာ ခေတ္တနေရခြင်းဟာလည်း သေမင်းရဲ့ အရိပ်လွှမ်းမိုးတဲ့ချိုင်းဝှမ်းကို ခေတ္တဖြတ် လျှောက်သွားခြင်း လောက်သာဖြစ်ပါတယ်။ လူဟောင်းတွေအတွက် ကြောက်စရာအကောင်းဆုံးဖြစ်တဲ့ သေခြင်းဟာ လူသစ်တွေအတွက်တော့ အမှောင်လောကကြီးရဲ့ ချုပ်နှောင်မှုကနေ လုံးဝထွက်မြောက်ပြီ ဘုန်း အသရေနဲ့ ပြည့်စုံတဲ့ ကိုယ်ခန္ဓာအသစ်နဲ့ ထာဝရအသက်ရှင်ရမယ့် အဖြစ်ထဲကို ဝင်စားရာ တံခါးဝသာဖြစ်ပါ တော့တယ်။ ဒံ၊ ၁၂း၂ မှာ “ထာဝရအသက်ရှင်ခြင်းနှင့် နိုးကြလိမ့်မည်။ ယော၊ ၅း၂၉ မှာ အသက်ရှင်ရာထ မြောက် ခြင်းသို့ထွက်ရကြလတ္တံ့”လို့ ဖော်ပြထားပါတယ်။ ‘ဒါကြောင့် လူသစ်ဟာ အို၊နာ၊သေခြင်းနဲ့ အစဉ် ကင်းလွတ်ရာ ထာဝရာအသက်ရှင်ခြင်းကို ဦးတည်ပြီးလျှောက်လှမ်းနေသူဖြစ်တဲ့အကြောင်း ပေါ်လွင်ထင်ရှားစေ ပါတယ်။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....