Tuesday, 22 March 2016

လူသစ်နှင့် သမ္မာကျမ်းစာ New Life & The Woed Of God

ခရစ်တော်၌လူသစ် အခန်း (၁၂)
လူဟောင်းကနေ လူသစ်အဖြစ်ကို
 ပြောင်းလဲလာဖို့အတွက် နှုတ်က
ပတ်တော်ကို ကြားနာယုံကြည်ခြင်း
ဟာ အဓိကကျသလို လူသစ်ဖြစ်ပြီးတဲ့
 နောက်ပိုင်းမှာလဲ နှုတ်ကပတ်တော်
အပေါ်မှာသာ ယုံကြည်ခြင်းနဲ့ ရပ်တည်ပြီး 
ဆက်လက်အသက်ရှင်ရမှာ ဖြစ်ပါတယ်။ နှုတ်ကပတ်တော်ဖြစ်တဲ့ သမ္မာ ကျမ်းစာကို ခုံမင်နှစ်သက်လာခြင်းဟာ အသက်တာပြောင်းလဲလာခြားရဲ့ လက္ခဏာသက်သေ တစ်ခုဖြစ်ပါတယ်။
နှုတ်ကပတ်တော်ကို ခံယူခြင်း (BIBLE INTAKE)ဟာ ဝိညာဉ်ပိုင်းဆိုင်ရာ အစာစားခြင်း၊ အာဟာရမှီဝဲခြင်းဖြစ်တယ်။ (မဿဲ၊၄း၄)။ နှုတ်ကပတ်တော်ကို ခံယူရမယ့် နည်းအမျိုးမျိုးရှိပါတယ်။

(က) ကြားနာခြင်း (ရော၊ ၁၀း၁ရ)
ယုံကြည်ခြင်းအားဖြင့် ပြောင်းလဲလာပြီးတဲ့နောက် ဆက်ပြီးယုံကြည်ခြင်း တိုးပွားပြည့်စုံနိုင်ဖို့အတွက် နှုတ်ကပတ်တော်ကို များများကြားနာဖို့ လိုပါတယ်။ မပြောင်းလဲခင်က မိမိရဲ့နားကိုအခြားအရာတွေ နားထောင်တဲ့နေရာမှာ အသုံးပြုခဲ့သလို ပြောင်းလဲပြီးတဲ့နောက် မိမိရဲ့နားကို တရားဒေသနာ နားထောင်တဲ့ နေရာမှာ အသုံးပြုရမှာဖြစ်တယ်။

(ခ) ဖတ်ရှုခြင်း (ယောရှု၊၁း၈)
နှုတ်ကပတ်တော်ကို ခံယူတဲ့နေရာမှာ နားကိုသာမဟုတ်ဘဲ၊ မျက်စိကိုလည်း အသုံးပြုရပါမယ်။ တရားဟောပုဂ္ဂိုလ်တွေရဲ့ ဟောပြောချက်တွေကို နားထောင်သလို ကိုယ်တိုင်လည်း ကျမ်းစာကိုဖတ်ဖို့လိုပါတယ်။ ကျမ်းစာကို အများက ဘာသာရေးစာအုပ်တစ်ခုလို့ သတ်မှတ်ထားကြပါတယ်။ ကျွန်တော် ကတော့ ဒီလိုမမြင်ပါဘူး။ ကျမ်းစာဟာ တကယ့်တော့ ဘုရားသခင်က ကျွန်တော့်ဆီကို ရေးလိုက်တဲ့စာ ဖြစ်ပါတယ်။
ဒီစာကို ဖတ်ခြင်းအားဖြင့် ဘုရားက ကျွန်တော်တို့ကို သိစေချင်တာတွေ သိခွင့်ရပါတယ်။ စာမတတ်ဘူးဆိုရင်တောင် စာတတ်တဲ့ကလေးတစ် ယောက်ယောက်ကို ခေါ်ဖတ်ခိုင်းပြီး နားထောင်နိုင်ပါတယ်။ ကျွန်တော်တို့ဖတ်စေချင်လို့ ကျွန်တော်တို့နားလည်နိုင်တဲ့ စကားနဲ့ ပြန်ဆိုရေးသားနိုင်အောင် ဘုရားက စီစဉ်ထားပေးပြီးပါပြီ။ မျက်မမြင်တွေအတွက်လည်း မျက်မမြင်စာနဲ့ ဖတ်လို့ရပါပြီ။ ပြောင်းလဲလာသူတစ်ဦးအတွက် ကျမ်းစာဟာ ဖတ်လို့ အကောင်းဆုံး စာအုပ် ဖြစ်လာပါတယ်။

(ဂ) လေ့လာခြင်း (ဗြဲ၊၅း၁၃)
ကျမ်းစာကို လေ့လာဖို့လည်းလိုပါတယ်။ လေ့လာဖို့အတွက်ကျတော့ အချိန်ပိုယူရပါတယ်။ ကျမ်းစာထဲမှာပါတဲ့ စကားတွေ၊ အဖြစ်အပျက်တွေ လူပုဂ္ဂိုလ်တွေ အားလုံးဟာ နက်နဲတဲ့ အဓိပ္ပါယ်တွေရှိနေပါတယ်။ ဒီအဓိပ္ပါယ်တွေကို လေ့လာခြင်းအားဖြင့်သာ သိနားလည်နိုင်ပါတယ်။ ဘယ်သူက ဘယ်နေရာမှာ ဘာပြောတယ်၊ ဘယ်သူ့ကို ပြောတယ်၊ ဘာကြောင့်ပြောတယ် စသည်ဖြင့် အချိန်ကာလ၊ အရပ်ဒေသ၊ လူတစ်စု၊ လူတစ်ဦးချင်းနဲ့ ဆိုင်တာ တွေကို မှန်ကန်စွာပိုင်းခြားတတ်ဖို့ လေ့လာရမှာဖြစ်ပါတယ်။ ကြားနာခြင်း၊ ဖတ်ရှုခြင်းတွေထက် လေ့လာခြင်းက ပိုပြီးနက်နက်ရှိုင်းရှိုင်း နားလည်စေ ပါတယ်။

လေ့လာတဲ့နေရာမှာကိုယ်တိုင်တစ်ဦးတည်းလေ့လာခြင်း(PERSONAL STUDY) ၊ အဖွဲ့နှင့်လေ့လာခြင်း(GROUP STUDY)၊ သင်တန်းတက်လေ့လာခြင်း(CLASS STUDY) ၊ ကျောင်းတက်ပြီး လေ့လာခြင်းဆိုပြီး အမျိုးမျိုးရှိတယ်။ အဓိကကတော့ ဝိညာဉ်တော်ရဲ့ သွန်သင် ဖွင့်ပြမှုပါပဲ။ ကိုယ်တိုင်လေ့လာခြင်း၊ တတ်ကျွမ်းနားလည်သူတွေဆီမှာ ဆွေနွေးမေးမြန်းခြင်း၊ အထောက်အကူပြုစာအုပ်စာပေနဲ့ သင်ခန်းစာ စာအုပ်တွေ လေ့လာဖတ်ရှုခြင်းတို့ကို လက်တွေ့ပြုလုပ်နိုင်ပါတယ်။ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တစ်ဦး၊ ဂိုဏ်းဂဏတစ်ခုရဲ့ ဩဝါဒဆိုတာတွေထက် နှုတ်ကပတ်တော်ရဲ့ ဩဝါဒကို အဓိကထားရမှာ ဖြစ်ပါတယ်။

(ဃ) ရွတ်ဆိုခြင်း (ဆာလံ၊ ၁၁၉း၁၁)
ပြောင်းလဲလာပြီးတဲ့ ကျွန်တော်တို့ရဲ့ နှုတ်ပါးစပ်ဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို အမြဲတမ်းရွတ်ဆိုနေတဲ့ အင်္ဂါအစိတ်အပိုင်း ဖြစ်ရ ပါမယ်။ စိတ်နှလုံးအပြည့်ရှိတဲ့အတိုင်း နှုတ်ကနေ ထွက်တတ်တယ်လို့ ကျမ်းစာကပြောထားပါတယ်။ ဒါဆိုရင် ကျွန်တော်တို့နှုတ်ထဲက နှုတ်ကပတ်တော် အမြဲတမ်းထွက်နေဖို့ ဘာလုပ်ရမလဲ။ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထဲမှာ ကျမ်းစကားတွေကို များများ သိုလှောင်ထားရမှာ ဖြစ်တယ်။

အမြဲတမ်း ရွတ်ဆိုနေခြင်းဟာ အကောင်းဆုံးသော ကျက်မှတ်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ချစ်မြတ်နိုးတဲ့ သူတစ်ဦးရဲ့ စကားတွေကို ကျွန်တော်တို့ နှလုံးသားထဲမှာ စွဲမှတ်ပြီး အလွတ်ရနေတတ်သလိုပါပဲ။ ဘုရားစကားတော်တွေကို အလွတ်ရပြီး ရွတ်ဆိုနေတတ်ခြင်းဟာလည်း ဘုရားကို ချစ်တဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။

(င) ဆင်ခြင်လိုက်လျှောက်ခြင်း (ဆာလံ၊၁း၃)
လူတစ်ယောက်ရဲ့ အသက်တာ အမှန်တကယ် ပြောင်းလဲတဲ့ လက္ခဏာဟာ နားလည်သဘောပေါက်လာရုံမဟုတ်ဘဲ လက်တွေ့ အသက်ရှင်လာ ခြင်းဖြစ်ပါတယ်။ ပြောင်းလဲလာသူတိုင်းမှာ ဘုရားစကား နားထောင်ပြီး စကားတော်အတိုင်း အသက်ရှင်လိုတဲ့ ဆန္ဒသစ်ပါရှိလာပြီး ဖြစ်တယ်။ အဲဒီဆန္ဒ အတိုင်း လက်တွေ့အသက်ရှင်လာတဲ့အခါ ပြောင်းလဲခြင်းရဲ့ လက္ခဏာပေါ်လွင်လာပါတယ်။ နှုတ်ကပတ်တော်ကို ဆင်ခြင်လိုက်လျှောက်နေခြင်းဟာ စစ်မှန် စွာ ပြောင်းလဲခြင်းရဲ့ လက္ခဏာပါပဲ။

ဒါကြောင့် ကျမ်းစာကတစ်ဆင့် ဘုရားက မိမိကို ဘာပြောနေသလဲ၊ ဘာဆိုလိုနေသလဲ ဆိုတာကို အချိန်ယူဆင်ခြင်စဉ်းစားပြီး ဘုရားဖော်ပြလာ တဲ့အတိုင်း လက်တွေ့လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် တစ်သက်တာလုံးနဲ့ဆိုင်တဲ့ ဘုရားအလိုတော်ကို ကျမ်းစာထဲမှာ ခြုံငုံပြီး ဖော်ပြထားသလို နေ့ရက်တစ်ရက်စီအတွက် အထူးအလိုတော်ရှိတဲ့အရာကိုလည်း ကျမ်းစာကတစ်ဆင့် ဖော်ပြနေပါတယ်။

ကျမ်းစာကို အချိန်ယူပြီး ဆင်ခြင်စဉ်းစားခြင်းဟာ ကိုယ့်အတွက် ဘုရားရဲ့အလိုတော်ကို သိဖို့ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ ဘုရားက ဘာအလိုတော်ရှိနေတယ်ဆိုတာကို သိလာတာနဲ့ တစ်ပြိုင်နက် လက်တွေ့ထလုပ်ဖို့ ဆုံးဖြတ်ချက်ချ၍ အကောင်းအထည်ဖော်ရမှာ ဖြစ်တယ်။
ဒီနေ့အဖို့ အထူးသဖြင့် ရန်သူကိုချစ်ဖို့ ဘုရားဖော်ပြနေတယ်ဆိုရင် ကိုယ့်ကို မုန်းတီးနေသူဆီကို သွားပြီး လက်တွေ့တစ်နည်းတစ်လမ်းနဲ့ မေတ္တာပြဖို့ ဖြစ်တယ်။ ဒါမှမဟုတ် ကိုယ့်အသက်တာထဲက ဘုရားမကြိုက်တဲ့ အရာတစ်ခုကို စွန့်ပစ်ဖို့ဖော်ပြလာရင် အဲဒီဖော်ပြလာတဲ့အရာကို ပြတ်ပြတ် သားသား စွန့်ပစ်လိုက်ဖို့ပါပဲ။

နှုတ်ကပတ်တော်ကို ကြားနာခြင်း၊ ဖတ်ရှုခြင်း၊ လေ့လာခြင်း၊ ရွတ်ဆိုခြင်းတို့ရဲ့ အချုပ်ဟာ ဆင်ခြင်လိုက်လျှောက်ဖို့ပဲ ဖြစ်ရပါမယ်။ နားလည် သဘောပေါက်ပြီး သူတစ်ပါးကို ပြောဆိုရှင်းပြနိုင်ဖို့အတွက်သာမဟုတ်ဘဲ ကိုယ်တိုင်လက်တွေ့အသက်ရှင်ဖို့ ဖြစ်ရပါမယ်။ အဲဒီတော့မှ နှုတ်ကပတ်တော်ကို နှုတ်ပါးစပ်နဲ့သာမဟုတ်ဘဲ အသက်တာနဲ့ လက်တွေ့ကျကျ ဟောနေသူ ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....