Wednesday, 23 March 2016

လူသစ်နှင့် ဆုတောင်းခြင်း NEW LIFE AND PRAYER

ခရစ်တော်၌လူသစ် အခန်း (၁၃)
ဆုတောင်းခြင်းဆိုတာဟာ ဘုရားသ
ခင်နဲ့ စကားပြောဆက်သွယ်ခြင်းပဲ ဖြစ်
ပါတယ်။ လူသစ်အဖြစ်ကို ပြောင်းလဲ
လာခြင်းဟာ ဘုရားသားဖြစ်လာ ခြင်း
ပါပဲ။ ဒါကြောင့် အဘဘုရားသခင်နဲ့ စ
ကားပြောဆက်သွယ်နိုင်တဲ့ အခွင့်ထူး
ကို ခံစားလာရတာ ဖြစ်ပါတယ်။


ဂလာ၊၄း၆ မှာ “ထိုသို့ သင်တို့သည် သားဖြစ်သောကြောင့် အဗ္ဗအဘဟုခေါ်တတ်သော သားတော်၏ ဝိညာဉ်တော်ကို သင်တို့စိတ်နှလုံးထဲသို့ ဘုရားသခင် စေလွှတ်တော်မူ၏”လို့ ဖော်ပြထားပါတယ်။
ယေရမိ၊ ၃၃း၃ မှာလည်း “ငါ့ကို ခေါ်လော့၊ ငါထူးမည်” လို့ ဖော်ပြထားပါတယ်။ ဘုရားက ကျွန်တော်တို့ကို နှုတ်ကပတ်တော် (ကျမ်းစာ)ကတစ်ဆင့် စကားပြောနေသလို ကျွန်တော်တို့ကလည်း ဘုရားကို ဆုတောင်းခြင်းအားဖြင့် ပြန်ပြီး ပြောဆိုရမှာ ဖြစ်ပါတယ်။ ဆိုတောင်းခြင်းမှာ ပါဝင်ရမယ့် အင်္ဂါရပ်တွေကတော့ -

(က) ဂုဏ်တော်ချီးမွမ်းခြင်း (ဆာလံ၊ ၁၀၇း၁)
ဘုရားသခင်ရဲ့ ဂုဏ်တော်တွေဖြစ်တဲ့ ကြီးမြတ်တော်မူခြင်း၊ မြင့်မြတ်တော်မူခြင်း၊ ကောင်းမြတ်တော်မူခြင်း၊ ထူးမြတ်တော်မူခြင်းတွေကို ဆင်ခြင် တွေးတောပြီး ချီးမွမ်းခြင်းဖြစ်ပါတယ်။ ဘုရားသခင်ဟာ ချီးမွမ်းဖွယ်ကောင်းပြီး ချီးမွမ်းထိုက်သူ ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ဂုဏ်အင်္ဂါတော်တွေကို ဆင်ခြင်စဉ်းစားပြီး ချီးမွမ်းထောပနာပြုလေလေ၊ ဂုဏ်အင်္ဂါတော်တွေဟာ ကျွန်တော်တို့ အသက်တာမှာ ပေါ်လွင်ထင်ရှားလာလေလေ ဖြစ်ပါတယ်။

ကြီးမြတ်တော်မူခြင်းကို မြင်လာတာနဲ့အမျှ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြသနာအခက်အခဲတွေဟာ သေးငယ်လာလေလေ ဖြစ်တယ်။ မြင့်မြတ်တော်မူခြင်းကို စဉ်းစားလေလေ ကျွန်တော်တို့ရဲ့ စာရိတ္တပိုင်းဆိုင်ရာမှာ ပြောင်းလဲ လာလေလေ ဖြစ်လာတယ်။ ပြီးတော့ ကောင်းမြတ်တော်မူခြင်းကို မြင်လာလေလေ ကျွန်တော်တို့ရဲ့ စိတ်ထားပိုင်းဆိုင်ရာ ပြောင်းလဲလာလေလေ ဖြစ်လာမယ်။ ထူးမြတ်တော်မူခြင်းတွေကို ဆင်ခြင်လေ့လာ သိမှတ် လာလေလေ ယုံကြည့်အားကိုးလိုစိတ် တိုးပွားလာလေလေ ဖြစ်လာတယ်ဆိုတာကို လက်တွေ့ ခံစားနိုင်ပါတယ်။ ဂုဏ်တော်ချီးမွမ်းခြင်းဟာ ဘုရားသခင်ကို အာရုံပြုခြင်းအပေါ်မှာ မူတည်နေပါတယ်။

(ခ) အပြစ်ဖော်ပြတောင်းပန်ခြင်း (၁ယော၊ ၁း၉)။
ပြောင်းလဲပြီးသူတစ်ယောက်ဟာ အပြစ်သားအနေနဲ့ ဘုရားရှေ့တော်မှာ “ကျွန်တော်မျိုးရဲ့ မြောက်မြားလှတဲ့ အပြစ်တွေကို ခွင့်လွှတ်တော်မူပါ။ အပြစ်များကို ဖြေလွှတ်ဖြေရှင်းတော်မူပါ”လို့ ဆုတောင်းဖို့မလိုတော့ပါ။ ပြောင်းလဲပြီးသူဟာ အပြစ်သားမဟုတ်တော့ဘဲ ဘုရားသားဖြစ်နေပါပြီ။ ဒါကြောင့် အပြစ်သားအနေနဲ့တောင်ပန်ဖို့မဟုတ်ဘဲ ဘုရားသားတစ်ဦးအနေနဲ့ ကိုယ့်ရဲ့အမှားကို ဖော်ပြတောင်းပန်ရမှာ ဖြစ်ပါတယ်။

ဘုရားသားဖြစ်လာတဲ့အခါ အတွင်းမှာ ဘုရားဝိညာဉ် ကျိန်းဝပ်နေတဲ့အတွက် မှားယွင်းတဲ့ ပြောဆို၊ ကြံစည်၊ လုပ်ကိုင်မှုပြုမိတာနဲ့ ဝိညာဉ်တော် က မှားနေကြောင်း အတွင်းထဲက ဖော်ပြပေးနေပါတယ်။ ဒီလိုဖော်ပြလာတဲ့အခါမှာ ကိုယ့်ကိုယ်ကို သေချာပြန်ဆန်းစစ်ပြီး မိမိရဲ့အမှားကို တိတိကျကျ ဘုရားရှေ့တော်မှာ ဖော်ပြဝန်ချတောင်းပန်ရမှာ ဖြစ်ပါတယ်။

(ဂ) ကျေးဇူးတော်ချီးမွမ်းခြင်း (၂ကော၊၉း၁၅)
ဘုရားသခင်ဟာ ကောင်းမြတ်တော်မူပြီး ကရုဏာတော်နဲ့ ကြွယ်ဝတော်မူတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ဆုတောင်းသံကိုကြားပြီး ကျွန်တော် တို့ လိုအပ်တာတွေကို ချပေးသနားတော်မူပါတယ်။ ကျွန်တော်တို့ တောင်းပန်ကြံစည်သမျှထက်တောင် ပိုပြီးကောင်းကြီးပေးနေပါတယ်။ ဒီလိုဘုရားသခင် ပေးသနားတော်မူတဲ့ ကောင်းကြီးတွေကို ရေတွက်ပြီး ဘုရားသခင်ကို ကျေးဇူးတင်တဲ့အကြောင်း နှုတ်ကနေ ပြောဆိုချီးမွမ်းရမှာ ဖြစ်ပါတယ်။

(ဃ) တောင်းခံခြင်း (ဖိ၊၄း၆-၇)
ကျွန်တော်တို့ရဲ့ လိုအင်ဆန္ဒတွေကို ဘုရားသခင်ဆီမှ တင်ပြတောင်းခံနိုင်ပါတယ်။ သူတစ်ပါးအတွက် ဦးစားပေးပြီး တောင်းပေးပါ။ နောက်မှ မိမိအတွက် လိုအပ်တာတွေကို တောင်းပါ။ ဝိညာဉ်ရေးကိစ္စအတွက်အရင် အဓိကထားပြီး တောင်းပါ။ နောက်မှ လူမှုရေး၊ စားဝတ်နေရေး စတဲ့ ကဏ္႑တွေ အတွက် တောင်းပါ။ ကျမ်းစာကို အခြေခံပြီး ဆုတောင်းဖို့လည်း လိုပါသည်။ ဒါမှသာ ကျွန်တော်တို့ရဲ့ ဆုတောင်ခြင်းဟာ အလိုတော်နဲ့ ကိုက်ညီနိုင်မှာ ဖြစ်ပါတယ်။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....