Saturday, 19 March 2016

လူသစ်နှင့် ဝိညာဉ်တော် NEW LIFE AND THE HOLY SPIRIT

ခရစ်တော်၌လူသစ် အခန်း (၁၁)
စစ်မှန်တဲ့ ပြောင်းလဲခြင်းဟာ လူ့အသိ
တရားအားဖြင့် ကိုယ့်ကိုယ်ကို ကြိုးစား
ပြုပြင်ခြင်း မဟုတ်ဘဲ သန့်ရှင်းသော
 ဝိညာဉ်တော်ရဲ့ ပြုပြင်ခြင်း (အသစ်ဖြစ်
စေခြင်း)သာ ဖြစ်ပါတယ်။ လူတစ်ယောက်
 အသက်တာပြောင်းလဲဖို့အတွက် နှုတ်က
ပတ်တော် သမ္မာတရားကို တိတိကျကျ
 ကြားနာရဖို့ လိုပါတယ်။ သမ္မာကျမ်းစာဟာ
သန့်ရှင်းသော ဝိညာဉ်တော်မှုတ်သွင်းခြင်းအားဖြင့် ရေးသားထားတာဖြစ်တဲ့အတွက် လူကို ပြောင်းလဲစေနိုင်တဲ့ တန်ခိုးရှိ ပါတယ်။
ပြောင်းလဲခြင်း(တစ်နည်းအားဖြင့် လူသစ်ဖြစ်လာခြင်း)ဟာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။
တိတု၊ ၃း၅ မှာ “သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်း”
ယာကုပ်၊ ၁း၁၈ မှာ “သမ္မာတရားစကား (ဝိညာဉ်တော်မှုတ်သွင်းထားသောအရာ)အားဖြင့် ဖြစ်ပွါးစေ” စသည်ဖြင့် ဖော်ပြထားပါတယ်။

(က) ဝိညာဉ်တော် ကျိန်းဝပ်ခြင်း
ပြောင်းလဲပြီးသူရဲ့ အထဲမှာ ခရစ်တော်ဟာ ဝိညာဉ်တော်အားဖြင့် လာရောက်ကျိန်းဝပ်နေပါတယ်။ ပြောင်းလဲပြီးသူရဲ့ အထဲမှာသန့်ရှင်းသော ဝိညာဉ်တော်လာရောက်ကျိန်းဝပ်ခြင်းဟာ ခရစ်တော်ရဲ့ ကတိစကားတော်ကို ယုံကြည်စိတ်ချခြင်းအားဖြင့် ဖြစ်ပါတယ်။ အပြစ်လွှတ်ခြင်းကို ခံစားရရှိပုံနဲ့ သန့်ရှင်းသော ဝိညာဉ်တော်ကို ခံစားရရှိပုံဟာ အတူတူပဲဖြစ်ပါတယ်။ နှစ်ခုစလုံးဟာ ခရစ်တော်ရဲ့ လုပ်ဆောင်ချက်ပေါ်မှာ ယုံကြည်စိတ်ချခြင်းအားဖြင့်သာ ခံစားရတာ ဖြစ်ပါတယယ်။ ကိုယ်တော်ကားတိုင်ထက်မှာ တက်ပြီး အသေခံခဲ့ခြင်းက ကျွန်တော်တို့ အပြစ်လွှတ်ခြင်းကို ခံစားရဖို့ဖြစ်ပြီး၊ ကိုယ်တော် ပလင်ပေါ် (ခမည်းတော်၏ လကျာ်ဘက်)မှာ ထိုင်ပြီး စိုးစံခြင်းက ကျွန်တော်တို့ သန့်ရှင်းသောဝိညာဉ်တော်ကို ခံစားရရှိဖို့ဖြစ်ပါတယ်။ နှစ်မျိုးစလုံးကို ယုံကြည်ခြင်းဆိုတာ ခရစ်တော်ရဲ့ လုပ်ဆောင်ချက်အပေါ်မှာ စိတ်ချရပ်တည်ခြင်းဖြစ်ပါတယ်။

ဧဝံဂေလိတရားကို ကြားနာခြင်း၊ ယုံကြည်ခြင်းနဲ့ ဝိညာဉ်တော် ကျိန်းဝပ်ခြင်းတို့ဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ ဝိညာဉ်တော် ကျိန်းဝပ်ခြင်းဟာ ယုံကြည်ခြင်းကြောင့်ဖြစ်သလို ယုံကြည်ခြင်းဟာလည်း ကြားနာခြင်းအပေါ်မှာ အခြေခံနေပါတယ်။ ဒါကြောင့် ဧဝံဂေလိတရားကို ကြားနာပြီး ယုံကြည်ခြင်းနဲ့တုန့်ပြန်သူတိုင်းရဲ့ အထဲမှာ ဝိညာဉ်တော်လာရောက်ကျိန်းဝပ်ပါတယ်ဆိုတာ စိတ်ချဖို့ဖြစ်ပါတယ်။

ခရစ်တော် ကျွနု်ပ်
ကားတိုင်ပေါ်တက်သွားခြင်း
ပလင်ပေါ်တက်သွားခြင်း
အပြစ်လွတ်ခြင်း
သန့်ရှင်းသော ဝိညာဉ်တော်
ယုံကြည်သူအနေနဲ့ မိမိအထဲမှာ ခရစ်တော်ရှိနေကြောင်း၊ ပြီးတော့ ခရစ်တော်အထဲမှာ မိမိရှိနေကြောင်းကို ဝိညာဉ်တော်က သိစေပါတယ် (ယော၊၁၄း၂၀)။
ယုံကြည်သူအထဲမှာ ကျိန်းဝပ်နေတဲ့ ဝိညာဉ်တော်က ဘာတွေလုပ်ပေးနေတယ်ဆိုတာကို ဆက်ပြောချင်ပါတယ်။

- အတွင်းသက်သေပေးခြင်း (ရော၊၈း၁၆)။ မိမိဟာ ဘုရားသားဖြစ်တယ် ဆိုတဲ့အကြောင်းကို မိမိဝိညာဉ်နဲ့အတူ ဝိညာဉ်တော်က
အခိုင်အမာ သက်သေခံပေးနေပါတယ်။ ဒါကြောင့် ယုံကြည်သူဟာ ပြင်ပအခြေအနေနဲ့ သူတစ်ပါးတွေရဲ့ သတ်မှတ်ချက်တွေအပေါ်မှာ မူမတည်ဘဲ မိမိအတွင်းထဲကလာတဲ့ ဝိညာဉ်တော်ရဲ့ သက်သေအပေါ်မှာ ရပ်တည်ပြီး မိမိကိုယ်မိမိ ဘုရားသားဖြစ်ကြောင်း စိတ်ချနိုင်တာဖြစ်ပါတယ်။ ဘုရားသားဖြစ်တဲ့အတွက် ကောင်းကင်စည်းစိမ်နဲ့ဆိုင်တဲ့ အမွေဥစ္စာတွေကိုလည်း ပိုင်ဆိုင်ခွင့်ရရှိပါတယ်။ ကောင်းကင်စည်းစိမ်နဲ့ လောကစည်းစိမ်ဟာ အလွန်ပဲ ကွာခြားပါတယ်။ လောကစည်းစိမ်ဟာ လှည့်စားခြင်းဖြစ်ပြီး ကောင်းကင်စည်းစိမ်ဟာ ထာဝရတည်မြဲခြင်းနဲ့ ဆိုင်ပါတယ်။ ဝိညာဉ်တော်ကျိန်ဝပ်လာခြင်းဖြင့် အဲဒီကောင်းကင် အမွေအနှစ်ရဲ့ စရန်ကို ခံစားရနိုင်ပါတယ်။ ကောင်းကင်အရသာကို ယခုဘဝမှာကြိုတင်ပြီး မြည်းစမ်း ခံစားနိုင်ဖို့ ဝိညာဉ်တော် လုပ်ဆောင်ပေးနေပါသည်။

- အတွင်းလူ (ဝိညာဉ်)ကို ခွန်အားပေးခြင်း (ဧဖက်၊ ၃း၁၆)။ ယုံကြည်သူတစ်ဦးအနေနဲ့ ဇာတိကို အောင်နိုင်ပြီး လောကမှာ
ဘုရားပေးတဲ့ တာဝန်တွေကို ထိထိရောက်ရောက် ထမ်းဆောင်နိုင်ဖို့အတွက် အတွင်းဝိညာဉ်မှာ ခွန်အားရှိဖို့ လိုအပ်ပါတယ်။ အဲဒီလို ဝိညာဉ်ပိုင်းဆိုင်ရာမှာ ခွန်အားနဲ့ပြည့်စုံပြီး မြဲမြံခိုင်ခံ့စွာ ရပ်တည်နိုင်ဖို့အတွက် ဝိညာဉ်တော်က လုပ်ဆောင်ပေးနေပါတယ်။

- ဘုရားမေတ္တာဖြင့် အသက်ရှင်စေခြင်း (ရော၊၅း၅)။ သူတစ်ပါးရဲ့ပြစ်မှားမှုရှိသမျှကို ခွင့်လွှတ်ပြီး ရန်သူကို ချစ်နိုင်ဖို့အထိဆိုတာ ကျွန်တော်တို့ရဲ့ လူ့ဇာတိမေတ္တာနဲ့ မလုံလောက်နိုင်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်က တစ်ဘက်သတ်ချစ်တတ်တဲ့ ဘုရားရဲ့မေတ္တာတော်ကို ကျွန်တော်တို့ နှလုံးသားထဲအရောက် ယူဆောင်လာပေးပါတယ်။ “ရန်သူကို ချစ်လော့” လို့ အမိန့်ပေးတဲ့ အရှင်သခင်က ချစ်နိုင်တဲ့ မေတ္တာကိုပါ ထည့်သွင်းပေးသူဖြစ် ပါတယ်။ အဲဒီမေတ္တာက အထူးသဖြင့် ဘုရားကို ချစ်နိုင်တဲ့မေတ္တာဖြစ်ပါတယ်။
- သွန်သင်ပေးနေခြင်း (ယော၊၁၆း၁၂-၁၃)။ ရှေးအခါက ဣသရေလတွေကို တောထဲမှာ မိုးတိမ်၊ မီတိုင်ကို အသုံးပြုပြီး ဘုရားသခင်က လမ်းပြခဲ့သလို ယခုအချိန်မှာ ယုံကြည်သူတွေကို နှုတ်ကပတ်တော်အားဖြင့် လမ်းပြသွန်သင်ပေးနေပါတယ်။

 ဒါကြောင့် နှုတ်ကပတ်တော်အတိုင်း လက်တွေ့ အသက်ရှင်နိုင်ဖို့အတွက် နှုတ်ကပတ်တော်ရဲ့ အနက်အဓိပ္ပါယ်ဆိုလိုချက်တွေကို တိတိကျကျ နားလည်ဖို့လိုပါတယ်။ ဒီလိုနားလည်နိုင်အောင် ဝိညာဉ်တော်က သွန်သင်ပေးမယ်။ အကြွင်းမဲ့သွန်သင်ပေးမယ်လို့ ကတိပေးထားပါတယ်။ ဝိညာဉ်တော်ရဲ့ သွန်သင်ဖွင့်ပြမှုမပါရင် နှုတ်ကပတ်တော် (သမ္မာကျမ်းစာ)ကို လူ့ဉာဏ်အားဖြင့် မှန်ကန်စွာနားမလည်နိုင်ပါ။ ဝိညာဉ်တော်က နှုတ်ကပတ်တော်ကို နားလည်အောင် ဖွင့်ပြသွန်သင်ပေးနေရုံမက နေ့စဉ်အသက်တာအရေးကိစ္စတွေမှာလည်း အလိုတော်နဲ့အညီဖြစ်အောင် သွန်သင်ပေးပဲ့ပြင်ပေးနေပါတယ်။ ယုံကြည်သူဟာ အပြင်က ပညတ်တရားရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိဘဲ အတွင်းထဲက ဝိညာဉ်တော်ရဲ့ ဦးဆောင်ပဲပြင်မှု အောက်မှာသာ ရှိနေတာဖြစ်ပါတယ်။

- ခရစ်တော်၏ သက်သေခံဖြစ်စေခြင်း (တမန်၊ ၁း၈)။ ခရစ်တော်ဟာ ကယ်တင်ရှင်ဖြစ်ကြောင်း အသက်တာနဲ့ရော နှုတ်နဲ့ပါ ရဲရဲရင့်ရင့် သက်သေခံကြေညာနိုင်ဖို့အတွက် ယုံကြည်သူရဲ့ အထဲမှာ ဝိညာဉ်တော်က တန်ခိုးပေးလျက်ရှိနေပါတယ်။ ရှိတဲ့နေရာမှာ ခရစ်တော်အကြောင်းကို တန်ခိုးနဲ့ သက်သေခံနေသူဖြစ်အောင် ဝိညာဉ်တော်က လုပ်ပေးနေပါတယ်။ မိမိအတွင်းထဲမှာ လာရောက်ကျိန်းဝပ်နေတဲ့ ဝိညာဉ်တော်နဲ့ပတ်သက်ပြီး ယုံကြည်သူ အတွက် သတိပြုရမယ့်အချက်(၂)ချက်ရှိပါတယ်။

(ခ) ဝိညာဉ်တော်ကို စိတ်နာစေခြင်း
ဝိညာဉ်တော်က ဘုရားမနှစ်သက်တဲ့ အရာတွေမလုပ်ဖို့ ကျွန်တော်တို့အထဲကနေ နူးညံ့သိမ်မွေ့စွာ တားဆီးပေးနေပါတယ်။ ဝိညာဉ်တော်ရဲ့ ဆီးတားချက်ကို ဂရုမစိုက်ဘဲ ဇာတိအလိုလိုက်မိပြီး မလုပ်သင့်တာကို လုပ်ပြီဆိုရင် ဝိညာဉ်တော်ဝမ်းနည်းပါတယ်။ စိတ်နာပါတယ်။ အဲဒီအခါ ကျွန်တော် တို့ ကိုယ်တိုင်လည်း မပျော်နိုင်တော့ဘူး။
ကယ်တင်ခြင်းနဲ့ယှဉ်ပြီး ခံစားရတဲ့ ဝမ်းမြောက်ခြင်းလည်း ဆုံးရံှုးပါတယ်။ ဒါကြောင့် အပြစ်မလုပ်ဖို့၊ မာနမကြီးဖို့ တားမြစ်နေတဲ့ ဝိညာဉ်တော် ရဲ့ တားမြစ်ချက်ကို နှလုံးသားနဲ့ရင်းပြီး နာခံတတ်ဖို့ လိုပါတယ်။ ဝိညာဉ်တော်ရဲ့အုပ်စိုးမှုကို နာခံတတ်ပြီးသားပါ။ ဇာတိသဘောကတော့ ဘုရားကို အမြဲဆန့်ကျင်နေတတ်တဲ့အတွက် ဇာတိအလိုလိုက်မိခြင်းဟာ ဝိညာဉ်တော်ကို စိတ်နာစေရာရောက်ကြောင်း သတိပြုရမှာ ဖြစ်ပါတယ်။

(ဂ) ဝိညာဉ်တော်၏ အရှိန်ကို ငြိမ်းစေခြင်း
ပြောင်းလဲပြီးတဲ့ ယုံကြည်သူ တစ်ယောက်အနေနဲ့ လောကမှာ ဆက်လက်အသက်ရှင်နေရတဲ့ အကြောင်ရင်းဟာ ဘုရားအလိုတော်ကို ဆောင်ဖို့ တစ်နည်းအားဖြင့် ဘုရားခိုင်းတာကို လုပ်ဖို့သာဖြစ်ပါတယ်။ အဲဒါကြောင့် ဘုရားက မိမိကို ခိုင်းထားတာတွေလုပ်နေဖို့ ဝိညာဉ်တော်အားဖြင့် အထဲကနေ နှိုးဆော်ခိုင်းစေနေပါတယ်။ ဥပမာ ကျမ်းစာလေ့လာဖို့၊ ဆုတောင်းဖို့၊ ခရစ်တော်အကြောင်း သက်သေခံဖို့၊ ဧဝံဂေလိလှုပ်ရှားမှုတွေမှာ လူကိုယ်တိုင်ဖြစ်ဖြစ်၊ ငွေကြေးဥစ္စာနဲ့ဖြစ်ဖြစ် ပါဝင်ဖို့၊ သူတစ်ပါးအကျိုးအတွက် လက်တွေ့လုပ်ဆောင်ဖို့ စတာတွေကို ဝိညာဉ်တော်က နှိုးဆော်ခိုင်းစေနေပါတယ်။

 မိမိကို တစ်စုံ တစ်ခုလုပ်ဖို့ ဝိညာဉ်တော်က နှိုးဆော်နေမှန်းသိပါလျက်နဲ့ လက်တွေ့မလုပ်ဘဲနေခြင်းဟာ ဝိညာဉ်တော်ရဲ့ အရှိန်ကို ငြိမ်းစေပါတယ်။ ပြောင်းလဲပြီးသူ တစ်ယောက်အနေနဲ့ ဘာတွေရှောင်ရမယ်၊ ဘာတွေလုပ်ဆောင်ရမယ်ဆိုတာတွေကို ဝိညာဉ်တော်က အမြဲတစေ ဖော်ပြပေးနေပါတယ်။ ရှောင်ကြဉ်နိုင်ဖို့ အတွက် တားမြစ်နေတာကို နားမထောင်ရင် ဝိညာဉ်တော် စိတ်နာမယ်။ လုပ်ဆောင်ဖို့နှိုးဆော်နေတာကို နားမထောင်ရင် ဝိညာဉ်တောင် အရှိန်ကို ငြိမ်းစေမယ်ဆိုတာကို အထူးသတိထားရမှာ ဖြစ်ပါတယ်။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....