Friday, 18 March 2016

ပြောင်းလဲသူ၏ ဖြစ်စဉ် ABOUT THE NEW LIFE

ခရစ်တော်၌လူသစ် အခန်း (၁၀)
ပြောင်းလဲသူဟာ ခရစ်တော်နဲ့ ထပ်
တူထပ်မျှ ဖြစ်ပါတယ်။ ဒီလိုဖြစ်အောင်
 ဘုရားတန်ခိုးတော်က လုပ်ဆောင်
ပေးတာ ဖြစ်ပါတယ်။ ဒီတန်ခိုး တော်နဲ့
လုပ်ဆောင်ပေးခြင်း အကျိုးရလဒ်ကို
ယုံကြည်ခြင်းနဲ့ ဝန်ခံပြီး ခံစားရရှိကြောင်
 ပြောခဲဲ့ပြီးပါပြီ။ ဘယ်တော့မှ မပြောင်းလဲ၊
မပျောက်ပျက်နိုင်မယ့် ထာဝစဉ် တည်မြဲတဲ့
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဖော်ပြချက်ဖြစ်ပါတယ် (ယော၊၁၄း၂၀)။

ဒါကြောင့် ယုံကြည်(ဝန်ခံ)သူဟာ
၁။ ဘုရားထည့်ထားပေးခြင်းကြောင့် ခရစ်တော်ထဲမှာ ရှိနေပါတယ် (၁ကော၊၁း၃၀)။
၂။ ခရစ်တော်နဲ့အတူ သေခြင်းအားဖြင့် လူဟောင်းဘဝ အဆုံးသတ်ပါတယ် (ရော၊၆း၆)။
၃။ သင်္ဂြိဟ်ခံခဲ့တဲ့ လက္ခဏာအနေနဲ့ ရေနှစ်ခြင်းမင်္ဂလာခံခြင်း ဖြစ်ပါတယ် (ရော၊၆း၄)။
၄။ ခရစ်တော်နဲ့အတူ ရှင်ပြန်ထမြောက်ပြီး လူသစ်ဖြစ်လာပါတယ် (၁ပေ၊၁း၃)။
၅။ ခရစ်တော်နဲ့အတူ ကောင်းကင်ကို တက်သွားပါတယ် (ဧဖက်၊၂း၆။ ကော၊၃း၃)။
၆။ ဒီကမ်ဘာလောကမှာ ဘုရားအလိုတော်ကိုဆောင်ဖို့ ပုပ်ပျက်တတ်တဲ့ မြေကြီးခန္ဓာထဲမှာ ခေတ္တာလာနေရပါတယ် (၂ကော၊၅း၁-၉)။

ယုံကြည်သူဟာ ဤလောကမှာ ကိုယ်တော်နည်းတူ ဖြစ်နေပါတယ် (၁ယော၊၄း၁၇)။
လောကသား၊ မြေကြီးသားဆိုတဲ့ လူဟောင်းဘဝဟာ ကားတိုင်မှာ ပြီးဆုံးခဲ့ပြီး ကောင်းကင်သားက လောကသို့ အလိုတော်ဆောင်ရန် ဘုရားစေ လွှတ်ခြင်းခံသူ ဖြစ်နေပါပြီ။
ယုံကြည်သူရဲ့ အသက်တာဟာ နှစ်ပိုင်းရှိပါတယ်။ မြေကြီး(လောက)မှာ ရှိတဲ့အပိုင်းနဲ့ ကောင်းကင်မှာ ရှိတဲ့အပိုင်းတို့ ဖြစ်ပါတယ်။ လောကမှာ အလိုတော်ကိုဆောင်ဖို့ ရောက်နေတဲ့တစ်ချိန်တည်းမှာပဲ ကောင်းကင်မှာလည်း ရှိနေပါတယ်။ ခရစ်တော်ရဲ့ ဘုန်းကို ပိုင်ခွင့်ရထားလို့ဖြစ်တယ် (၂သက်၊ ၂း၁၄ နဲ့ ယော၊၃း၁၃ တို့ကို လေ့လာကြည့်ပါ)။

ဥပမာ - လှေပေါ်မှာ ရှိနေတဲ့ တံငါသည်ဟာ လက်ထဲက ပိုက်ကွန်ကို ရေထဲပစ်ချလိုက်တဲ့အခါ အဲဒီပိုက်ကွန် ဘယ်မှာရှိနေသလဲ။ တစ်ပိုင်းက ရေထဲမှာရှိနေသလို တစ်ပိုင်းက လှေပေါ်က တံငါသည်ရဲ့ လက်ထဲမှာ ရှိနေဆဲပဲ ဖြစ်ပါတယ်။ တံငါသည်ဟာ ငါးလိုချင်တဲ့ဆန္ဒနဲ့ ရည်ရွယ်ချက်ကြောင့် ကွန်ကို ခေတ္တရေထဲချထားခြင်းဖြစ်တယ်။အချိန်တန်ရင်ပြန်ဆွဲတင်မှာပါ။ဒီလိုပဲယုံကြည်သူတစ်ဦး(လူသစ်)ရဲ့အသက်တာဟာလဲမြေကြီးပေါ်သို့စေလွှတ်ခြင်းခံရတဲ့တစ်ချိန်တည်းမှာပဲကောင်းကင်(ဘုရားလက်တော်ထဲ)မှာလည်းရှိနေပါတယ်။ ဘုရားစေလွှတ်ထားတဲ့ ရည်ရွယ်ချက်ကတော့ သူ့အားဖြင့် အခြားသူတွေပြောင်းလဲဖို့ ဖြစ်ပါတယ်။ အချိန်တန်ရင် ကောင်းကင်ကို ပြန်ခေါ်ယူမှာဖြစ်ပါတယ်။ အဲဒီအခါကျရင် ဝမ်းမြောက်ဝမ်းသာ ပြန်သွားရုံပါပဲ။
ယုံကြည်သူရဲ့ အသက်တာ နှစ်ပိုင်းထဲက လောကမှာရှိနေတဲ့ အပိုင်းကို အနီးကပ်လေ့လာကြည့်မယ်ဆိုရင် ဇာတိပိုင်းနဲ့ဝိညာဉ်ပိုင်းဆိုပြီး နှစ်ပိုင်း ရှိနေပြန်ပါတယ်။

(က) ဇာတိပိုင်း
သွေးသားနဲ့ ဆိုင်တဲ့အပိုင်း၊ ဗီဇဟောင်းနဲ့ ဆိုင်တဲ့အပိုင်း ဖြစ်တယ်။ အပြစ်တရားခိုအောင်းရာ အပိုင်းလည်းဖြစ်တယ်။ အပြစ်တရား ဆွဲငင်ရာ နောက်ကို လိုက်ပါတတ်တဲ့အတွက် အပြစ်တရား၏ ကိုယ်လို့လဲခေါ်ပါတယ်။ ဒီဇာတိပိုင်းမှာ အဆိုးတွေချည်းမဟုတ်ဘဲ အကောင်းတွေလည်းပါတယ်။ လူသစ်အဖြစ်ကို မရောက်ဘဲ လူဟောင်းအဖြစ်နဲ့ ကြိုးစားကျင့်ကြံသမျှတွေ အားလုံးပါပါတယ်။
ပေါလုဟာ သူမပြောင်းလဲခင်ကတည်းက ဘာသာတရား ကိုင်းရှိုင်းခဲ့တယ်။ တရားကျင့်ပြီး ကိုယ်ကျင့်တရားကောင်းခဲ့တယ်။ခရစ်ယာန်တွေကိုသူညှင်းဆဲခဲ့ခြင်းဟာလည်းသူခံယူထားတဲ့အမှန်တရားအပေါ်မှာ သစ္စာရှိရှိရပ်တည်ခဲ့ခြင်းသာဖြစ်တယ်။ သို့သော် သူပြောင်းလဲပြီးတဲ့နောက်ပိုင်းမှာ ဒါတွေ အားလုံးဟာ ဇာတိနဲ့ဆိုင်တဲ့ အပိုင်းတွေဖြစ်တယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။
ဇာတိပိုင်းဟာ ဇာတိနဲ့ဆိုင်တဲ့ မျိုးရိုး(လူမျိုး) ဓလေ့ထုံးစံ အကျင့်စရိုက် အလိုဆန္ဒတွေကို စွဲလမ်းတဲ့ သဘောရှိတယ်။

(ခ) ဝိညာဉ်ပိုင်း
ဘုရားဖြစ်ဖွားစေတဲ့ လူသစ်ပိုင်းဖြစ်တယ်။ အပြစ်တရားရဲ့ ကျွန်မဟုတ်တဲ့အတွက် အပြစ်တရားဆွဲငင်ရာကို လုံးဝမလိုက်ဘဲ ဘုရားအလိုတော်ကို သာ အကြွင်းမဲ့ လိုက်တတ်သူဖြစ်တယ်။ ဝိညာဉ်ပိုင်းဟာ ဆိုးတာတွေကို မလုပ်သလို ကောင်းတာတွေကိုလည်း မလုပ်ဘူး။ ဘုရားခိုင်းတာကိုပဲ လုပ်တတ် တယ်။ ဝိညာဉ်ပိုင်းဟာ ဘုရားနဲ့ဆိုင်တာတွေ၊ ဝိညာဉ်ရေးနဲ့ဆိုင်တာတွေ စွဲလမ်းတဲ့သဘောရှိတယ်။ ကိုယ့်ကိုယ်ကိုရော၊ သူတစ်ပါးကိုပါ ဝိညာဉ်အမြင်နဲ့ ရှုမြင်သုံးသပ်တတ်တယ်။
ဒါကြောင့် ယုံကြည်သူရဲ့ အသက်တာဟာ လောကမှာ ခေတ္တနေရစဉ် ဇာတိပိုင်းနဲ့ ဝိညာဉ်ပိုင်းပေါင်းစပ်ပြီး နေနေရတဲ့ သဘောဖြစ်တယ်။ ဒီနှစ်ပိုင်းထဲမှာ ယုံကြည်သူရဲ့ အဓိကအပိုင်းဟာ ဝိညာဉ်ပိုင်းသာဖြစ်ပြီး ဇာတိပိုင်းဟာ သူ့ရဲ့အနီးကပ်ရန်သူ ဖြစ်လာပါတယ်။ ငြင်းပယ်တိုက်လှန်ရမယ့် အပိုင်းသာဖြစ်ပါတယ်။ ခင်တွယ်စွဲလမ်း တန်ဖိုးထားရမယ့် အပိုင်းမဟုတ်တော့ပါဘူး။
ယုံကြည်သူရဲ့အသက်တာမှာ ဇာတိပိုင်းနဲ့ ဝိညာဉ်ပိုင်းဟာ အစဉ်ပဲ တစ်ဘက်နဲ့တစ်ဘက် ဆန့်ကျင်တိုက်ခိုက်နေပါတယ်။ ဇာတိလွှမ်းမိုးနေတဲ့ အသက်တာဟာ ရံှုးနိမ့်တဲ့ အသက်တာဖြစ်ပြီး ဝိညာဉ်သဘော လွှမ်းမိုးနေသူကတော့ လူသစ်ဖြစ်စေတဲ့ ဘုရားရဲ့ကျေးဇူးတော်၊ ဘုန်းတော်ကို ထင်ရှား စေရင်း အောင်မြင်နေတဲ့ အသက်တာဖြစ်ပါတယ်။

(ဂ) အောင်မြင်ခြင်း
ဇာတိပိုင်းကို အောင်မြင်အနိုင်ယူပြီး ဝိညာဉ်သဘော ဖုံးလွှမ်းနေအောင် ဘယ်လို အသက်ရှင်နိုင်မလဲ။ အချက်(၃)ချက် လိုပါတယ်။

၁။ သိရမယ့်အချက် -ငါ့ရဲ့လူဟောင်းဟာခရစ်တော်နဲ့အတူလက်ဝါးကပ်တိုင်မှာ သေပြီ။ ချုပ်ငြိမ်းပြီးပြီဆိုတာ သိဖို့ဖြစ်တယ်။(KNOW)

၂။ သတ်မှတ်ရမယ့်အချက် -ခရစ်တော်နဲ့အတူရှင်ပြန်ထမြောက်ခြင်းအားဖြင့် ငါဟာလူသစ်လုံးလုံးလျားလျား ဖြစ်နေပြီ။ ဒါကြောင့် ငါဟာ (RECKON) အပြစ်နဲ့ ဆိုင်တဲ့အရာတွေအတွက် သေပြီ၊ ဘုရားအလိုတော်ကို ဆောင်ဖို့ အသက်ရှင်နေတာသာ ဖြစ်တယ်လို့ သတ်မှတ်ထား ရပါမယ်။

၃။ အပ်နှံရမယ့်အချက် - အသွေးအသားနဲ့ တည်ဆောင်ထားတဲ့ ဒီငါ့ရဲ့ကိုယ်ခန္ဓာဟာ စာတန်က ဘုရားကိုပြန်ပြီး တိုက်ခိုက်တဲ့နေရာမှာ (YIELD) ကိုင်တွယ် အသုံးချနေတဲ့ ဒုစရိုက်လက်နက် မဖြစ်စေဘဲ ဘုရားက ကိုင်တွယ်အသုံးပြုနေတဲ့ သုစရိုက် လက်နက်ပဲ ဖြစ်ရမယ်ဆိုပြီး ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို အပြစ်တရားအတွက် မဟုတ်။ ဘုရားအတွက် ဆက်ကပ် အပ်နှံရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ကိုယ်အင်္ဂါတွေဟာ ကျေးဇူးတော်ကြောင့် ကျွန်တော်တို့ လူသစ်ဖြစ်ပြီဆိုတဲ့အကြောင်းကို ပေါ်လွင်ထင်ရှားစေနိုင်သလို၊ လူသစ်ဖြစ်ခြင်းကို မပေါ်လွင်အောင်လည်း ဖုံးကွယ်ထားတတ်ပါတယ်။ ကိုယ်အင်္ဂါတွေကို ဇာတိသဘောနဲ့ သုံးမလား၊ ဝိညာဉ်သဘောနဲ့ သုံးမလားဆိုတာ ကို ရွေးချယ်ဆုံးဖြတ်ဖို့ လိုပါတယ်။

မပြောင်းလဲသောသူ တစ်ယောက်နေနဲ့ အကောင်းလုပ်မလား၊ အဆိုးလုပ်မလား ဆိုတာပဲရွေးချယ်ရပါတယ်။ အဆိုးလုပ်ရင် အဆိုးရဲ့အကျိုးဆက် တွေ ခံစားရမှာဖြစ်ပြီး အကောင်းလုပ်ရင် အကောင်းလုပ်ခြင်းအကျိုးတွေဖြစ်တဲ့ ကိုယ့်ကိုယ်ကို ကျေနပ်ခြင်း၊ သူတစ်ပါးကြည်ညိုလေးစား ချီးမွမ်းခြင်း စတာတွေ ခံစားရမှာဖြစ်တယ်။ ဒီထက်တော့ မပိုပါဘူး။

ပြေင်းလဲပြီးသူကတော့ ဇာတိ(လူဟောင်း) လူအဖြစ်နဲ့ အသက်ရှင်မလား ဝိညာဉ်(လူသစ်)အဖြစ်နဲ့ အသက်ရှင်မလားဆိုတာကို ရွေးချယ်ရ ပါတယ်။ ဘုရားလုပ်ပေးလို့ ငါလူသစ်ဖြစ်ပြီဆိုတဲ့ စိတ်ချမှုရှိလာသူဟာ လူသစ်အဖြစ်နဲ့ ပီပီပြင်ပြင်အသက်ရှင်လာမှာ ဖြစ်ပါတယ်။ လူသစ်အနေနဲ့ အသက်ရှင်လာပြီဆိုရင် လူဟောင်း(ဇာတိ)နဲ့ ဆိုင်တာတွေကို အလိုအလျှောက် ငြင်းပယ်ပြီးသားဖြစ်လာမှာပါ။

နေ့စဉ် အသက်တာမှာ ကိုယ့်ကိုယ်ကို လူသစ်အဖြစ်နဲ့ ခံယူအသက်ရှင်ရင်း လူဟောင်းနဲ့ဆိုင်တဲ့ အရာတွေကို ငြင်းပယ်နေခြင်းဟာ ကိုယ့် လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်းပြီး သခင့်နောက်ကို လိုက်နေခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ အောင်မြင်ခြင်းပါ။ ကိုယ့်အားဖြင့် ဘုရားသခင်ရဲ့ အောင်မြင်ခြင်း ထင်ရှားနေတာဖြစ်ပါတယ်။ မပြောင်းလဲသေးသူတွေ ဇာတိခွန်အားနဲ့ ကြိုးစားပြီး ဘုရားအလိုတော်ကို လိုက်နေခြင်းနဲ့တော့ လုံးဝကွာခြား လှပါတယ်။ လူသစ်တစ်ယောက် ဘုရားအလိုတော်လိုက်နေခြင်းဟာ ကြိုးစားကျင့်ယူရတဲ့ ကျင့်စဉ်မဟုတ်ဘဲ အလိုအလျောက်ဖြစ်နေတဲ့ ဖြစ်စဉ်သာ ဖြစ်ပါတော့တယ်။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....