Tuesday, 22 October 2013

ကယ်တင်ခြင်းသင်ခန်းစာ(၁၃)

 သင်ခန်းစာ(၁၂)၌ လူသည် အပြစ်နှင့် ပတ်သက်၍ သော်လည်းကောင်း၊ ပညတ်တော်နှင့် ပတ်သက်၍ သော်လည်းကောင်း၊ ထာဝရ အသက်ရဖို့နှင့် ဒုတိယမွေး ဖွားဖို့သော် လည်းကောင်း၊ အာဒံ အမျိုးမှ အဆက်ပြတ်ဖို့ သော်လည်းကောင်း၊ မတတ်နိုင်ဟု သင်ခဲ့ ရပြီ။ သို့သော် လူမတတ်နိုင် သောအမှုကို ဘုရားသခင် တတ်နိုင်တော် မူ၏ (မ၊ ၁၉း ၂၃-၂၆)။ ဘုရားသခင် သည် လူမတတ်နိုင်သော အထက်ပါပြဿနာ အားလုံးကို ခရစ်တော်အားဖြင့် ဖြေရှင်းပေးကြောင်းကို ဆက်လေ့လာကြစို့။

ဒုစရိုက်အပြစ်
    ပထမဦးစွာ ဘုရားသခင်သည် ဒုစရိုက်အပြစ်ကို မည်ကဲ့သို့ဖြေရှင်းပေးကြောင်း လေ့လာရကြမည်။ ဒုစရိုက်အပြစ်သည် အပြစ်သားမကျူးလွန်သော
အပြစ်ဖြစ်သည်။ ထိုအပြစ်သည် ဘုရားအမြင်၌သာမက လူ့အမြင်၌လည်း အပြစ်ရှိသည်။ ထို့ကြောင့် ဒုစရိုက်အပြစ်သည် လူ၏ စိတ်ကိုထိခိုက်စေသည်။ ဒုစရိုက်အပြစ် ကျူးလွန်သည် မိမိအပြစ်ကိုသိသောကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကိုပင် လက်မခံရဲလောက်အောင် စိတ်အနှောက်အရှောက် ပေးနိုင်သည်။ ထိုဒုစရိုက်အပြစ်ကင်းမှ ဘုရားသခင်၏ ကျေးဇူးတော်၌ ရွင်လန်း ဝမ်းမြောက်နိုင်မှာဖြစ်သည်။
 
အသွေးအားဖြင့်
    ဒုစရိုက်အပြစ်ကို အသွေးအားဖြင့် ဖြေလွှတ်နိုင်သည်။
    ကျမ်းစာက၊ သင်တို့ပြုသော အပြစ်ကိုဖြေစေခြင်းငှာ၊ ထိုအသွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။ လူအပြစ်ကိုဖြေသော အရာကား အသွေးဖြစ်သတည်း (ဝတ်၊ ၁၇း ၁၁)။ ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာတို့ကို ကုန်မတတ် အသွေးအားဖြင့် စင်ကြယ်စေတတ်၏။ အသွေးမသွန်းလောင်းပဲ အပြစ် လွှတ်ခြင်း မရှိ ဟုဆိုသည်။ (ဟေ၊ ၉း ၂၂)။
    ဘုရားသခင်က လူအပြစ်ကို အသွေးအားဖြင့်သာ ဖြေလွှတ်နိုင်သည်ဟုဆိုသည်။ သို့ဖြစ်လျှင် အပြစ်ကို အသွေးအားဖြင့် မည်ကဲ့သို့ ဖြေလွှတ်မည်နည်း။ ဤအကြောင်းကို သိနိုင်ရန် ဣသရေလလူတို့၏အပြစ် ဖြေရာ ယဇ်ပူဇော်ခြင်း အကြောင်းကို လေ့လာဖို့လိုသည်။ တဖန်ယဇ်ပူဇော်ခြင်း နားလည်နိုင်ရန် ကဲတော်အကြောင်းကို လည်း သိထားဖို့လိုသည်။

တဲတော်
    တဲတော်အစစ်သည် ကောင်းကင်ဘုံ၌ရှိသည်။ ဘုရားသခင်သည် မောရှေအား သိနာတောင်ပေါ်၌ ထိုကောင်းကင်တဲတော်ကို ပြခဲ့သည်။ ထိုကောင်းကင်တဲတော်နှင့်တူသော တဲတော်ကို မြေကြီးပေါ်၌ ဆောက်ခိုင်းသည်(ထွ၊ ၂၅း ၉)ယဇ်ပူဇော်ခြင်း မှန်သမျှကို တဲတော်၌သာပြုရသည်။ တဲတော်၌ ယဇ်ပူဇော်ခြင်း ကို သိနားလည်းခြင်းဖြင့်၊ ကောင်းကင်၌ ယဇ်ပူဇော်ခြင်းကို နားလည်နိုင်သည်။ ထို့ကြောင့် ယဇ်ပူဇော်ခြင်းနှင့် တဲတော်အကြောင်း သိဖို့ရန် အလွန်အရေးကြီးသည်။
 
ဝင်းအကာ
(၁) တဲတော်ဝင်းကို ပိတ်ချောဖြင့် ကာထား၍ အလျားအတောင်တရာ၊ အနံအတောင်ငါးဆယ်၊ အမြင့် ငါးတောင်ရှိသည် (ထွ၊ ၂၇း ၉)။
 
ဝင်းတံခါး
(၂) ဝင်းတံခါးဝသည် အရှေ့ဘက်၌ရှိ၍ အတောင်နှစ်ဆယ်ရှိသည် (ထွ။ ၂၇း ၁၅)။
 
တဲတော်
(၃) တဲတော်ဝင်းအတွင်း အနောက်ဘက်ကပ်၍ အောက်ထားသည်။
    တဲတော်သည် အလျား အတောင်သုံးဆယ် အနံဆယ်တောင်ရှိသည်။
 
အသန့်ရှင်းဆုံးဌာန
(၄) တဲတော်ကို နှစ်ပိုင်းပိုင်း၍ အတွင်းဘက်အပိုင်းကို အသန့်ရှင်ဆုံးဌာနဟုခေါ်သည်။ ထိုဌာန၌ ပဋိ့ညာဉ် သေတ္တာရှိ၍ ထာဝရဘုရားကျိန်းစပ်ရာနေရာဖြစ်သည် (ထွ၊ ၂၆ း ၃၃)။ ထိုအသန့်ရှင်းဆုံးအခန်းသည် ဆယ်တောင်ပတ်လည်ရှိ၍ ယဇ်ပုရောဟိတ်အကြီး (သို့) ဘိသိက်ခံသောယဇ်ပုရောဟိတ်သာလျှင် တနှစ်တခါ ဝင်ခွင့်ရှိသည်။
 
(၅) သန့်ရှင်းရာဌာန
    သန့်ရှင်းရာဌာနတည်တဲတော်၏ အပြင်ဘက်အခန်း ဖြစ်သည်။ အလျားအတောင်နှစ်ဆယ်အနံ ဆယ်တောင် ရှိသည်။ ထိုအခန်းထံ၌ နံ့သာပေါင်းမွေးမီးရှို့ရာယဇ်ပလ္လင်၊ ရွှေမီးခုံနှင့်ရှေ့တော် မုန့်တင်သော စားပွဲရှိသည်။ ထိုအခန်းကဲ့သို့ ယဇ်ပုရောဟိတ်များသည် နေ့တိုင်း ဝင်ရသည် (ထွ၊ ၂၆ း ၃၃)
 
(၆) ကုလားကာ
    သန့်ရှင်းရာဌာနနှင့် အသန့်ရှင်းဆုံးဌာနကိုသာထားသော အရာကို ကုလားကာဟုခေါ်သည် (ထွ၊ ၂၆ း ၃၁)။ အသန့်ရှင်းဆုံးဌာနထဲသို့ ဘိသိတ်ခံသော ယဇ်ပုရောဟိတ်သည် ဝင်သောအခါ ကုလားကာကို ဖြတ်ကျော်ရမည်။
 
(၇) ပဋိညာဉ်သေတ္တာ
    ပဋိညာဉ်သေတ္တာသည် အတာရှသစ်သားဖြင့် ပြုလုပ်ထ၍ ရွှေဖြင့် မွမ်းမံထားသည်။ အထဲ၌ ပညတ်တော် ဆယ်ပါးရေးထားသော ကျောက်ပြားနှစ်ချပ်ရှိသည်။ သေတ္တာအပေါ်ဖုံးကို ဂရုဏာပလ္လင်ဟုခေါ်၍ ရွှေစင်ဖြင့် လုပ်ထားသည်။ ထိုကောင်းကင်တမန်နှစ်ပါး အလယ်၌ ဘုရားသခင်သည် မိုးတိမ်ဖြင့် ကျိန်းဝပ် သည်။ ဂရုဏာပလ္လင်သည် ကောင်းကင်ရှိ ဘုရားပလ္လင်တော်ကို ပုံဆောင်သည် (ထွက်၊ ၂၅ း ၁၀-၂၂)
 
(၈) နံ့သာပေါင်းမွေးမီးရှို့ရာပလ္လင်
    အကာရှသစ်ဖြင့်လုပ်၍ ရွှေဖြင့်မွမ်းမံထားသည်။ ထိုပလ္လင်၌ ယဇ်ပုရောဟိတ်များသည် နံနက်တခါ ညတခါ နံ့သာပေါင်းကို မီးရှို့တတ်သည်။ ဆုတောင်းခြင်းကို ပုံဆောင်သည် (ထွက်၊ ၃၀ း ၁-၁၀)။
 
(၉) ရွှေမီးခုံ
    သန့်ရှင်းရာဌာန တောင်ဘက်ကပ်၍ထားသော ရွှေမီးခုံသည် ရွှေစင်ဖြင့် ပြုလုပ်၍ အလယ်ခုနှစ်ခု၌ မီးခွက်နှစ်ခုရှိသည်။ ယဇ်ပုရောဟိတ်များက နေ့ညမပြတ် ရွှေမီးခုံ၌ မီးထွန်းထားသည်။ ကျမ်းစာဖတ်ခြင်းနှင့် ဝိညာဉ်အလင်းရလာခြင်းကို ပုံဆောင်သည် (ထွ၊ ၂၅ း ၃၁-၄၀)။
 
(၁၀) ရှေ့တော်မုန့်တင်သောစားပွဲ
    သန့်ရှင်းရာဌာန မြောက်ဘက်ကပ်၍ထားသော စားပွဲကို အကာရှသစ်ဖြင့်လုပ်၍ ရွှေဖြင့် မွမ်းမံထားသည်။ တဆေးမဲ့မုန့်ပြား ဆယ့်နှစ်ချပ်ကို ထားသည်။ ဥပုသ်နေ့တိုင်း ယဇ်ပုရောဟိတ်များက အသစ်လဲသည် (ထွ၊ ၂၅ း ၂၃-၃၀)။
 
(၁၁) ကြေးဝါအင်တုံ
    တဲတော်ရှေ့ပရိသတ်စည်းဝေးရာ၌ ရှိသည်။ ရေသည့် ရန်အဆင့်နှစ်ဆင့်ရှိသည်။ ယဇ်ပုရောဟိတ်များ ခြေလက်ဆေးရန် ရေထည့်ထားသည် (ထွ၊ ၃၀ း ၁၇-၂၁)။
 
(၁၂) ကြေးဝါယင်ပလ္လင်
    ကြေးဝါယဇ်ပလ္လင်ကို မီးရှို့ရာ ယဇ်ပလ္လင်ဟုလည်း ခေါ်သည်။ အလျားငါးတောင်၊ အနံငါးထောင်၊ အမြင့်သုံးတောင်ရှိ၍ အကာရှသစ်ကို ကြေးဝါဖြင့် မွမ်းမံထားသည်။ ယဇ်ကောင်များ မီးရှို့ရာနေရာ ဖြစ်သည်။ လက်ဝါးကပ်တိုင်ကို ပုံဆောင်သည် (ထွ၊ ၂၇ း ၁-၇)။
 
(၁၃) ပရိသတ်စည်းဝေးရာတဲတော်တံခါးရှေ့
    ပရိသတ်များစည်းဝေးသောနေရာဖြစ်သည်။ ပရိသတ်များသည် တဲတော်ထဲသို့ ဝင်ခွင့်မရှိ။ တဲတော်ရှေ့ ကြေးဝါယဇ်ပလ္လင်နှင့် ကြေးဝါအင်တုံပတ်ဝန်းကျင်အထဲသာ ဝင်ခွင့်ရှိသည်။ ယဇ်ကောင်များ ဘုရားသခင်ထံ ဆက်ကပ်သောနေရာဖြစ်သည်။
မှတ်ချက် ။ ။ တဲတော်နှင့် တဲတော်တန်ဆာများကို အလွတ်ကျက်ထားပါ။

သင်ခန်းစာ(၁၃)မှ မေးခွန်းများ
၁။ ဒုစရိုက်အပြစ်ကို မည်သည့်အရာအားဖြင့် ဖြေလွှတ်နိုင်သနည်း။ ---------------------------
၂။ တဲတော်အကြောင်းကို အဘယ်ကြောင့် သိဖို့လိုသနည်း။ ---------------------------------
၃။ တဲတော်အစစ်သည် အဘယ်မှာရှိသနည်း။ --------------------------------------
၄။ တဲတော်၏ အတွင်းခန်းကို မည်သို့ခေါ်သနည်း။ ----------------------------------
၅။ အသန့်ရှင်းဆုံးဌာန၌ မည်သည့်အရာရှိသနည်း။ -------------------------------
၆။ သန့်ရှင်းရာဌာန၌ ရှိသောပစ္စည်းများ ဖော်ပြပါ။ ---------------------------------
၇။ အသန့်ရှင်းဆုံးနှင့်သန့်ရှင်းရာဌာနကို မည်သည့်အရာဖြင့် ကာထားသနည်း။ ----------------------
၈။ ကြေးဝါအင်တုံထဲ၌ မည်သည့်အရာထည့်ထားသနည်း။ -------------------------------
၉။ ကြေးဝါယဇ်ပလ္လင်သည် မည်သည့်အရာကို ပုံဆောင်သနည်း။ --------------------------------
၁၀။ ယဇ်ကောင်များကို မည်သည့်နေရာ၌ ဆက်ကပ်ရသနည်း။ --------------------------------

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....