Friday, 8 February 2013

ဝိညာဉ်တော်အလင်းပေးသောဩဝါဒ

       သမ္မာကျမ်းစာသည် ထူးခြားအံ့ဘွယ်သော စာအုပ်ဖြစ်၍ ထူးခြား အံဘွယ်သောဆရာမရှိလျှင်နားမလည်နိုင်ပါ။ ဘုရားသခင်၏ဝိညာဉ်တော် သည် သမ္မာကျမ်းစာကိုရေးသားသော စာရေးသူ(၂တိ၊၃း၁၆၊ ၂ပေ၊၁း၂၁)နှင့် ကျမ်းစာကို အနက်အဓိပ္ပာယ်ပြန်ဆိုသူဖြစ်သည် (ယော၊ ၁၄း၂၆၊ ၁၆း၁၃၊၁၄)။ ဇာတိပကတိလူသည် ဘုရားသခင်၏ဝိညာဉ်တော်အရာကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာဖြစ်သည်ဟုထင် တတ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့် ပိုင်းခြား၍ နားလည်နိုင်သောကြောင့်ဇာတိပကတိလူသည် နားမလည်နိုင်(၁ကော၊၂း ၁၄)။

          ဒုတိယမွေးခြင်းမခံရသေးသူတစ်ဦးအနေနှင့် ဟားဗတ်(Harvard) တက္ကသိုလ်မှ (Ph. D) ဒေါက်တာဘွဲ့ကို ရယူခဲ့နိုင်သော်လည်း ဘုရားသခင်၏ လေးနက်သောအရာများကို နားမလည်နိုင်ပေ။ ကျေးဇူးတော်သည် မူလအခြေခံဖြစ်၍ ဇာပကတိလူ၏ ဆင်ခြင်စဉ်းစားခြင်းနှင့် ဆန့်ကျင်လျက်ရှိ၏။ခရစ်ယာန်တစ်ဦးအနေနှင့် ဘုရားသခင်၏ သမ္မာတရားများကို သဘောပေါက်နားလည်ပါက ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမသွန်သင်ခြင်းကိုခံရသူဖြစ်ရပေမည်။

            ကျမ်းစာလာသည်နှင့်အညီ ဘုရားသခင်ကို ချစ်သော သူတို့အဘို့အလို့ငှါ ဘုရားသခင်ပြင်ဆင်တော်မူသော အရာတို့ကို လူမျက်စိဖြင့် မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး (၁ကော၊ ၂း၉)။ အထက်ပါ ကျမ်းပိုဒ်ကို နောင်အနာဂတ်တွင် ဘုရားသခင်ဘုန်းထင်ရှားစေရန်အတွက် မကြာခဏအမှီပြုသော်လည်းအခြေခံကျသော သက်ဆိုင်မှုသည် ကျွနု်ပ်တို့ ယခုမျက်မှောက်၌ ခံစားရသော ကယ်တင်ခြင်းပင်ဖြစ်၏။ ထိုအရာတို့ကို ဘုရားသခင်သည် ငါတို့ကို ဝိညာဉ်တော်အားဖြင့်ဖော်ပြတော်မူ၏(၁ကော၊ ၂း၁၀)။ ကျွနု်ပ်တို့သည် ဘုရားသခင်၏သားများဖြစ်ကြလျှင်ဘုရားသခင်ပေးတော်မူသောအရာတို့ကိုသိခြင်းအလို့ငှါ ဘုရားသခင်ထံမှ ကြွလာသောဝိညာဉ်တော်ကို ခံရကြပြီ (၁ကော၊၂း၁၂)။

              ဒုတိယမွေးခြင်းခံပြီးသော ခရစ်ယာန်တစ်ဦးအနေနှင့် မိမိကိုယ်ပိုင် အသိဉာဏ်ကို အမှီပြု၍ သမ္မာကျမ်းစာကို လေ့လာသော် လည်းကြီးမြတ် သော ဘုရားသခင်၏ သမ္မာတရားများကို နားလည်နိုင်စွမ်းမရှိပါ။ ဝိညာဉ်တော်က သွန်သင်မှုရမှသာ ယုံကြည်သူအနေနှင့် ထာဝရလုံခြုံစိတ်ချမှု၏ သမ္မာတရားကို နားလည်သဘောပေါက်နိုင်မည်ဖြစ်သည်။

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....