Wednesday, 5 September 2012

ရုပ်ပုံထဲက စကားလုံးများ

ကျွန်တော်တို့ဟာ လက်ဝါးကပ်တိုင်အမျိုးမျိုးကို ထမ်းပိုးရင်း လူ့ဘဝလမ်းပေါ်မှာ ခက်ခက်ခဲခဲ ရှေ့ဆက်တိုးနေကြတယ်။ ဒီလက်ဝါးကပ်တိုင်ဟာ ကျွန်တော်တို့ရဲ့ ပညာရေး၊ အလုပ်အကိုင်၊ တာဝန်ဝတ္တရား စတဲ့အရာတွေ ဖြစ်ကောင်းဖြစ်မယ်။ ဒီအရာတွေက လောကကြီးထဲ ကျွန်တော်တို့ရှင်သန်နေတဲ့ အကြောင်းပြချက်ဖြစ်တယ်၊ ကျွန်တော်တို့ရဲ့တန်ဖိုးဖြစ်တယ်။

လူတိုင်းလူတိုင်း လေးလံတဲ့လက်ဝါးကပ်တိုင်ကို ထမ်းပိုးရင်း ရှေ့ကို နှေးနှေးကွေးကွေး၊ ခက်ခက်ခဲခဲ လှမ်းနေကြတယ်။


အဲဒီထဲက လူတစ်ယောက်ဟာ လမ်းခုလပ်အရောက်မှာ ရုတ်တရက်ရပ်လိုက်တယ်။ သူဘာတွေ တွေးနေမလဲ!

သူတွေးနေတာက ဘုရားသခင်... ဒီလက်ဝါးကပ်တိုင်က လေးလံလွန်းပါတယ်။ နည်းနည်းလောက် ဖြတ်ပစ်လိုက်မယ် ဆိုတာဖြစ်တယ်။

အဲဒီလိုနဲ့ လက်ဝါးကပ်တိုင်ကို သူနည်းနည်းဖြတ်ပစ်လိုက်တယ်။

တိုသွားတဲ့ လက်ဝါးကပ်တိုင်ကြောင့် သူပေါ့ပါးသွားတယ်။ ခြေလှမ်းတွေလည်း သွက်လာတယ်။

လျှောက်ရင်း လျှောက်ရင်း ကျောပေါ်က လက်ဝါးကပ်တိုင်ကို အရမ်းလေးတယ်လို့ သူခံစားမိပြန်တယ်။ 

အဲဒီလိုနဲ့ ဘုရားသခင်ကို သူပြန်ခွင့်တောင်းတယ်။ လက်ဝါးကပ်တိုင်ကို နည်းနည်းထပ်ဖြတ်လိုက်ရင် သူပိုပေါ့ပါး ပိုသွက်လက်လာမယ်လို့ဆိုတယ်။

လက်ဝါးကပ်တိုင်ကို သူ ထပ်ဖြတ်လိုက်ပြန်တယ်။


ဘုရားသခင်ကို သူကျေးဇူးတင်မိတယ်။ သူ ပေါ့ပါးသက်သာသွားတယ်လို့ ခံစားမိလို့ဖြစ်တယ်။

အဲဒီလိုနဲ့ သူဟာ အင်အားတွေ သိပ်စိုက်ထုတ်စရာမလိုဘဲ လူတွေရဲ့ရှေ့ဆုံးကို ရောက်သွားတယ်။ တခြားသူတွေ ခွန်အားစိုက်ထုတ်ပြီး ရှေ့ကိုဆက်တိုးနေချိန်မှာ သူက လေလေးတချွန်ချွန်နဲ့ ပေါ့ပါးလို့နေခဲ့တယ်။

ဒါပေမဲ့ မထင်မှတ်ဘဲ ရှေ့ဆက်တဲ့လမ်းပေါ်မှာ နက်နဲကျယ်ဝန်းတဲ့ မြောင်းကြီးတစ်ခု ရုတ်တရက်ပေါ်လာခဲ့တယ်။ မြောင်းပေါ်မှာ တံတားမရှိဘူး။ ဟိုဖက်ကမ်းကို ရောက်အောင်ပို့ပေးနိုင်တဲ့ ကယ်တင်ရှင်လည်း ရှိမနေခဲ့ဘူး။

သူ့နောက်ကလူတွေ သူ့ကိုတဖြည်းဖြည်း မီလာကြတယ်။ သူတို့က သူတို့လွယ်ပိုးထားတဲ့ လက်ဝါးကပ်တိုင်နဲ့ မြောင်းပေါ် တံတားလုပ်ပြီး ဖြတ်ကျော်ကြတယ်။

သူလည်း အဲဒီလို ကျော်ဖြတ်ချင်တာပါပဲ။ ဒါပေမဲ့ သူခုတ်ဖြတ်လိုက်လို့ တိုသွားတဲ့လက်ဝါးကပ်တိုင်က တံတားအဖြစ်နဲ့ မြောင်းကိုကျော်ဖြတ်ဖို့ သူ့ကို မကူညီနိုင်ခဲ့တော့ဘူး။


တခြားလူတွေ မြောင်းကိုကျော်ဖြတ်ပြီး ဦးတည်ရာပန်းတိုင်ကို ဆက်သွားနေချိန်မှာ သူဟာ နေရာမှာတင်ရပ်ပြီး နောင်တတွေနဲ့ ခေါင်းငိုက်စိုက် ကျန်ရစ်နေခဲ့တော့တယ်။

လူတိုင်းမှာ ကိုယ်နဲ့သက်ဆိုင်တဲ့ ကိုယ်ပိုင်လက်ဝါးကပ်တိုင်ကို ထမ်းပိုးထားကြတယ်။ ရုပ်ပုံထဲက လူတွေကလည်း အဲဒီလိုပဲ.... ရှေ့မှာ တားဆီးထားတဲ့အရာ ပေါ်လာတဲ့အခါ သူတို့ကျောပေါ်က လက်ဝါးကပ်တိုင်နဲ့ အတားအဆီးကို ကျော်ဖြတ်ကြပြီး ရှေ့ဆက်လှမ်းကြတယ်။ ဒါကြောင့် သင်ကြားမှုတွေ လေးလံခက်ခဲတယ်၊ အလုပ်အကိုင် ပင်ပန်းတယ်လို့ မညည်းတွားပါနဲ့။ တကယ့်ပျော်ရွှင်ခြင်းဆိုတာ ကြိုးပမ်းပြီးမှ ရလာတဲ့အရာဖြစ်တယ်။ ဆင်းရဲပင်ပန်းတာတွေ မတွေ့ကြုံ၊ မခံစားဖူးရင် ပျော်ရွှင်ခြင်းရဲ့ တကယ့်အနှစ်ကို ကျွန်တော်တို့ ခံစားရမှာမဟုတ်ပါဘူး။

နိုင်းနိုင်းစနေ

No comments:

Post a comment

ဤနေရာမှာအကြံပြုစာရေးခဲ့ပါ.....